ဒေသခံ PDF များတိုက်ခိုက်မှုကြောင့် သေနတ် ကိုးလက် ဆုံးရှုံးခဲ့သည့် အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီက ထောင်ဒဏ် နှစ် ၉၀ ချမှတ်

Author လင်းခိုင်
Categories
Published on Dec 04, 2022

ဒေသခံ PDF များတိုက်ခိုက်မှုကြောင့် သေနတ် ကိုးလက် ဆုံးရှုံးခဲ့သည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီက ထောင်ဒဏ် နှစ်၉၀ ချမှတ်ခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဒီဇင်ဘာ ၃ရက်တွင် ထုတ်ပြန်ထားသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ ပျော်ဘွယ်စံပြကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်ကို ဇူလိုင်လနှင့် စက်တင်ဘာလတွင် Natogyi PDF က နှစ်ကြိမ်၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေနတ်ကိုးလက်ကို PDF များက သိမ်းဆည်းခဲ့သည်။

ပထမအကြိမ်သည် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၉ ရက်က ဒေသခံ PDF များ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာဘိုင်တစ်လက်၊ ရှော့ဂန်းတစ်လက်နှင့် ကျည်အတောင့် ၂၀ ဆယ်သိမ်းဆည်းရမိခဲ့ကာ စစ်ဗိုလ်တစ်ဦး သေဆုံးခဲ့သည်။

ဒုတိယအကြိမ်သည် ၂၀၂၂ခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် ယင်းအုပ်ချုပ်ရေးမှူးနေအိမ်သို့ Natogyi PDF က ထပ်မံ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေအိမ်တွင် မည်သူမျှမရှိဘဲ သေနတ် ခုနှစ်လက်ကို တွေ့ရှိခဲ့သဖြင့် PDF များက သိမ်းယူခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ နှစ်ကြိမ်တိုင်တိုင် PDF များက သေနတ်များသိမ်းယူခြင်းခံခဲ့ရသည့် ပျော်ဘွယ်စံပြကျေးရွာ အုပ်ချုပ်ရေးမှူးကို ဒီဇင်ဘာလတွင် စစ်ကောင်စီက ထောင်ဒဏ်နှစ်ကိုးဆယ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

နို၀င်ဘာ ၃၀ ရက်တွင် လည်း မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာတွင် ပျူစောထီးများတွက် ထုတ်ပေးထားသည့် သေနတ် ၄လက်နှင့် ကျည်အတောင့် ၁၂၀ ကို ဒေသခံ PDF များက ရဲ၀တ်စုံဖြင့်ရောက်ရှိလာပြီး သိမ်းယူခဲ့သည့်အတွက် ယင်းအုပ်ချုပ်ရေးမှူးကို စစ်တပ်က ဖမ်းဆီးထားပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်းလည်းသိရသည်။