ဒေသခံများကို ပြည်သူ့စစ်လုပ်ရန် ဖိအားပေးနေသူ ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ

Author မင်းထက်
Categories
Published on Jan 23, 2024

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်တွင် ဒေသခံများကို ပြည်သူ့စစ်ထဲဝင်ရန် ဖိအားပေးလုပ်ဆောင်ခဲ့သည့် စစ်ကောင်စီခန့် ရာအိမ်မှူး ပျူစောထီးခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ Phoenix DF(Nattalin PDF) တပ်ခွဲစာရေးတာဝန်ခံ က CJ Platform သို့ ပြောသည်။

 

နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းအုပ်စု၊ ဆီဆုံကုန်းရွာနေ ရာအိမ်မှူး ဦးအုန်းမြင့် ကို ဇန်နဝါရီ ၂၂ ရက် ဒီမနက် ၁၀ နာရီခွဲခန့်က ဆီဆုံကုန်းရွာလယ်တံတားတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“သူ့ဆီကနေ ကျောပိုးအိတ်တစ်လုံးနဲ့ လက်ပစ်ဗုံးနှစ် လုံး သိမ်းဆည်းရမိတယ်”ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ Phoenix DF(Nattalin PDF) တပ်ခွဲစာရေးတာဝန်ခံက ပြောသည်။

 

အဆိုပါ ဦးအုန်းမြင့်ဆိုသူမှာ ဆီဆုံကုန်းရွာမှ ပြည်သူများအား ပြည်သူ့စစ် မဖြစ်မနေ ဝင်ရောက်ရမည်ဟု ကြိမ်းမောင်း ပြောဆိုကြောင်း ၊ ပြည့်သူ့စစ်ထဲမလိုက်လိုသော ပြည်သူ ၁၃ ယောက်စီမှ ငွေသားအနည်းဆုံးလေးသိန်းမှ ၁၅ သိန်းထိ ပေးရမည်ဟု တောင်းခံနေကြောင်း ၊ စစ်သားများနှင့်ပေါင်း၍ ပြည်သူများအား PDF ဟု စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ဦးအုန်းမြင့်အား ထိုသို့ ဆက်လက် မပြုလုပ်ရန် အကြိမ်ကြိမ် အသိပေးခဲ့သော်လည်း ၎င်းမှာ ပိုမိုပြုလုပ်လာသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ၊ ရှင်းလင်းခံရပြီးနောက် နောင်ညိုရဲကင်းမှ ရဲများက အခင်းဖြစ်ပွားရာနေရာအား စစ်ဆေးမှုများပြုလုပ်ကာ အလောင်းအား သယ်ဆောင်သွားကြောင်း သိရသည်။

 

အလားတူပင် ဇန်န၀ါရီလ ၂၁ ရက်နေ့က ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်တွင် ပြည်သူ့စစ်အတွက် အဓမ္မလူစုပေးနေသည့် စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပစ်ခတ်ခံရပြီးနောက် အုပ်ချုပ်ရေးမှူး သေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။

 

ဓာတ်ပုံ – Phoenix DF

 

ပုံစာညွှန်း – ရာအိမ်မှူး ကိုအုန်းမြင့်ထံမှ သိမ်းဆည်းရရှိသည့် ကျောပိုးအိတ်နှင့် လက်ပစ်ဗုံးနှစ်လုံး