ဒုရဲအုပ်လင်မယားပစ်ခတ်ခံရသည့် စစ်ကိုင်း သလွန်ဖြူရွာနှင့်အနီးတဝိုက်ကို စစ်ကောင်စီတပ်များ ဝင်ရမ်း၊ ဒေသခံ ၁၀ ဦးသတ်ဖြတ်ခံရပြီး ၄၀ ဦးကျော်ဖမ်းခံရ

Author မင်းထက်
Categories
Published on Sep 21, 2023

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် သလွန်ဖြူနှင့် ညောင်ကုန်းရွာတို့တွင် စက်တင်ဘာလ ၁၅ ရက်နေ့မှစတင်၍ စစ်ကောင်စီစစ်ကြောင်းသည် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ပြီးဝင်ရောက်စီးနင်း တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းစစ်ကြောင်းသည် မန္တလေးတိုင်း တံတားဦးလေဆိပ်က တာဝန်ကျ ဒုရဲအုပ် ဇနီးမောင်နှံ သလွန်ဖြူကျေးရွာရှိ မိဘများထံ ခေတ္တအလည်ခရီးတွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် သလွန်ဖြူရွာကို စက်တင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းမှစတင်၍ ဝင်ရောက်စီးနင်းပြီး တပ်စွဲထားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ထိုစစ်ကြောင်းသည် ဒေသခံအရပ်သား ၁၀ ဦးထက်မနည်းကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်သကဲ့သို့ အရပ်သား ၄၀ ကျော်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း ၎င်းတို့ထံမှ သိရသည်။

ထို့ကြောင့် အရပ်သား ရှစ်ထောင်ကျော် နေရပ်မပြန်နိုင်ဘဲ ယနေ့အထိ ဆက်လက်တိမ်းရှောင်နေကြရကြောင်း ဒေသခံပြည်သူများက CJ Platform သို့ ပြောကြားသည်။

ထို့ပြင် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ၏ နေအိမ်များမှ ကျွဲနွားတိရစ္ဆာန်များအပါအ၀င် အဖိုးတန်ပစ္စည်းမှန်သမျှကို ခိုးယူသယ်ဆောင်သွားကြောင်း သိရသည်။

” စပ်တပ်၀င်လာတော့ ညီမတို့က အထွက်မြန်ခဲ့လို့ လွတ်လာတာ။ ညောင်ကုန်းရွာအရှေ့ဘက်က ညောင်ကုန်းရွာဦးဘုန်းကြီးကျောင်းနဲ့ သလွန်ဖြူရွာက ရွှေဘုံသာ ဘုန်းကြီးကျောင်းမှာ တပ်စွဲခဲ့ကြတာပါ။ သူတို့လာတာ ကားကို ၁၀ စီးလောက်ရှိတယ်တဲ့လေ။ ကျောင်းထဲကနေ ယောကျာ်းလေးတွေ အကုန်ဆွဲတာပေါ့။ အနောက်ရွာထဲမှာ ကျန်နေသေးတော့လေ။ ခုထိ ပြန်လည်းမပြန်ရဲဘူး။ စိတ်တွေလည်းညစ်ပါတယ်။ ဘာဆိုဘာမှတောင် သေချာမယူလာနိုင်တော့ ခုလို တိမ်းရှောင်ပြီးနေကြရတော့ ကျန်ခဲ့တဲ့ ပစ္စည်းတွေ သူတို့ယူယူ၊ ဖျက်ဆီးဆီး မတတ်နိုင်တော့ဘူး” ဟု ညောင်ကုန်းရွာဒေသခံတစ်ဦးက ပြောသည်။

ညောင်ကုန်းရွာမှ ပြည်သူ ရှစ်ရာကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး သလွန်ဖြူရွာတွင် လူဦးရေ ရှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ယခုနှစ် စက်တင်ဘာလ ၁၁ ရက်အထိ မြန်မာနိုင်ငံတဝှမ်း ပြည်တွင်းနေရပ်စွန့်ခွာသူ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)က စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။