ဒုချုပ်စိုးဝင်းနှင့်တွေ့ဆုံပြီးနောက် စောချစ်သူအား ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့်ပေးဟု တိုက်ပွဲကျဗိုလ်မှူးချုပ်တံဆိပ်ဖြင့် ဝါဒဖြန့်နေ

Author စကားဝါ
Categories
Published on Jan 24, 2024

စစ်ကောင်စီ ဒုခေါင်းဆောင်နှင့် ကရင်ပြည် နယ်ခြားစောင့်တပ် BGF က ဗိုလ်မှူးကြီး စောချစ်သူတို့ ဖားအံမြို့တွင် ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် စောချစ်သူအား စစ်ကောင်စီမှ ဗိုလ်မှူးချုပ် ရာထူးသို့ တိုးမြှင့်ပေးခဲ့ကြောင်း စစ်ကောင်စီထောက်ခံသူများက လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် သတင်းဖြန့်ဝေမှုများရှိနေသည်။

 

ယင်းသို့ ဖြန့်ဝေရာတွင် စောချစ်သူအား ဗိုလ်မှူးချုပ်ရာထူးသို့ တိုးမြှင့်ပေးခဲ့သည်ဟုဆိုသော တံဆိပ်တစ်ခုကိုပါ ရိုက်ကူးထားသည့် ဓာတ်ပုံကို ထည့်သွင်းဖော်ပြခဲ့ကြသည်ကိုတွေ့ရသည်။

 

ယင်းဓာတ်ပုံမှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းပိုင်းတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA မှ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီအဖွဲ့ဝင်တစ်ဦး၏ အလောင်းပေါ်မှ သိမ်းဆည်းရမိသည့် ဘက်တံဆိပ်အား ရိုက်ကူးထားသည့် သတင်းဓာတ်ပုံဖြစ်သည်ကို CJ Platform မှ စိစစ်တွေ့ရှိရသည်။

 

စောချစ်သူသည် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ်မှ ခွဲထွက်၍ သီးခြားရပ်တည်သွားမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဖားအံမြို့သို့ ကိုယ်တိုင်လာရောက်တွေ့ဆုံ ညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

 

စစ်ကောင်စီထောက်ခံသူများမှ ယင်းတွေ့ဆုံမှုသည် အောင်မြင်ကြောင်း သတင်းများဖြန့်ဝေနေသော်လည်း BGF ဥက္ကဋ္ဌ ဗိုလ်ချုပ်စောထွန်းလှိုင်မှ တွေ့ဆုံညှိနှိုင်းမှုအတွင်း မည်သည့် အတည်ပြုချက်မှ မရရှိခဲ့ကြောင်း KIC သတင်းဌာနသို့ ဖြေကြားထားသည်။

 

“ကျွန်‌တော်တို့ BGF စဖြစ်တုန်းကတော့ အဲဒါကို ကျွန်တော်တို့ တောင်းဆိုတာရှိပါတယ်။ စစ်တပ်ဆိုတာ ကိုယ့်တပ်မှူး/တပ်သားတွေကို စီမံကွပ်ကဲနိုင်ဖို့ ရာထူးရာခံလိုတယ်ပေါ့။ အဲဒါကို ကျွန်တော်တို့ တောင်းဆိုခဲ့တာရှိတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက သူတို့ ဘာမှမပေးပါဘူး။ အခုမှ လာပေးမယ်ဆိုတော့ ယူစရာမလိုအပ်တော့ဘူးလေ” ဟု ဗိုလ်ချုပ် စောထွန်းလှိုင်က KIC သတင်းဌာနကို ဖြေကြားထားသည်။

 

BGF ဗိုလ်မှူးကြီး စောချစ်သူသည် မြဝတီမြို့အနီးက နာမည်ကြီး ရွှေကုက္ကိုမြို့သစ် စီမံကိန်းဖော်ဆောင်ရာမှာ အဓိက ပါဝင်သူဖြစ်ပြီး ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် ဗြိတိန်၏ အရေးယူပိတ်ဆို့မီုကိုခံထားရသည်။ ၎င်းသည် ချစ်လင်းမြိုင်ဟု အမည်ရသည့် ကုမ္ပဏီတစ်ခုဖွင့်လှစ်ထားသည်။