ဒီမော့ဆိုမြို့နယ် စစ်ရှောင်ပညာရေး ကျောင်းသား ၁၈၀၀၀ ကျော်အတွက် အခြေခံစာရေးကိရိယာများလိုအပ်နေ

Author လင်းခိုင်
Categories
Published on Sep 03, 2022

ဒီမော့ဆိုမြို့နယ်ရှိ စစ်ရှောင်ပညာရေးကျောင်းသား ၁၈၀၀၀ ကျော်အတွက် အခြေခံ စာရေးကိရိယာများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

“ဒီမော့ဆိုမှာ ကျောင်း ၁၂၃ ကျောင်းဖွင့်လှစ်ထားတာရှိတယ် ကျောင်းသား ၁၈၀၀၀ကျော်လောက်ရှိတယ်၊ အခြေခံပညာမူလတန်းကနေ အထက်တန်းအဆင့်ထိ သင်ကြားပေးနေတာရှိတယ်”ဟု ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံက CJ Platform ပြောကြားသည်။

ကြားကာလ ပြည်သူအခြေပြု ကိုယ်ထူကိုယ်ထ ကျောင်း ၁၂၃ ကျောင်းတွင် CDM ဆရာ ဆရာမများနှင့် ဆယ်တန်းအောင် တက္ကသိုလ်တက်နေဆဲ ဆရာဆရာမများကို သင်တန်းပေးကာ အခမဲ့ ပညာသင်ကြားပေးနေခြင်း ဖြစ်သည်။

ထို့ပြင် ဒီမော့ဆိုမြို့နယ်သည် စစ်မြေပြင်ဖြစ်နေသည့်အတွက် ကျောင်းများကို စစ်ရှောင်နေရာများတွင် ဖွင့်လှစ်သင်ကြားပေးနေပြီး စာရေးကိရိယာမှအစ ကျောင်းဆောက်ရန် အမိုးအကာများ လိုအပ်နေကြောင်း သိရသည်။

“အခုဖတ်စာအုပ်ကအစဝယ်ယူရတယ် စာအုပ် ခဲတံပြီးရင် ဆရာ ဆရာမအသုံးပြုဖို့ ဝိုက်ဘုတ် မှင်ရည်ကအစ အခက်အခဲရှိနေတယ်”ဟု ပြန်ကြားရေးတာဝန်ခံက CJ Platform သို့ ပြောကြားသည်။

ထိုကဲ့သို့ အခက်အခဲများဖြစ်ပေါ်နေသည့်အတွက် ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂကဦးဆောင်ပြီး အစုအဖွဲ့ ၁၄ဖွဲ့မှကမ်ပိန်းလုပ်ဆောင်ထားကြောင်း သိရသည်/

တော်လှန်ရေးကြားကာလ ပြည်သူ့အခြေပြုကျောင်းများ ကောင်မွန်စွာ လည်ပတ်နိုင်ရေးအတွက် အခက်အခဲများစွာရှိနေသဖြင့် ထိုလိုအပ်ချက်များကို ဖြည့်စည်းရန်အတွက် လိုအပ်သည် ပမာဏ ပြည့်မြောက်ရန် ပါဝင်လှူဒါန်းပေးရန် နှိုးဆော်ထားသည်။

“မြေပြင်အချက်အလက်အရ တွက်ချက်ထာားတာ ခန့်မှန်းကုန်ကျငွေ သိန်းသုံးရာလောက်ရှိတယ် အဲ့ဒါကိုပြည့်မှီအောင် ကမ်ပိန်းလေးဆောင်ရွက်ဖြစ်တယ်”ဟု ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

ရန်ပုံငွေရရှိပါက ရရှိငွေကို ဒီမော့ဆိုမြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂထံမှတစ်ဆင့် ဒီမော့ဆိုမြို့နယ်ရှိ ကြားကာလ ပြည်သူ့အခြေပြုမြေပြင်ကျောင်းများသို့ တိုက်ရိုက်စီးဆင်းသွားမည်ဖြစ်ကြောင်း သိရသည်။

လှူဒါန်းလိုသူများအနေဖြင့် ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂ(KBETU)၏ facebook page messengerမှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်သည်။