ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီမှ ၈ရက်တာအတွင်း အပြစ်မဲ့ပြည်သူ ၅ဦးထက်မနည်း သတ်ဖြတ်သွား

Author မင်းထက်
Categories
Published on Oct 29, 2023

စစ်ကိုင်းတိုင်းဒေသကြီး ၊ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်မှ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်သွားသည့် အပြင် ပြည်သူပိုင်ပစ္စည်းများအား လုယက် ဖျက်ဆီးသွားခဲ့ကြောင်း  ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) မှ CJ Platform သို့ပြောသည်။

 

အောက်တိုဘာ ၁၈ ရက်နေ့က ရေဦးမြို့နယ်ဘက်မှ ဒီပဲယင်းသို့ ဝင်ရောက်လာသည့် စစ်ကြောင်းသည်  အောက်တိုဘာ၂၁ ရက်နေ့မှ စတင်ကာ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး၀င်ရောက်ကာ အပြစ်မဲ့ပြည်သူ ၅ ဦးထက် မနည်း သတ်ဖြတ်သွားကြောင်း သိရသည်။ ၄င်းစစ်ကြောင်းသည် အောက်တိုဘာ ၂၁ ရက်နေ့တွင် ဝဘာကျေးရွာကို စစ်ကြောင်းထိုး၀င်ရောက်ကာ နေအိမ် ၇လုံးနှင့် စပါးတိုက်၄လုံးကို မီးရှို့ထားခဲ့​မှုကြောင့် စပါးအတင်းရေ ၈၀၀ ကျော် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်းနှင့် အောက်တိုဘာ ၂၂ ရက်နေ့တွင် ပြည်သူပိုင်ဆိုင်ကယ် ၂ စီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒီပဲယင်းညီနောင်များ အဖွဲ့က ပြောသည်။

 

ဖမ်းဆီးသတ်ဖြတ်ခံရသော ပြည်သူများတွင် ဆိုင်ကယ်များနဲ့အတူ အရှင်လတ်လတ် မီးရှို့အသတ်ခံရသည့် ပြည်သူများပါ၀င်သကဲ့သို့ အပိုင်းပိုင်းခုတ်ဖြတ် အသတ်ခံခဲ့ရသည့် ပြည်သူတချို့လည်း ရှိထားကြောင်း သိရှိရသည်။

 

ထို့ပြင် ဘုတ္ထန်းရွာအတွင်းမှာလည်း မီးရှို့သတ်ဖြတ်ခဲ့သည့် လူအရိုးစုများစွာ တွေ့ရှိထားပြီး မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးကြောင်းနှင့် သတ်ဖြတ်ခံရသူ ၅ဦးသာ အတည်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

 

“စစ်ကြောင်းက ၂၁ ရက်နေ့က ဒီပဲယင်းမြို့တွင်းကနေ အနောက်ဘက်ခြမ်းကို စထွက်လာတယ်၊ ဒီစစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းက ကွန်မန်ဒိုတပ်သားတွေလည်း ရောနှောလိုက်ပါလာတယ် အောင်လံအခြေစိုက် ခလရ ၇၁ စစ်ကြောင်းပဲ” ဟု ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် မှ ပြောသည်။

 

အောက်တိုဘာ ၂၆ ရက်တွင်လည်း ရှမ်းတောကျေးရွာသို့ စစ်ကြောင်းထိုး၀င်ရောက်ကာ  ပြည်သူပိုင်ဆိုင်ကယ် ၁၁စီး ခန့် လုယူသိမ်းသိမ်းဆည်းခဲ့ကြောင်း၊ ထိုနေ့ညပိုင်းတွင် ရှမ်းတောရွာမှ ဘုတ်ထန်းရွာသို့ စစ်ကြောင်း ထပ်မံဝင်ရောက်ကာ   ညပိုင်း ၇နာရီ၄၀မိနစ်ခန့်တွင် မီးရှို့ဖျက်ဆီးမှုများရှိပြီး နေအိမ်ဆုံးရှုံးမှု ရှိနိုင်​သည်ဟု ခန့်မှန်းရကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

စစ်ကြောင်းတလျှောက်တွင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲကာ ပြောက်ကျား တိုက်ခိုက်ခဲ့မှုကြောင့် အသေအပျောက်များရှိခဲ့သလို ဒဏ်ရာရထားသော တပ်သားများကိုလည်း အထမ်း ၄ ထမ်းဖြင့် သယ်ဆောင်ကာ စစ်ကြောင်းထိုးလျက် ရှိကြောင်း သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ် အစပ်ကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ၂၁ ရက်နေ့မှ ယမန်နေ့  ၂၈ ရက်နေ့ အထိ  ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဆက်လက် စစ်ကြောင်းထိုးလျက်ရှိကာ ဒေသခံပြည်သူ ၂ သောင်းခန့် တိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။

 

ဒီပဲယင်းမြို့နယ်တွင် အောက်တိုဘာ(၂၁)ရက်နေ့မှ စတင်ပြီး အောက်တိုဘာ(၂၈)ရက်နေ့ အထိ (၈)ရက်တာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သော စစ်ကြောင်းသည် ယမန်နေ့ အောက်တိုဘာ ၂၈ ရက်‌နေ့တွင် ဒဏ်ရာရထားသော တပ်သားများ သယ်ဆောင်လာသော အထမ်း ၄ ထမ်းဖြင့် စစ်တပ်သားအချို့သည် ဒီပဲယင်းမြို့သို့၀င်ရောက် သွားခဲ့ကြောင်း ဒီပဲယင်းညီနောင်များ အဖွဲ့ကပြောသည်။