ဒီပဲယင်းမြို့နယ်မှ စစ်ရှောင်ပြည်သူ တစ်သောင်းကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်အကူညီများ လိုအပ်နေ

Author မင်းထက်
Categories
Published on Nov 15, 2023

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ (၁၀) ရွာကျော်မှ  စစ်ဘေးရှောင် ပြည်သူ တစ်သောင်းကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်အကူညီများ လိုအပ်လျက်ရှိကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

နိုဝင်ဘာလ ၅ ရက်နေ့မှ စတင်ကာ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးကာ  ဒီပဲယင်း နှင့်ရေဦးအကြား မုတ်စီကျေးရွာတွင် ၅ ရက်ကြာ တပ်စွဲထားသော စစ်ကောင်စီစစ်ကြောင်းကြောင့် ကျေးရွာ (၁၀) ရွာမှ ပြည်သူတစ်သောင်းကျော် စစ်ရှောင်နေကြရကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပျော်ဘွယ်ကျေးရွာ ၊  မစိုးရိမ်ကျေးရွာ ၊ အောင်ချမ်းသာကျေးရွာ၊  ရွာရှည်ကျေးရွာ ၊ ပင်စည်ကျေးရွာ၊  မဲအိုးကျေးရွာ၊  လက်ယက်ကုန်းကျေးရွာ ၊ မုတ်စီကျေးရွာ ၊ အောင်သာကျေးရွာ ၊ ငြုတ်တုံကျေးရွာ ၊ စသည့်ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူတစ်သောင်းကျော် စစ်ရှောင်နေကြရပြီး စစ်ရှောင်များ ချက်‌ပြုတ်ကျွေးမွေးရာ ဌာနများ၌ ဆန်ဆီ ရိက္ခာပြတ်လပ်မှု အခြေအနေများ ကြုံတွေ့ရလျှက်ရှိကာ အရေးပေါ် စားနပ်ရိက္ခာ အကူအညီများ လိုအပ်လျှက်ရှိကြောင်း ဒီပဲယင်းမြို့နယ်အတွင်း အောက်တိုဘာလမှ စတင်ကာ ယနေ့ အချိန်ထိ စစ်ကောင်စီက ဆက်တိုက် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေလျက်ရှိနေကြောင်း သိရသည်။

 

“တိမ်းရှောင်နေကြရတာ ၅ ညအိပ် ၆ ရက်ရှိပြီပေါ့။ စစ်ရှောင်ဌာနတွေကလည်း ဆန်၊ဆီတွေ လိုအပ်နေတယ်၊ ကိုယ်တိုင်ချက်ပြုတ်တဲ့သူတွေကလည်း သူတို့ကိုယ်ပိုင် ထမင်းအိုးလေးတွေနဲ့ ဆန်တွေ ဆီတွေကော နိုင်သလောက်ယူလာကြတယ် ဒါပေမဲ့လဲ ခုချိန်မှာတော့ သူတို့တွေ အကုန်လိုအပ်လျက် ရှိနေတယ်” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့တာ၀န်ရှိသူတစ်ဦးက ပြောသည်။

ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့သည်လည်း စစ်ဘေးရှောင် ပြည်သူများ ချက်ပြုတ်ကျွေးမွေးရာတွင် စစ်ရှောင်စခန်းများနှင့် စစ်ရှောင်စခန်းတွင် နေထိုင်ခြင်း မရှိသော စစ်ဘေးရှောင်ပြည်သူများကို စားသောက်ကုန် ပစ္စည်းများ လှူဒါန်းပေးခြင်းများ လုပ်‌ဆောင်လျက်ရှိနေကြောင်း ၊  ဒီပဲယင်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ကူညီလှူဒါန်းလိုသော ပြည်သူများ အနေဖြင့် ဒီပဲယင်းမြို့နယ်ညီနောင်များ အဖွဲ့သို့ လာရောက် ကူညီလှူဒါန်းပေးကြရန် မေတ္တာရပ်ခံကြောင်း ၄င်းအဖွဲ့၏ တာ၀န်ရှိသူတစ်ဦးက ပြောသည်။