ဒီတစ်ပတ် ဘာထူးလဲ။(အောက်တိုဘာ ၈ မှ ၁၄ အထိ)

Author ကိုထားဝယ်
Categories
Published on Oct 14, 2023

ဒီတစ်ပတ်(အောက်တိုဘာ ၈ မှ ၁၄ အထိ)ရဲ့ ပြည်တွင်းသတင်းတွေထဲ ထိပ်တန်းရောက်ခဲ့တာကတော့ လိုင်ဇာမြို့အနီးက မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတိုက်ခိုက်လို့ လသားကလေး‌ငယ်တွေ အပါအဝင် နှစ်ဒါဇင်ကျော် သေကြေပျက်စီးခဲ့ရတဲ့သတင်း၊ နှစ် ၆၀ အတွင်း အဆိုးရွားဆုံးရေဘေးကြုံတွေ့တဲ့ ပဲခူးမြို့နဲ့ စစ်တပ်က အဆင့်မြင့်အရာရှိတွေဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ်ဟောင်း ရန်နောင်စိုးတို့ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းစီ ချမှတ်လိုက်တဲ့သတင်းတွေက ထိပ်တန်းရောက်ခဲ့ပါတယ်။

နိုင်ငံတကာ သတင်းတွေဘက်မှာတော့ အစ္စရေး-ပါလက်စတိုင်းသတင်းတွေက စိုးမိုးခဲ့ပါတယ်။

“ပြည်တွင်းထူးခြားသတင်းများ”

“စစ်ရာဇဝတ်မှုကျူးလွန်ခြင်းခံခဲ့ရတဲ့ မုန်လောက်ခက်စစ်ဘေးရှောင်စခန်း”

သာမန်ညတွေလို အိပ်ကောင်းနေတဲ့ ညနက်နက်မှာ ကချင်တိုင်းရင်းသား ၂၉ ဦးရဲ့ အသက်ဇီဝိန်တွေ ပျောက်သွားခဲ့ရပါတယ်။

သေဆုံးခဲ့ရသူတွေဟာ သူတို့လောကကြီးက ထွက်ခွာသွားခဲ့ရပြီမှန်း၊ သူတို့ ချစ်တဲ့သူတွေ၊ သူတို့ကို ချစ်တဲ့လူတွေကို ထာဝရနှုတ်ဆက်သွားခဲ့ရပြီမှန်းမသိခဲ့ကြပါဘူး။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုကြောင့် အပြစ်မဲ့သူတွေရဲ့ အသက်အိုးအိမ်နဲ့ ရှိစုမဲ့စုစည်းစိမ်လေးတွေပျောက်ဆုဲးခဲ့ရပါတယ်။

စစ်တပ်ရဲ့ အောက်တိုဘာ ၉ ရက်ည ၁၁ နာရီခွဲအချိန် တိုက်ခိုက်မှုမှာ လက်နက်ကြီးကျတဲ့ မီတာ ၂၀ဝ ဝန်းကျင်ဟာ လုံးဝပျက်စီးသွားခဲ့ရတာဖြစ်တယ်လို့ အဲဒီစခန်းမှာ အသက်ရှင်ကျန်ရစ်သူတွေနဲ့ ကူညီကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာမဟုတ်ဘဲ သူ့ဘာသူပေါက်ကွဲတာလို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပေါက်ကွဲမှုဖြစ်တဲ့မနက်ပိုင်းမှာ စစ်တပ်ပိုင်မီဒီယာတွေကနေ ထုတ်ပြန်ပြောကြားပါတယ်။

သူက မြေပြင်ကလူတွေရဲ့ မတိကျမှုကိုထောက်ပြီး အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။

“အခု ကျွန်တော်တို့ကို လုပ်တဲ့လူတွေတောင် လေယာဉ်နဲ့ဗုံးကြဲတယ်ပြောလိုက်၊ လက်နက်ကြီးနဲ့ပစ်တယ်ပြောလိုက်နဲ့ အမျိုးမျိုးပြောနေတာ။ အဲဒီလိမတိမကျပြောနေကတည်းက မဟုတ်တာပြောနေမှန်းသိသာပါတယ်။ ကျွန်တော်တို့က တိုက်ခိုက်လို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လုပ်တာ မဟုတ်ပါဘူး” လို့ ပြောသွားတာပါ။

မုန်လိုင်ခက်စခန်းမှာရှိနေတဲ့သူတွေပြောတာကတော့ “ပေါက်ကွဲမှုမဖြစ်ခင်မှာ အလင်းတန်းကြီးတစ်ခုကို တွေ့ခဲ့ရတယ်” လို့ ပြောကြပါတယ်။

စစ်တပ်ဟာ ပြည်သူတွေကို သတ်ဖြတ်ဖို့ ရုရှားနိုင်ငံကနေ တိုက်ခိုက်ရေးစွမ်းရည်မြင့်မားတဲ့ SU 30 လို တိုက်လေယာဉ်မျိုးတွေပိုင်ဆိုင်ထားတာပါ။

ဒီလိုလုပ်ရပ်မျိုးကို အာဏာသိမ်းစစ်တပ်ကလွဲပြီး ဘယ်သူမှမလုပ်ဘူးလို့ ပြည်သူတွေက ပြောကြပါတယ်။

ဒီဖြစ်ရပ်မှာ လသားအရွယ် ကလေးတစ်ဦးအပါအဝင် ၂၉ ဦးသေဆုံးခဲ့ပြီး ၅၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ UN မြန်မာ၊ ယူနီဆက်မြန်မာ၊ ဥရောပသမဂ္ဂ(EU)တို့အပါအဝင် နိုင်ငံတကာသံရုံးတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)အပါအဝင် ဒီမိုကရေစီလိုလားတဲ့ ပြည်တွင်းအဖွဲ့အစည်းအတော်များများက ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။

KIA/KIO အဖွဲ့ကတော့ ဒါဟာ စစ်ရာဇမှုကျူးလွန်မှုလို့ ပြောသလို NUG လူအခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက စစ်အုပ်စုအရေးယူခံရအောင် ကြိုးပမ်းလုပ်ဆောင်မယ်လို့ပြောပါတယ်။

“နှစ် ၆၀ အတွင်းအဆိုးရွားဆုံးရေဘေးနဲ့ ကြုံတွေ့ခဲ့ရတဲ့ ပဲခူးမြို့”

မင်းဆိုးမင်းညစ်တွေအုပ်စိုးနေတဲ့တိုင်းပြည်ဟာ နှစ်ပေါင်းများစွာမကြုံစဖူး ဆိုးရွားတဲ့ဖြစ်စဉ်တွေနဲ့ပဲ ပြည်သူပြည်သားတွေ့ကြုံတွေ့လို့နေပါတယ်။

အခုအပတ်ထဲ ပဲခူးမြို့မှာလည်း နှစ် ၆၀ ကာလအတွင်း မကြုံဖူးတဲ့ အဆိုးရွားဆုံးရေဘေးနဲ့ ကြုံတွေ့လို့နေပါတယ်။

ပဲခူးမှာ အောက်တိုဘာ ပထမပတ်ထဲ မိုးရက်ဆက်ရွာဆက်ရွာသွန်းတာကြောင့် ၈ ရက်နေ့ကစပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တာပါ။

အဲဒီအကျိုးဆက်အနေနဲ့ အောက်တိုဘာ ၉ ရက်နေ့မှာ ပဲခူးမြစ်ရေတိုးလာတဲ့အတွက် ဆည်တွေဖောက်ချရတဲ့အထိဖြစ်လာခဲ့ပါတယ်။

အဲဒီလိုနဲ့ ပဲခူးမြို့ရဲ့ တစ်ခါမှ ရေမရောက်ဖူးတဲ့ အမြင့်ပိုင်းရပ်ကွက်တွေ၊ အဓိက မိန်းလမ်းမကြီးတွေအပေါ် ရေတွေရောက်ရှိလာပါတော့တယ်။

အောက်တိုဘာ ၁၀ ရက်နေ့မှာ ရေကကျမသွားဘဲ ဆက်လက်ဆိုးရွားလာခဲ့ပါတယ်။ အောက်တိုဘာ ၈ ရက်နေ့ကတည်းက ရေဘေးရှောင်နေကြရတဲ့သူတွေဟာ အောက်တိုဘာ ၁၀ ရက်နေ့မှာ ပိုမိုများပြားလာခဲ့ပါတယ်။

ကူညီကယ်ဆယ်ရေးသမားတွေလည်း ပိုမိုအလုပ်ရှုတ်ခဲ့ရပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်က အထူးကယ်ဆယ်ရေးအဖွဲ့ဝင် ၃၀ ကျော်အပါအဝင် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၄၀ နီးပါးတို့ကို စေလွှတ်ခဲ့ရပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့မှာ အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးကြောင်း CJ Platform က သတင်းရရှိခဲ့ပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့မှာလည်း ရေက ကျသင့်သလောက်မကျဘဲ အနည်းငယ်သာကျခဲ့တာပါ။

အောက်တိုဘာ ၁၃ ရက်နေ့မှာတော့ လမ်းမကြီးတွေနဲ့ အမြင့်ပိုင်းရပ်ကွက်အချို့မှာ လူမှုကွန်ရက်မှာပြန့်နှံ့လာတဲ့ဓာတ်ပုံတွေမှာ ရေကျလာတာကိုတွေ့မြင်ခဲ့ရပေမယ့် နေရာအတော်များများမှာ ရေကြီးနေဆဲဆိုတာကို မြင်တွေ့ရပါတယ်။

ဒါ့အပြင် ရေကြီးနေဆဲနေရာတွေမှာ လျှပ်စစ်မီးတွေ ဖြတ်‌တောက်ထားဆဲဖြစ်ပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့မှာတော့ ရေက တဖြည်းဖြည်းကျဆင်းလာခဲ့တာကိုတွေ့ရပါတယ်။

တစ်ပတ်တာ ရေကြီးကာလကို ကြုံတွေ့ခဲ့ရတဲ့ ပဲခူးမြို့သူ/သားတွေဟာ အိပ်မက်ဆိုးမက်သဖွယ် စိတ်ဒဏ်ရာတစ်ခုရခဲ့ရသလို ပျက်စီးဆုံးရှုံးမှုတွေလည်း အများအပြားကြုံတွေ့ခဲ့ရပါတယ်။

“စစ်တပ်ရဲ့ နံပါတ် ၆ ပုဂ္ဂိုလ်နဲ့ သူ့ရဲ့လက်ရုံးကို ထောင်တစ်သက်ချ”

ရာထူးအာဏာကို အလွန်မက်မောတဲ့ မြန်မာစစ်တပ်က လူတွေဟာ သူတို့ရဲ့ ရာထူးစဉ်တွေကို နံပါတ်အလိုက်သတ်မှတ်ကြပါတယ်။

ဇာတ်တူသားစားလေ့ရှိသူတို့ရဲ့ ထုံးစံအတိုင်း အခုလည်း သူတို့တပ်က နံပါတ် ၆ အဆင့်နဲ့ သူ့ရဲ့လက်ရုံးတို့ကို ထောင်ဒဏ်တစ်သက်ချလိုက်ပြန်ပါတယ်။

နိုင်ငံ‌တော်သစ္စာဖောက်ဖျက်မှု၊ စစ်စည်းကမ်းဖောက်ဖျက်မှု၊ တံစိုးလက်ဆောင်ရယူမှု၊ နိုင်ငံခြားသုံးငွေ တရားမဝင် လက်ဝယ်ထားမှုအပါအဝင် တခြားစွဲချက်တွေနဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ သူ့ရဲ့လက်ရုံး ဗိုလ်မှူးကြီး ရန်နောင်စိုးတို့ကို စစ်တရားရုံးက အနှစ်(၂၀)နဲ့ညီမျှတဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါတယ်။

သူတို့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့အဖွဲ့က အဂတိမှုနဲ့ဖမ်းဆီးပြီး မကြာမီမှာပဲ ဒီလိုပြစ်ဒဏ်ချမှတ်ကြောင်း အောက်တိုဘာ ၁၀ ရက်ညနေပိုင်းက ထုတ်ပြန်ခဲ့တာပါ။

ဒါဟာ နှစ်ပေါင်းများစွာအတွင်း စစ်တပ်တစ်ခုလုံးရဲ့ နံပါတ် ၆၊ ကြည်းတပ်ရဲ့ နံပါတ်(၄) အဆင့် စစ်ဦးစီးအရာရှိချုပ်(ကြည်း) တစ်ဦးကို အာဏာအလွဲသုံးစားမှုနဲ့ ထောင်ချလိုက်တာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့လူယုံလို့ သတ်မှတ်ခံထားရတဲ့ဒုဗိုလ်ချုပ်ကြီးဟာ စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သလို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီနဲ့ နိုင်ငံခြားငွေ ကြီးကြပ်ရေးကော်မတီ(FESC) စတဲ့ စီးပွားရေးမှာ အထွဋ်အထိပ်အဖွဲ့တွေမှာ ဥက္ကဋ္ဌ တာဝန်တွေထမ်းဆောင်ခဲ့ရတာပါ။

ဒါပေမဲ့ သူ့ကို ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ရအောင် ဆောင်ရွက်ခဲ့မှုတွေနဲ့ နိုင်ငံ‌တော်သစ္စာဖောက်ဖျက်မှုအပါအဝင် ပုဒ်မတွေတပ်ပြီး အခုလိုအရေးယူခဲ့တာဖြစ်ပါတယ်။

ပြည်ပက စားသုံးဆီ တင်သွင်းမှုမှာ ဗဟိုဘဏ်က သတ်မှတ်ပေးထားတဲ့ ဒေါ်လာစျေးထက် စျေးတင်ရောင်းချတာကို သိရက်နဲ့ အရေးမယူတဲ့အပြင် ပါဝင်ပတ်သက်တဲ့တာကလည်း သူထောင်ဒဏ်ချမှတ်ခံရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

ဒုဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းဟာ ကုမ္ပဏီတွေဆီကလည်း တံစိုးလက်ဆောင်တွေရယူခဲ့တဲ့အပြင် သူဟာ အရပ်ဘက်စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

သူ့ရဲ့ လက်ရုံးဖြစ်တဲ့ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီက ဗိုလ်မှူးချုပ်ဟောင်း ရန်နောင်စိုးကိုလည်း အနှစ် ၂၀ နဲ့ ညီမျှတဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေကို ဖမ်းဆီးစစ်ဆေးမှုအရ ဗိုလ်မှူးချုပ်ဟောင်း ရန်နောင်စိုးက အရင် ဖမ်းဆီးခံရတာဖြစ်ပြီး သူ့ရဲ့ထွက်ဆိုချက်အရ ဒုဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းရဲ့ လာဘ်စားမှုတွေပါ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို စတင်စစ်ဆေးပြီး အချိန်တိုအတွင်းဖြစ်တဲ့ သုံးပတ်အတွင်းမှာပဲ အခုလိုအရေးယူတာလည်းဖြစ်ပါတယ်။

စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ စစ်တပ်တစ်ခုလုံးမှာ နံပါတ် (၆) အဆင့်မှာ ရှိပြီး သူ့အထက်မှာ ငါးဦးပဲ ရှိတာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်တို့ ဖြစ်ပါတယ်။

ကြည်းတပ်မှာဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့ပြီးရင် နံပါတ် (၄) အဆင့်ဖြစ်ပါတယ်။

စစ်တက္ကသိုလ်အပတ်စဉ် (၃၀) ဆင်း ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ အယောက် ၂၀ ဝန်းကျင်လောက်ရှိတဲ့ ဒုတိယဗိုလ်ချုပ်ကြီးတွေထဲမှာ ရာထူးနေရာ အမြင့်ဆုံး ဖြစ်သလို စစ်ကောင်စီထဲမှာလည်း နံပါတ် ၅ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့များပြားတဲ့ ရာထူးတွေ နဲ့ သူ့ နာမည်ကို အစွဲပြုပြီး စစ်တပ်အသိုင်းအဝိုင်းမှာ Sky လို့ အမည်ဝှက်နဲ့ ခေါ်ကြပါတယ်။

သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စစ်အစိုးရလက်ထက်က စီးပွားရေးကဏ္ဍကို အဓိက ဦးဆောင်ရသူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ကိုယ်ရေးအရာရှိလုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

“နိုင်ငံတကာ”

“အစ္စရေး-ဟားမက်စ်စစ်ပွဲ”

ဒီတစ်ပတ်ရဲ့ နိုင်ငံတကာသတင်းတွေထက်မှာ ထိပ်တန်းအရောက်ဆုံးကတော့ အစ္စရေး-ဟားမက်စ်စစ်ပွဲသတင်းတွေပဲဖြစ်ပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲသတင်းတွေတောင် မှေးမှိန်သွားရတဲ့အထိ ဒီစစ်ပွဲသတင်းက ရေပန်းစားခဲ့ပါတယ်။

စစ်ပွဲရဲ့ ဇာစ်မြစ်

အစ္စရေးဘက်ကနေ ဂါဇာကမ်းမြှောင်ဒေသကို စားနပ်ရိက္ခာ၊ ရေ၊ ဆေးဝါး၊ စက်သုံးဆီနဲ့ လျှပ်စစ်မီးတွေ ဖြတ်တောက်လိုက်တာကနေ စစ်ပွဲ အခြေတည်ပါတယ်။

” ဂါဇာကိုပေးပို့နေတဲ့ လျှပ်စစ်၊ အစားအစာ၊ ရေနဲ့စက်သုံးဆီ အားလုံးကို ပိတ်ချလိုက်ပါပြီ” လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယို့အ် ဂဲလန့်(Yoav Gallant)က အောက်တိုဘာ ၉ ရက်နေ့မှာပြောကြားလိုက်တာပါ။

အဲဒီနောက် ဟားမက်စ်စစ်တပ်တွေက ကြိုတင် ကြေညာခြင်းမရှိဘဲ အစ္စရေးဘက်ကို စတင် တိုက်ခိုက်ပါတော့တယ်။

ဟားမက်စ်တွေဟာ အစ္စရေးဂီတပွဲတော်ကိုဝင်ရောက်စီးနင်းတိုက်ခိုက်သလို ၁၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် ဟားမက်စ်တွေဟာ အစ္စရေးဘက်ကို ဒရုန်း‌အမြောက်အမြားနဲ့ ပစ်ခဲ့ကြပါတယ်။

ယနေ့အထိ နှစ်ဘက်တိုက်ပွဲတွေကြောင့် အစ္စရေးလူမျိုး ၁၈၀၀ ခန့်သေဆုံးခဲ့ပြီးဖြစ်သလို အစ္စရေးက တန်ပြန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် ပါလက်စတိုင်းလူမျိုး ၁၅၀၀ ခန့်သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် အစ္စရေးဘက်က တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့တဲ့အတွက် ပါလက်စတိုင်းတွေ အထိနာ‌နေရပါတယ်။

သောကြာညနေပိုင်းမှာတော့ ဂါဇာမြောက်ပိုင်းဒေသက လူဦးရေ ၁ ဒသမ ၁ သန်းကို ၂၄ နာရီအတွင်းပြောင်းရွှေ့ဖို့ အစ္စရေးဘက်က U.N. ဘက်ကို အစ္စရေးစစ်တပ်က အကြောင်းကြားပါတယ်။

ဒါဟာ ဂါဇာဒေသရဲ့ လူဦးရေတစ်ဝက်နီးပါးဖြစ်တဲ့အတွက် ၂၄ နာရီအတွင်း တောင်ပိုင်းဒေသဘက်ကို အပြီးပြောင်းဖို့မလွယ်ဘူးလို့ U.N ဘက်က တုန့်ပြန်ပါတယ်။

အစ္စရေး ဆုတ်ခွာခိုင်းတာ မလိုက်နာဖို့ ဂါဇာလူထုကို Hamas ဘက်ကတိုက်တွန်းထားပါတယ်။

ပါလက်စတိုင်း U.N. သံအမတ်ကြီး Riyad Mansour ကတော့ အစ္စရေးရဲ့အမိန့်ဟာ ထွက်ပြေးဖို့ နေရာမရှိ ဖြစ်နေတဲ့ ပါလက်စတိုင်းတွေကို လူမျိုးတုံး သုတ်သင်ရှင်းလင်းရေး ဖြစ်တယ်လို့ သောကြာနေ့က သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့ တရက်အတွင်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အစ္စရေးနဲ့ နိုင်ငံခြားဓားစာခံ ၁၃ ဦး သေဆုံးခဲ့ကြောင်း ဟားမတ်စ်ဘက်က သောကြာနေ့က သတင်းထုတ်ပြန်ပါတယ်။

တပြိုင်တည်းမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဂျော်ဒန်ဘုရင် Abdullah၊ ပါလက်စတိုင်း သမ္မတ Mahmoud Abbas တို့နဲ့ ဂျော်ဒန်မှာ သောကြာနေ့ကပဲ တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ကလည်း အစ္စရေး အစိုးရထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပါတယ်။

အစ္စရေး-ဟားမတ်စ် စစ်ပွဲတွေ စတင်ပြီး ဂါဇာက အစ္စရေးနဲ့ ပါလက်စတိုင်းလူမျိုး ၄၂၃,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကတော့ ဂါဇာဒေသရဲ့ ကျန်းမာရေးစနစ်ဟာ မနိုင်ဝန်ထမ်းနေရတဲ့အဆင့်ထက်ကို ကျော်လွန်နေပြီဖြစ်ပြီး ထပ်ပြီးတော့ လူသားခြင်းစာနာမှုနဲ့ဆန့်ကျင်တဲ့ ကပ်ဘေးတွေကို ကာကွယ်ဖို့ အချိန်အနည်းငယ်သာရတော့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဟားမက်စ်ရဲ့ရန်စမှုကို အစ္စရေးအကြီးအကဲတွေက ဒေါသပေါက်ကွဲလို့နေပါတယ်။

“ဟားမက်စ်မှာပါဝင်သူတိုင်း သေလူများဖြစ်တယ်” လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ပြောသလို “ဒါဟာ စစ်ပွဲအတွက် အချိန်ပဲ” လို့ ကာကွယ်ရေးဝန်ကြီးဟောင်းလည်းဖြစ်၊ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ အတိုက်အခံခေါင်းဆောင် ဘန်နီ ဂန့်ဇ်(Benny Gantz)က ပြောကြပါတယ်။

နိုင်ငံရေးပြိုင်ဘက်နှစ်ဦးဟာ ဟားမက်စ်အရေးမှာ သဘောထားခြင်းတိုက်ဆိုင်ပြီး မဟာမိတ်အဖြစ် ပူးပေါင်းခဲ့ကြပါတယ်။

“ခါးသီးသော နိုင်ငံရေးပြိုင်ဆိုင်ခြင်းတွေကို ဘေးချိတ်ပြီး စည်းလုံးပူးပေါင်းပြီး ဟားမက်စ်လို့ခေါ်တဲ့အရာကို ဒီကမ္ဘာကနေဖျောက်ပစ်ဖို့ အသင့်ဖြစ်နေပါပြီ” လို့ ပူးပေါင်းမှုအပြီး ဘန်နီ ဂန့်ဇ်က ပြောကြားလိုက်ပါတယ်။

ယနေ့အောက်တိုဘာ ၁၄ ရက်နေ့အထိ အစ္စရေးဘက်ကနေ ဂါဇာဒေသက ဟားမက်စ်တွေကို တိုက်ခိုက်ချေမှုန်းနေဆဲ ဖြစ်ပါတယ်။

ယခုအထိမရွေးနိုင်ဖြစ်နေတဲ့ ကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နေရာ

အောက်လွှတ်တော်အမတ် ကယ်ဗင် မက္ကာသီ Kevin McCarthy သမိုင်းဝင် ဖြုတ်ချခံရပြီးနောက် သူ့နေရာအစားထိုးဖို့ကြိုးစားနေပေမယ့် အခုချိန်ထိ မရွေးချယ်နိုင်ဖြစ်နေပါတယ်။

ဒီရာထူးနေရာကို ရီပတ်ဘလစ်ကန်ပါတီက ရွေးချယ်တင်မြှောက်ခွင့်ရမှာဖြစ်ပေမယ့် သူတို့ပါတီတွင်းမှာတင် မညီမညွှတ်ဖြစ်နေကြတာပါ။

အောက်လွှတ်တော်မှာ ဥက္ကဋ္ဌဟောင်း ကယ်ဗယ် မက္ကာသီ Kevin McCarthy ပြီးရင် ဒုတိယနေရာရှိတဲ့ စတိ စကယ်လိုက်စ် Steve Scalise နဲ့ အိုဟိုင်းယိုး Ohio ပြည်နယ်လွှတ်တော်အမတ် ဂျင် ဂျော်ဒန် Jim Jordan တို့ ၂ ယောက်ထဲက Steve Scalise ကို အောက်လွှတ်တော် ဥက္ကဋ္ဌလောင်းအဖြစ် ပါတီတွင်း ရွေးချယ်ခဲ့ကြတာပါ။

ဒါပေမဲ့ ပါတီတွင်းမဲခွဲမှုမှာတင် မညီညွှတ်မှုတွေကိုတွေ့မြင်ရအပြီး အောက်လွှတ်တော်မှာ မဲခွဲရင် လိုအပ်တဲ့ ထောက်ခံမဲ ၂၁၇ မဲ မရနိုင်ဘူးဆိုတာ သေချာတဲ့အတွက် Steve Scalise က အမည်စာရင်းကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။

သူ့ဆုံးဖြတ်ချက်ကို အောက်တိုဘာ ၁၂ ရက် ကြာသပတေးနေ့ နှောင်းပိုင်းမှာကျင်းပတဲ့ ရီပတ်ဘလီကန်ပါတီတွင်း တံခါးပိတ် စည်းဝေးပွဲမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“အောက်လွတ်တော်ဥက္ကဋ္ဌကိုယ်စားလှယ်လောင်းအဖြစ် ကျနော့်ကို ရွေးချယ်ထားတဲ့ အမည်စာရင်းကနေ ပြန်ရုပ်သိမ်းတဲ့အကြောင်း ကျနော့် လုပ်ဖော်ကိုင်ဘက်တွေကို အသိပေးခဲ့ပါတယ်” လို့ တံခါးပိတ်စည်းဝေးပွဲအပြီး အပြင်ကို ထွက်လာတဲ့အချိန် လွတ်တော်အမတ် Scalise က သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

အောက်လွတ်တော်မှာ အမတ်နေရာအများစုဖြစ်တဲ့ ရီပတ်ဘလီကန်ပါတီက လွတ်တော်ဥက္ကဋ္ဌရာထူးကို ရွေးချယ်ရမှာဖြစ်တဲ့အတွက် ပါတီဝင်တွေအချင်းချင်း ညီညွတ်ကြဖို့ လိုအပ်ပေမဲ့ အဲဒီလို ဖြစ်မနေဘူးလို့ Scalise က ပြောပါတယ်။

လွတ်တော်ဥက္ကဋ္ဌဟောင်း Kevin McCarthy ကို မဲခွဲ ဖယ်ရှားခဲ့ပြီးနောက် လွှတ်တော်မှာ ရီပတ်ဘလီကန်ပါတီအတွင်း သဘောထားကွဲပြားမှုနဲ့ အုပ်စုကွဲမှုတွေ ရှိနေပါတယ်။

လောလောဆယ် လွတ်တော်ဥက္ကဋ္ဌနေရာ လစ်လပ်နေတာကြောင့် လွတ်တော်ရဲ့လုပ်ငန်းတွေလည်း မလည်ပတ်နိုင်ဖြစ်နေပါတယ်။