ဒီတစ်ပတ် ဘာတွေထူးလဲ? (အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၄ အထိ)
ယခုအပတ် (အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၄ အထိ)ထဲ ပြည်တွင်းသတင်းတွေမှာတော့ လောက်ကိုင်မှာ စစ်ရဟတ်ယာဉ်ကို တော်လှန်ရေးအဖွဲ့တွေဘက်က ပစ်ချနိုင်ခဲ့တဲ့သတင်းက ထိပ်တန်းရောက်ခဲ့သလို ၁၀၂၇ စစ်ဆင်ရေးရဲ့ စခန်းသိမ်းတိုက်ပွဲသတင်းတွေဟာလည်း ထိပ်တန်းရောက်ခဲ့ပါတယ်။ ရှမ်းမြောက်ကစတဲ့ ဒီစစ်ဆင်ရေးဟာ အခုဆိုရင် အညာဒေသဘက်ကိုလည်း ကူးစက်လာခဲ့ပြီဖြစ်သလို ကရင်နီဒေသ၊ KNU ဒေသတွေမှာလည်း တိုက်ပွဲတွေ ဖော်ဆောင်လာခဲ့ပြီဖြစ်ပါတယ်။
နိုင်ငံတကာ သတင်းတွေဘက်မှာတော့ အစ္စရေး-ဟားမက်စ် စစ်ပွဲသတင်းတွေကပဲ ထိပ်တန်းရောက်နေဆဲ ဖြစ်သလို အမေရိကန်နဲ့ နိုင်ငံတကာဘက်ကတော့ ဒီစစ်ပွဲကို ရပ်ထားဖို့ တောင်းဆိုလာနေကြပါပြီ။ အနုပညာသတင်းတွေ ဘက်မှာတော့ Actors-Strike ကြောင့် လာမယ့်နှစ်ဆန်းပိုင်းထဲ ရုံတင်ဖို့လုပ်ထားတဲ့ တွမ် ခရုစ်ရဲ့ နာမည်ကျော် “Mission Impossible” ဇာတ်ကား တစ်နှစ်ရွှေ့ဆိုင်းလိုက်ရပါတယ်။ အားကစားသတင်းတွေ ဘက်မှာဆိုရင်လည်း လီယွန်နယ် မက်ဆီ ၈ ကြိမ်မြောက် ဘော်လွန်ဒီအောဆု ရခဲ့တဲ့သတင်းတွေ ထိပ်တန်းရောက်ခဲ့ပါတယ်။
စုစည်းရေးသားသူ – ကိုထားဝယ်
****************************************
ပြည်တွင်းသတင်း
စစ်ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ဟုဆို
CJ Platform
ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးအတွင်း လောက်ကိုင်မြို့ တောင်ပိုင်းရှိ တောင်ကုန်းတစ်နေရာမှာ တော်လှန်ရေးအဖွဲ့တစ်ခုရဲ့ ပစ်ခတ်မှုကြောင့် စစ်တပ် ရဟတ်ယာဉ်တစ်စီး သောကြာနေ့က ပျက်ကျသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတစ်ဦးဆီက သိခဲ့ရတာပါ။
ဒီသတင်းကတော့ ၁၀၂၇ စစ်ဆင်ရေးသတင်းတွေကြားထဲ Hot အဖြစ်ဆုံးဖြစ်ခဲ့တာပါ။
လူမှုကွန်ရက်အသုံးပြုသူ ပြည်သူအများစုကတော့ ဒီသတင်းကို အမှန်ဖြစ်ပါစေလို့ ဆုတောင်းခဲ့ကြသလို စစ်တပ်ထောက်ခံသူအချို့ကလည်း ဒါဟာ လုပ်ကြံသတင်း၊ မမှန်သတင်းလို့ ဝါဒဖြန့်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီသတင်းကို CJ Platform သတင်းဌာနဟာ ဓာတ်ပုံတွေကို လက်လှမ်းမီသမျှ စိစစ်ခဲ့ရုံသာမက သတင်းပေးပို့လာသူဟာလည်း အမှန်တကယ် မျက်မြင်တွေ့ရှိခဲ့တာဖြစ်ကြောင်း အထပ်ထပ် အတည်ပြုပေးခဲ့တာပါ။
ယခုလက်ရှိအချိန်ထိ ဘယ်အဖွဲ့အစည်းကမှ ဒီသတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး တစ်စုံတရာ သတင်းထုတ်ပြန်လာခဲ့တာ မရှိသေးပေမယ့် CJ Platform ရဲ့ ဆက်လက်စုံစမ်းမှုတွေအရ ဒီသတင်းဟာ ဖြစ်နိုင်ခြေ အလွန်များတယ် ဆိုတာပါပဲ။
CJ Platform ရဲ့ သတင်းရင်းမြစ်ဟာ ရဟတ်ယာဉ် လက်နက်ထိမှန်ခဲ့တာနဲ့ ပျက်ကျသွားခဲ့တာကို ဓာတ်ပုံမှတ်တမ်းလည်း ရိုက်ယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ကိုးကန့်တပ် MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဒီသတင်းကို အတည်ပြုမပေးပါဘူး။
“ဟုတ်ကဲ့။ အတည်မပြုနိုင်သေးဘူးဗျနော့်။ တိုက်ပွဲတွေကတော့ဆက်တိုက်ရှိနေဆဲပါ” လို့ MNDAA ပြောခွင့်ရသူက CJ Platform ရဲ့ မေးမြန်းမှုကို သောကြာနေ့က ပြန်ဖြေခဲ့ပါတယ်။
လောက်ကိုင်မြို့အပါအဝင် ရှမ်းပြည်နယ်က မြို့အချို့ကို စစ်ကောင်စီဘက်က နိုဝင်ဘာ ၂ ရက်ကတည်းက ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် အဆက်အသွယ်ပြတ်နေသလို လောက်ကိုင်မြို့ပြင်တစ်ဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
****************************************
“တော်လှန်ရေးအဖွဲ့စုံ ပါဝင်လာတဲ့ ၁၀၂၇ စစ်ဆင်ရေး”
ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာဆင်နွှဲနေတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကစတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ဒေသစုံက တော်လှန်ရေးအဖွဲ့အတော်များများပါဝင်လာနေကြပါပြီ။
တချို့က ညီနောင်သုံးဖွဲ့နဲ့ ပူးပေါင်းတိုက်ခိုက်နေသလို တချို့က ကိုယ့်ဒေသမှာပဲကိုယ် တော်လှန်တိုက်ခိုက်ရင်း ၁၀၂၇ စစ်ဆင်ရေးကို ပူးပေါင်းပါဝင်ပြီး စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ခိုက်နိုင်ဖို့ ကြိုးစားနေကြတာပါ။
အဲဒီထဲ ကရင်နီ(ကယား)ပြည်နယ်က ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဆိုရင် ၁၀၂၇ စစ်ဆင်ရေးစကတည်းက မြောက်ပိုင်းအဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်နေခဲ့တဲ့အကြောင်း KNDF က သောကြာနေ့က ရုပ်သံနဲ့တကွ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
KNDF ရဲ့ အမှတ် ၆၀၆ တပ်ရင်းဟာ ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီတပ်တွေရဲ့ တပ်စခန်းသိမ်းတိုက်ပွဲများမှာ ညီနောင်အဖွဲ့တပ်သားတွေနဲ့အတူ ပါဝင်တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။
ထိုစစ်ဆင်ရေးအတွင်း တပ်ရင်း ၆၀၆ မှ ပါဝင်နေမှုနှင့်ပတ်သတ်လို့ CJ Platform ရဲ့မေးမြန်းမှုကို KNDF ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ယခုလိုပြန်လည်ဖြေကြားခဲ့ပါတယ်။
“ဒီစစ်ဆင်ရေးစတင်ကတည်းက ရှမ်းမြောက်မှာ ပါဝင်တိုက်ခိုက်နေတာပါ။ ကျနော်တို့ ၆၀၆ တပ်ရင်း တစ်ခုစာအနေနဲ့ တိုက်ခိုက်နေတာပါ။ အခု လောလောဆယ်တော့ ရှမ်းမြောက်မှာပဲရှိနေပြီး မဟာမိတ်တပ်တွေနဲ့ တိုက်ခိုက်နေတာပါ။ ဒီမြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ၊ ညီကိုတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ရေးရည်မှန်းချက် အောင်မြင်တဲ့အထိ တိုက်ခိုက်သွားမှာပါ” လို့ ၎င်းက ဆိုပါတယ်။
ဒါ့အပြင် ကရင်နီပြည်အတွင်းမှာလည်း စစ်ကောင်စီတပ်မှ ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို ထိန်းချုပ်ရန် ကြိုးပမ်းလာမှုကြောင့် ကရင်နီကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။
အလားတူ ပြည့်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ ဗမာပြည်သူ့လွတ်လပ်ရေးတပ်တော်(BPLA) တို့ဟာလည်း သူတို့အခြေစိုက်တဲ့ တော်လှန်ဒေသတွေမှာ စစ်ကောင်စီကို အပြတ်အသတ် ချေမှုန်းတိုက်ခိုက်နေပါတယ်။
ဒါ့အပြင် အညာဒေသက တော်လှန်ရေးတပ်ဖွဲ့တွေ၊ လူထုသပိတ်ကော်မတီတွေနဲ့ ဒေသအသီးသီးက ကျောင်းသားသမဂ္ဂတွေ၊ ချင်းအမျိုးသားတပ်ဦး(CNF)လို လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ဒီမိုကရက်ပါတီအချို့က ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံပြီး ပူးပေါင်းစစ်ဆင်ရေးတွေ ဖော်ဆောင်မယ်လို့ တရားဝင် သတင်းထုတ်ပြန်လာကြပါတယ်။
****************************************
” တစ်ပတ်အတွင်း မြိုလေးမြို့နဲ့ တပ်စခန်းပေါင်း (၁၀၀)နီးပါးသိမ်းနိုင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး”
CJ Platform
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်(MNTJP/MNDAA)၊ တအာင်းတပ်(PSLF/TNLA) နှင့် ရက္ခိုင်တပ်(ULA/AA)တို့ရဲ့ အောက်တိုဘာ (၂၇)ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ နိုဝင်ဘာ ၂ ရက်မှာ တစ်ပတ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
ရှစ်ရက်မြောက်နေ့ဖြစ်တဲ့ သောကြာနေ့အထိလည်း စစ်ရေးအရှိန် ဆက်လက်မြင့်တက်နေဆဲဖြစ်သလို စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်နေဆဲဖြစ်ပါတယ်။
တစ်ပတ်တာအတွင်း ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းအဖွဲ့တွေဟာ စစ်ကောင်စီတပ်စခန်း (၉၇) ခုအထိ သိမ်းယူနိုင်ခဲ့ပြီဖြစ်တယ်လို့ ညီနောင်အဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေး လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Operation 1027-3BHA က တစ်ဆင့်ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ သိထားရပါတယ်။
ဒါ့အပြင် ညီနောင်မဟာမိတ်တပ်တွေဟာ ချင်းရွှေဟော်၊ သိန္နီ၊ ကြူကုတ်(ပန်ဆိုင်း) နဲ့ ဖောင်းဆိုင်မြို့တွေကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီလို့ ထုတ်ပြန်ထားခဲ့သလို စစ်ကောင်စီဘက်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ ကြူကုတ်(ပန်ဆိုင်း) နယ်မြေသုံးခုကို လက်လွှတ်လိုက်ရတယ်လို့ အင်တာဗျူးတစ်ခုမှာ ဝန်ခံပြောကြားခဲ့ပါတယ်။
တစ်ပတ်တာ တိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ သံချပ်ကာ ကား (၆) စီးအပါအဝင် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိကြောင်း ညီနောင်တပ်ဖွဲ့များက ထုတ်ပြန်ထားပါတယ်။ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာ များပြားလွန်းတဲ့အတွက် အရေအတွက် အတည်ပြုဖို့တောင် ခက်ခဲနေတယ်လို့လည်း MNDAA ပြောရေးဆိုခွင့်ရှိသူက အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါသေးတယ်။
ညီနောင်မဟာမိတ်တပ်တွေ သိမ်းယူနိုင်ခဲ့တဲ့ စစ်စခန်းတွေဟာ ရှမ်းမြောက်တခွင်မှာသာမက မန္တလေးတိုင်း မိုးကုတ်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က တပ်စခန်းတွေပါ ပါဝင်ပါတယ်။ အခြားတော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အမျိုးသားညီညွှတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- မန္တလေး (PDF-MDY)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် အခြားမဟာမိတ်တပ်များကပါ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ကြာသာပတေးနေ့ ညနေ ၅ နာရီ ၁၅ မိနစ် အချိန်ထိ ထုတ်ပြန်ချက်မှာ ယမန်နေ့ တစ်ရက်တာအတွင်း စခန်းသုံးခု ထပ်မံသိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့အတွက် ဒီကနေ့ သိမ်းယူမှုပါ ထည့်ပေါင်းရင် သိမ်းယူနိုင်ခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ထားတဲ့ စခန်းပေါင်း (၁၀၀) အထိဖြစ်လာမှာ ဖြစ်ပါတယ်။
တစ်ပတ်တာအတွင်း ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေ ကျဆုံးခဲ့သလို ဒု-တပ်ရင်းမှူး (၁) ဦး၊ တပ်ခွဲမှူး(၂) ဦး အပါအဝင် တပ်သားဦးရေ (၄၁) ဦးရှိတဲ့ ခလရ(၁၄၃) ဟာလည်း ညီနောင်မဟာမိတ်တွေထံ တပ်ရင်းလိုက် လက်နက်ချ အလင်းဝင်ခဲ့သလို ကွမ်းလုံပြည်သူ့စစ် (၁၅) ဦးကလည်း လက်နက်ချအလင်းဝင်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
ညီနောင်မဟာမိတ်တပ်တွေရဲ့ ထုတ်ပြန်စာမှာတော့ လက်နက်ချ အလင်းဝင်လာသူပေါင်း (၁၀၀) ကျော်ရှိနေပြီလို့ ဆိုသလို ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကလည်း ကရင်နီ(ကယား) ပြည်နယ်၊ ဖယ်ခုံမြို့ကို ရောက်နေတဲ့ စစ်ကောင်စီတပ်သားအချို့ကို ရှမ်း(မြောက်)ကိုပို့ပြီး အင်အားဖြည့်တင်းခဲ့သလို သံချပ်ကာကား(၂) စီး၊ စစ်တပ်ကား အစီးရေ(၃၀) ကျော်နဲ့ စစ်သည် အင်အား (၁၅၀) ကျော်ပါတဲ့ အားဖြည့်တပ်တွေကို ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းကတဆင့် ရှမ်း(မြောက်) ကို စေလွှတ်ခဲ့ပါသေးတယ်။
ရှမ်း(မြောက်) သွားရာ လမ်းကြောမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ခုခံတိုက်လိုက်တာကြောင့် စစ်ကောင်စီတပ်သားအချို့ ဖမ်းဆီးခံရတာ၊ သေဆုံး၊ ထိခိုက်ဒဏ်ရာရတာတွေလည်း ဖြစ်နေပါတယ်။
အခုလက်ရှိအချိန်ထိတော့ ရှမ်းမြောက်တခွင်မှာ စစ်ရေး တောက်လျှောက်တင်းမာနေပြီး တစ်ပတ်တာအတွင်းမှာပဲ စစ်ကောင်စီတပ်ဟာ မြို့လေးမြို့၊ စခန်းပေါင်း(၁၀၀) နီးပါးနဲ့ တင့်ကား(၆) စီးအပါအဝင် လူသူ လက်နက် ခဲယမ်းအမြောက်အမြားကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီး ဖြစ်ပါတယ်။
အသာစီးရနေတဲ့ ညီနောင်မဟာမိတ်တပ်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ရှမ်း(မြောက်) ဒေသကို ပိုမိုထိန်းချုပ်နိုင်ဖို့ တောက်လျှောက်ကြိုးပမ်းလျက်လည်းရှိပါတယ်။
****************************************
“ညီနောင်အဖွဲ့တွေကို တန်ပြန်ထိုးစစ်စင်မယ်လို့ စစ်ခေါင်းဆောင် ပြော”
ရှမ်းမြောက်မှာ စစ်ကောင်စီတပ်စခန်းရာချီသိမ်းခံရပြီးနောက် စစ်ခေါင်းဆောင်ဘက်က တန်ပြန်ထိုးစစ်စင်မယ်လို့ အသံထွက်လာခဲ့ပါပြီ။
အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ သူတို့အပိုင် မီဒီယာတွေကတစ်ဆင့် သောကြာနေ့က ပြောကြားခဲ့တာပါ။
ရှမ်းမြောက်မှာ စစ်စခန်းတွေနဲ့ စစ်ကောင်စီ ရုံးဌာနတွေ တိုက်ခိုက်ခံရကြောင်းနဲ့ မြောက်ပိုင်းအဖွဲ့တွေကို ပြန်လည် ထိုးစစ်ဆင်မယ်လို့ စစ်ကောင်စီ အဖွဲ့ဝင်တွေကို မိန့်ခွန်းပြောရာမှာ စစ်ခေါင်းဆောင်က ထည့်သွင်းပြောခဲ့တယ်ဆိုပြီး စစ်တပ်ထိန်းချုပ်ခံ မီဒီယာတွေမှာ ဖော်ပြထားတာပါ။
ဒါ့အပြင် ကချင်ပြည်နယ်မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သယ်ယူပို့ဆောင်ရေးစခန်းတွေနဲ့ စစ်စခန်းတွေကို တိုက်ခိုက်နေတယ်လို့ စွပ်စွဲကာ စစ်ရေးအရ လက်တုံ့ပြန်မယ်လို့ အာဏာသိမ်းခေါင်းဆောင်က သတိပေးပါတယ်။
ငြိမ်းချမ်းတည်ငြိမ်ရေးကို မနှောင့်ယှက်ဖို့ KIA ကို သတိပေးထားတဲ့ကြားက အခုလို တိုက်ခိုက်တာလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ စစ်ကောင်စီအနေနဲ့ တိုင်းရင်းသားလူနည်းစုတွေနဲ့ ယုံကြည်မှု တည်ဆောက်ရေး လုပ်ခဲ့ပေမယ့် စစ်စခန်းတွေကို တိုက်ခိုက်နေတဲ့ အဖွဲ့တွေကို တန်ပြန်တိုက်ခိုက်မယ်လို့ ဆိုပါတယ်။
မဟာမိတ်တပ်တွေဘက်ကတော့ စစ်ကောင်စီတပ်တွေရန် တန်ပြန်စစ်အတွက် ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ပြောထားကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေအတွင်း စစ်ဘေးရှောင်ဦးရေ ၃၇,၄၀၀ ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့အခြေအနေပြ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံတဝန်းမှာ လူပေါင်း ၁ဒဿမ၈ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။
****************************************
“အမေရိကန် ပိတ်ဆို့မှုခံလိုက်ရပြီဖြစ်တဲ့ စစ်တပ်ငွေဝင်လမ်းကြီး”
တော်လှန်ရေးအဖွဲ့တွေနဲ့ NUG တို့ အလိုလားဆုံးဖြစ်တဲ့ မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်း MOGE ကို နိုင်ငံတကာပိတ်ဆို့မှုကို အမေရိကန်က စတင်လိုက်ပါတယ်။
MOGE နဲ့ ပတ်သက်ဆက်နွယ်မှုတွေကို ကန့်သတ်အရေးယူမှုတစ်ရပ် အမေရိကန်ပြည်ထောင်စုက နိုဝင်ဘာ ၁ ရက်က ချမှတ်ခဲ့ပါတယ်။
လုံးဝကြီး ပိတ်ဆို့အရေးယူမှုမျိုးမဟုတ်ဘဲ အမေရိကန်ရဲ့ဘဏ္ဍာရေးဝန်ဆောင်မှုတွေကိုပဲ ကန့်သတ်တားမြစ်လိုက်တာဖြစ်ပြီး ဒီအရေးယူမှုဟာ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။
MOGE ကို အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့အရေးယူမှု အထူးသတ်မှတ် စာရင်းထဲကိုတော့ မထည့်သွင်းသေးပါဘူး။ ဒီစာရင်းထဲ ပါသွားမှသာ အမေရိကန်ရဲ့ ဘဏ်စနစ်ထဲက ထုတ်ပယ်ခံလိုက်ရတာဖြစ်ပြီး၊ အမေရိကန် ကုမ္ပဏီတွေ၊ နိုင်ငံသားတွေနဲ့ ကုန်သွယ်လို့ မရတော့တာပါ။ ဒါ့အပြင် အဲဒီစာရင်းပါအဖွဲ့အစည်း လူပုဂ္ဂိုလ်ရဲ့ အမေရိကန်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း လွှဲပြောင်းလို့ မရတော့တာ ဖြစ်သွားမှာပါ။
ခု တပိုင်းပိတ်လိုက်တာမှာတော့ အဲဒီလို သက်ရောက်မှုကို မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်းက ခံရမှာ မဟုတ်သေးပါဘူး။ ဒါပေမဲ့ ချေးငှားတာ၊ ဘဏ်စာရင်းကိစ္စ၊ အာမခံကိစ္စ၊ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေနဲ့ တခြား ငွေကြေးဝန်ဆောင်မှုတွေကိုတော့ လုပ်လို့မရအောင် ကန့်သတ်အရေးယူလိုက်တာပါ။
ဒါပေမဲ့ Sky Royal Hero Company Limited, Suntac Technologies Company Limited နဲ့ Suntac International Trading Company Limited တို့ကိုတော့ စစ်ကောင်စီ ကို ထောက်ကူနေတဲ့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ SDN လို့ခေါ်တဲ့ အရေးယူပိတ်ဆို့မှု အထူးသတ်မှတ်ချက်စာရင်းထဲ ထည့်သွင်းအရေးယူလိုက်ပါတယ်။
လူပုဂ္ဂိုလ်အနေနဲ့ စစ်ကောင်စီ ဝန်ကြီးတွေဖြစ်ကြတဲ့ ဦးချာလီသန်း၊ ဒေါက်တာ ကံဇော်၊ ညွှန်ကြားရေးမှူးချုပ်တွေဖြစ်ကြတဲ့ ဒေါ်ဆွေဆွေအောင်နဲ့ ဦးဇော်မင်းတို့ကိုလည်း SDN စာရင်းထဲ ထည့်သွင်း အရေးယူ လိုက်ပါတယ်။
ဗြိတိန် နဲ့ ကနေဒါတို့ကလည်း ပိတ်ဆို့အရေးယူမှု အသစ်တွေကို ချလိုက်ပေမယ့် မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်း မပါဝင်သေးပါဘူး။ ခုလို ပိတ်ဆို့အရေးယူလိုက်တာတွေက မြန်မာပြည်သူတွေကို မမေ့လျော့သေးတာ ပြသလိုက်တာဖြစ်ပေမယ့် နိုင်ငံတကာအသိုက်အဝန်းက ဒါ့ထက်အများကြီး ပိုလုပ်နိုင်၊ လုပ်ကြရဦးမှာဖြစ်ပါတယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ကြေညာချက် ထုတ်ပြန်ပြောလိုက်ပါတယ်။
****************************************
နိုင်င်ငံတကာသတင်း
“အစ္စရေး-ဟားမက်စ်စစ်ပွဲမကျယ်ပြန့်လာရေးနဲ့ ဂါဇာပြည်သူတွေ မထိခိုက်ရေး အလေးပါလာတဲ့ အမေရိကန်”
အစ္စရေးကို တစ်လအတွင်း နှစ်ကြိမ်ပြန်ရောက်လာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အတ်တိုနီ ဘလင်ကန်က အစ္စရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ဂါဇာဒေသထဲက အရပ်သားတွေ မထိခိုက်အောင် ကာကွယ်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က အဖြစ်မျိုးထပ်မဖြစ်အောင် အစ္စရေးတို့ ကာကွယ်တဲ့နေရာမှာ ဘယ်လိုပုံစံ ကာကွယ်သလဲဆိုတာ အရေးကြီးတယ်လို့ ဝန်ကြီး Blinken က အစ္စရေးသမ္မတ Isaac Herzog နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
ဟားမက်စ်တို့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ ကြားညပ်နေတဲ့အရပ်သားတွေကို ကာကွယ်ဖို့ သိပ်အရေးကြီးကြောင်း၊ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုနဲ့ လုံးဝမဆိုင်တဲ့အရပ်သားတွေ၊ အကူအညီ အလွန်အမင်းလိုအပ်နေသူတွေကို အတတ်နိုင်ဆုံး ကာကွယ် ကူညီဖို့ အရေးကြီးကြောင်း၊ ဝန်ကြီး Blinken က ပြောကြားခဲ့တာဖြစ်ပါတယ်။
ဟားမက်စ်စစ်သွေးကြွတွေရဲ့ အောက်တိုဘာ ၇ ရက်နေ့တိုက်ခိုက်မှုမှာ အစ္စရေး ၁၄၀၀ ထက်မနည်းသေဆုံးခဲ့ပြီး ၂၀၀ ကျော်လည်း ဓါးစာခံအဖြစ် ဖမ်းဆီးခံထားရပါတယ်။
အဲဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးတို့က ဟားမက်စ်စစ်သွေးကြွအဖွဲ့ကို အမြစ်ဖြတ်တိုက်ခိုက်မယ်လို့ ကြေညာပြီး ဂါဇာဒေသထဲက ပါလက်စတိုင်းပိုင်နက်တွေကို လေကြောင်းအပြင် မြေပြင်ကနေပါ တိုက်ခိုက်နေပါတယ်။
အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ အလွန်လိုအပ်နေတဲ့ ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပို့ပေးနိုင်ဖို့ အပစ်အခတ်ရပ်စဲဖို့ ကုလသမဂ္ဂနဲ့ အာရပ်နိုင်ငံတွေက တောင်းဆိုနေကြပါတယ်။
အမေရိကန်အစိုးရကတော့ လုံးဝအပစ်အခတ်ရပ်စဲတာမျိုးမဟုတ်ဘဲ၊ အကူအညီ ပို့ပေးမယ့်နေရာတွေမှာ ယာယီအပစ်အခတ်ရပ်ဖို့ တောင်းဆိုထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Blinken ဟာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့လည်း သောကြာနေ့ အစောပိုင်းက တွေ့ဆုံခဲ့ပါတယ်။
ဂါဇာမှာ အကြမ်းဖက်မှုတွေ တိုးမလာအောင် ဟန့်တားဖို့နဲ့ အစ္စရေးဟားမတ်စ် ပဋိပက္ခ ပိုမို ကျယ်ပြန့်မလာရေးကို အစ္စရေးဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန် သူ အဓိက ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။
အစ္စရေးကို ရောက်နေတဲ့ ဝန်ကြီးဘလင်ကန်ဟာ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ အစိုးရ အဖွဲ့ကို Tel Aviv မြို့မှာ သောကြာနေ့က တွေ့ဆုံခဲ့တာပါ။
ဒီတွေ့ဆုံမှုအပြီး ဝန်ကြီးဘလင်ကန် သတင်းထောက်တွေ နဲ့ တွေ့ဆုံချိန်မှာတော့ အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးကို ဟားမက်စ် အဖွဲ့တွေ ဝင်ရောက် စီးနင်းတိုက်ခိုက်တဲ့ အကြမ်းဖက်မှုမျိုး ထပ်မံ မဖြစ်ပွားစေဖို့နဲ့ အစ္စရေး အတွက်ရော ပါလက်စတိုင်း အတွက်ပါ ပိုမိုကောင်းမွန်တဲ့ အနာဂတ် တရပ် ဖန်တီးနိုင်ဖို့ မဖြစ်မနေ လုပ်ဆောင်ရမယ့်အရာတွေကို ပြောဆိုသွားပါတယ်။
အစ္စရေးမှာ လူပေါင်း ၁၄၀၀ လောက် သေဆုံးခဲ့ရပြီး ၂၃၀ ပြန်ပေးဆွဲခံခဲ့ရတဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို လုပ်ခဲ့တဲ့ ဟားမတ်စ်အဖွဲ့ကိုတော့ အမေရိကန်က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာပါ။ အမေရိကန်အနေနဲ့ အစ္စရေးရဲ့ ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်ပိုင်ခွင့်ကို ဆက်လက် ထောက်ခံ ရပ်တည်သွားမယ်လို့ ဝန်ကြီး ဘလင်ကန်က ပြောဆိုသွားပါတယ်။
ဒုတိယ ဦးစားပေး ကတော့ ပါလက်စတိုင်း အရပ်သားတွေကို ကာကွယ်ပေးသွားဖို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဟားမက်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဘက်က လေကြောင်းကနေ ပြန်လည်တိုက်ခိုက်ရာမှာတော့ ပါလက်စတိုင်းသား ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဂါဇာမှာ သေဆုံးသူ ဦးရေဟာ ခုဆိုရင် ၉၀၀၀ ကျော် သွားပြီလို့ ဟားမတ်စ်အဖွဲ့က လည်ပတ်နေတဲ့ ပါလက်စတိုင်း ကျန်းမာရေးဌာနက ပြောပါတယ်။
****************************************
“ဂါဇာမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေ အီဂျစ်ကို ပထမဆုံးထွက်ခွာခွင့်ရ”
အစ္စရေးနဲ့ ဟားမက်စ်စစ်သွေးကြွအဖွဲ့ကြား တိုက်ပွဲတွေ စတင်ချိန်ကတည်းက ဂါဇာဒေသမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေထဲက ပထမအသုတ်ဟာ နိုဝင်ဘာ ၁ ရက်နေ့မှာ အီဂျစ်နိုင်ငံကို ထွက်ခွာခွင့်ရခဲ့ပါတယ်။
ကာတာနိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ Rafah နယ်စပ်ကို ပြန်ဖွင့်ပေးဖို့ အစ္စရေး၊ အီဂျစ်နဲ့ ဟားမက်စ်တို့ကြား သဘောတူညီချက် ရရှိခဲ့ကြတာပါ။
အီဂျစ်နိုင်ငံကို ဂါဇာဒေသက နိုင်ငံခြားသား ၄၀၀ ထက်မနည်း ထွက်ခွာခွင့်ပြုမှာဖြစ်ပြီး ဒဏ်ရာရသူ ပါလက်စတိုင်းသား ၈၀ ကျော်ကိုလည်း ဆေးကုသခွင့်အတွက် သွားခွင့်ပြုမှာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ဂါဇာကမ်းမြောင်ဒေသမှာ ဆက်သွယ်ရေး လုံးဝပြတ်တောက်မှုတွေနဲ့ ထပ်မံကြုံတွေ့နေရပါတယ်။ တယ်လီဖုန်းနဲ့ အင်တာနက် ဆက်သွယ်မှုတွေ လုံးဝပြတ်တောက်နေကြောင်း ပါလက်စတိုင်း ဆက်သွယ်ရေးကုမ္ပဏီ Paltel က အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အရင်တခေါက် ပြတ်တောက်မှုတွေ ကြုံခဲ့ရပြီးနောက် ဆက်သွယ်မှုတွေ ပြန်လည်ရရှိထားတဲ့ နိုင်ငံတကာ ဆက်သွယ်မှုလမ်းကြောင်းမှာပါ ထပ်မံပြတ်တောက်ခဲ့တာလို့လည်း ပြောပါတယ်။
ပြီးခဲ့သောသောကြာနေ့က ၂ ရက်ကြာ ဆက်သွယ်ရေးတွေ လုံး၀ ပြတ်တောက်ခဲ့စဉ်ကလည်း လူဦးရေ ၂ သန်း ၃ သိန်းရှိတဲ့ ဒေသမှာ နိုင်ငံတကာက ပေးပို့တဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေ ရရှိရေး အခက်အခဲတွေ ကြုံခဲ့ရပါတယ်။
ဂါဇာမြောက်ပိုင်း Jabaliya (ဂျာဘာလီယာ)ရှိ ပါလက်စတိုင်းဒုက္ခသည်စခန်းမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီး နာရီပိုင်းအတွင်းမှာပဲ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားခဲ့တာပါ။ ဒုက္ခသည်စခန်း တိုက်ခိုက်မှုမှာတော့ လူ ၅၀ ထက်မနည်း သေဆုံးပြီး ၁၅၀ ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။
****************************************
“တွမ် ခရုရဲ့ Mission Impossible ရုံတင်ရက် တစ်နှစ်နောက်ဆုတ်”
ဟောလီးဝုဒ် မင်းသားကြီး တွမ် ခရုရဲ့ Mission: Impossible ၈ ကားမြောက် ရုပ်ရှင်ဇာတ်ကားကို ရုံတင်ဖို့ တစ်နှစ်ကို နောက်ဆုတ်လိုက်တဲ့အတွက် ရုပ်ရှင်ချစ်ပရိသတ်တွေမချင့်မရဲဖြစ်နေကြပါတယ်။
မင်းသား၊ မင်းသမီးတွေနဲ့ ဇာတ်ညွှန်းဆရာတွေဟာ အမေရိကန်က ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတွေရဲ့ လက်ဝါးကြီးအုပ်မှုကို သမှောက်တဲ့အနေနဲ့ အလုပ်မလုပ်ပဲ ၃ လကျော် ရုပ်ရှင်ကားတွေ ရုံမတင်နိုင်ပဲ ဖြစ်ရတာကနေ နောက်တသုတ် ထပ်ပြီးရက်ရွှေ့ရတာ ဖြစ်ပါတယ်။
Mission: Impossible ရုပ်ရှင်ကား ရုံတင်ရက်ကို ၂၀၂၄ ဇွန်လ ၂၈ ရက်နေ့ကနေ ၂၀၂၅ မေလ ၂၃ ရက်နေ့ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်တယ်လို့တယ် Paramount Pictures ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်ပြန်ပါတယ်။
Christopher McQuarrie ရိုက်ကူးတဲ့ Mission: Impossible Dead Reckoning Part One အပိုင်း ၁ ရဲ့ နောက်ဆက်တွက်ဖြစ်တဲ့ ဒီအပိုင်း ၂ ဇာတ်ကားကို ရုပ်ရှင် ထုတ်လုပ်ရေးကို ဇူလိုင်လကတည်းက ရပ်ဆိုင်းထားတာ ဖြစ်ပြီး အဲအချိန်မှာ ခေါင်းဆောင်မင်းသား တွမ် ခရုစ်နဲ့ ထုတ်လုပ်ရေးကုမ္ပဏီကတော့ နိုင်ငံတကာမှာလှည့်ပြီး ကြော်ငြာနေတာပါ။ အခုဒီဇာတ်ကားက နောက်ဆက်တွဲ အပိုင်း ၂ ဖြစ်တာကြောင့် Mission: Impossible Dead Reckoning Part Two ဖြစ်ရမှာဆိုပေမဲ့ အခုတော့ Mission: Impossible လို့ပဲ နာမည်အတို ပေးလိုက်ပါတယ်။
ဟောလီးဝုဒ်သပိတ်မှောက်တဲ့ ပြဿနာက မပြီးပြတ်သေးတာကြောင့် ဇာတ်ကားမှာပါဝင်သရုပ်ဆောင်တဲ့ မင်းသားမင်းသမီးတွေနဲ့ အရောင်းမြင့်တက်အောင် ကြော်ငြာဖို့အတွက် ရုပ်ရှင်ထွက်တဲ့ ရက်တွေကို ဒီဆောင်းတင်မက နောက်နှစ်တင်မယ့်ကားတွေကိုပါ ရက်ရွှေ့နေတာပါ။ Dune ဇာတ်ကား အပိုင်း ၂ ကို နောက်နှစ် မတ်လအထိ ရွှေ့ထားတာ ဖြစ်ပါတယ်။
အနုပညာရှင်တွေကို ကိုယ်စားပြုတဲ့ ရုပ်မြင်သံကြားနဲ့ ရေဒီယို အနုပညာရှင်များရဲ့ Screen Actors Guild-American Federation နဲ့ ရုပ်ရုပ်ထုတ်လုပ်ရေး ကုမ္ပဏီတွေ ပြန်ညှိနှိုင်းမှုတွေ လုပ်နေကြပါတယ်။
****************************************
“2023 ခုနှစ် Balloon d’Or ဆု မက်ဆီဆွတ်ခူး”
၂၀၂၃ ခုနှစ်ရဲ့ Ballon d’Or ဆုပေးပွဲကို ယခုရက်သတ္တထဲမှာ ကျင်းပခဲ့ပါတယ်။
ဆုပေးပွဲရဲ့အမြင့်ဆုံးဆုဖြစ်တဲ့ Ballon d’Or ဆုကိုတော့ ပေါက်ကြားထားတဲ့သတင်းတွေအရပဲ ပူပူနွေးနွေး ကမ္ဘာ့ဖလားဆုရ အာဂျင်တီးနားနဲ့ အင်တာမီယာမီ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ရှစ်ကြိမ်မြောက်အဖြစ် ဆွတ်ခူးသွားပါတယ်။
အမျိုးသမီး Balloon d’Or ဆုကိုတော့ စပိန်နဲ့ ဘာစီလိုနာ အမျိုးသမီးအသင်း ကစားသမားဖြစ်တဲ့ အိုက်တာနာ ဘွန်မာတီ (Aitana Bonmat)က ဆွတ်ခူးရနိုင်ခဲ့ပါတယ်။
အကောင်းဆုံးတိုက်စစ်ကစားသမားဆုဖြစ်တဲ့ Gerd Mller Trophy ကိုတော့ ဂိုးနဲ့ ပံ့ပိုးမှု 71 ကြိမ်အထိပြုလုပ်နိုင်ခဲ့တဲ့ နော်ဝေးနဲ့ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်းဟာလန်း (Erling Haaland)က ရယူသွားနိုင်ခဲ့ပါတယ်။
အာဂျင်တီးနားနဲ့ အက်စတွန်ဗီလာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ် (Emiliano Martnez)ကတော့ အကောင်းဆုံးဂိုးသမားဆုဖြစ်တဲ့ Yashin Trophy ကို ဆွတ်ခူးသွားပါတယ်။
အသက် (၂၁) နှစ်အောက် အကောင်းဆုံး ကစားသမားတွေကို ပေးတဲ့ Kopa Trophy ကိုတော့ England နဲ့ ဒေါ့မွန် (ကစားခဲ့) နဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားဖြစ်သူ ဂျု ဘယ်လင်ဂမ် (Jude Bellingham) က ရရှိခဲ့ပါတယ်။
လူသားချင်းစာနာထောက်ထားမှုအလုပ်တွေကို အသိအမှတ်ပြုပေးအပ်တဲ့ Socrates Award ကိုတော့ ဘရာဇီးနဲ့ ရီးရဲလ်မက်ဒရစ်ကစားသမား ဗင်နီးစီးယပ် ဂျူနီယာ (Vincius Jr.) က ရယူသွားခဲ့ပါတယ်။
(အမျိုးသား) တစ်နှစ်တာအကောင်းဆုံးဘောလုံးအသင်းဆုကို မန်ချက်စတာစီးတီး (Manchester City) အသင်းက ၂ နှစ်ဆက်တိုက်ဆွတ်ခူးရရှိခဲ့ပြီး (အမျိုးသမီး) တစ်နှစ်တာ အကောင်းဆုံး ဘောလုံးအသင်းဆုကိုတော့ ဘာစီလိုနာ အမျိုးသမီးအသင်း(Barcelona Femen) က ရရှိသွားခဲ့ပါတယ်။