ဒီတစ်ပတ် စက်သုံးဆီ အခြေအနေ (ဒီဇင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ)

Author လင်းနွေဦး
Categories
Published on Dec 17, 2023

“ဈေးထပ်ကျပြပေမဲ့ တန်းစီရဆဲစက်သုံးဆီ”

 

ဒီတစ်ပတ်မှာလည်း စက်သုံးဆီဈေးတွေ ထပ်ကျပြန်ပေမဲ့လို့ ဝယ်မရတာကို မော်တော်ယာဉ်ပိုင်ရှင်တွေနဲ့ တစ်နိုင်ငံလည်း မျက်မြင်ဖြစ်ပါတယ်။

 

အဓိကအကြောင်းအရင်းကတော့ နှစ်ချက်ရှိပါတယ်။ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်ကနေ ဒီဇင်ဘာ (၁)ရက်နေ့ကစလို့ ပြောင်းလဲလိုက်တဲ့ နိုင်ငံထဲကို စက်သုံးဆီတင်သွင်းမှုပမာဏ ရဲ့ နိုင်ငံခြားဒေါ်လာငွေ ပေါက်ဈေး ၁၀၀ ရာခိုင်နှုန်းလုံးကို ပြင်ပဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရမယ်ဆိုတာဟာ ပထမအကြောင်းအရင်း ဖြစ်ပါတယ်။

 

ဒုတိယအကြောင်းအရင်းကတော့ စက်သုံးဆီလုပ်ငန်းရှင်ကြီးတွေရဲ့ ထိန်းရောင်းချမှုကြောင့်ပါ။ ဆိပ်ကမ်းတွေမှာရှိနေတဲ့ ဆီလုပ်ငန်းရှင်အသီးသီးရဲ့ “ဆီသိုလှောင်ရုံ”ကြီးတွေက ဆီတွေကို ထိန်းပြီးရောင်းချနေတာကြောင့် မြို့ကြီးတွေက စလို့ နိုင်ငံတဝန်း ဆီရှားပါးမှု ပြဿနာ ကြုံတွေ့နေရတာပါ။

 

စက်သုံးဆီလုပ်ငန်းရှင်ကြီးတွေကတော့ ဒါကို စစ်ကောင်စီက တစ်ပတ်တစ်ခါ ထုတ်ပြန်နေတဲ့ တစ်ပတ်အတွင်းရောင်းချရမဲ့ စက်သုံးဆီ ရည်ညွှန်းဈေးသတ်မှတ်ချက် စနစ်ကိုဖြုတ်မပေးတာကြောင့်လို့ အကြောင်းပြပါတယ်။

 

ဆိုလိုတာက စစ်ကောင်စီက ရည်ညွှန်းဈေးစနစ်ပယ်ဖျက်ပေးပြီး ဆီလုပ်ငန်းရှင်ကြီးတွေ အလိုအတိုင်း ဈေးသတ်မှတ်ခွင့်သာပေးရင် ဆီဈေးတွေ ဈေးတက်လာပြီး လိုသလောက်တော့ ဝယ်ယူလို့ရမယ်ဆိုတဲ့ သဘောပါ။

 

ဒီတစ်ပတ် စက်သုံးဆီဈေး အခြေအနေကို ပြီးခဲ့တဲ့ အပတ် ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ပါက  ၉၅ အောက်တိန်း ၊ ရိုးရိုးဒီဇယ် နဲ့ အဆင့်မြင့်ဒီဇယ် တို့ရဲ့ တစ်လီတာ ဈေးနှုန်းဟာ (၃၀)ကျပ် တိတိကျကျကို လျော့ကျခဲ့ပြီး ၉၂ အောက်တိန်း တစ်လီတာ ဈေးနှုန်းကတော့ (၂၀)ကျပ်တိတိကို လျော့ကျခဲ့ပါတယ်။

 

လက်ရှိဈေးကွက်အတွင်း စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းတွေ ကတော့ ၉၂ အောက်တိန်း တစ်လီတာ ၂၄၄၅ ကျပ်၊ ၉၅ အောက်တိန်း တစ်လီတာ ၂၅၄၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာ ၂၂၄၀ ကျပ်နဲ့ ရိုးရိုးဒီဇယ် တစ်လီတာ ၂၁၈၅ ကျပ် ဈေးရှိနေပါတယ်။

 

ဆီဈေးတွေ အကျပြပေမဲ့လို့ ရခိုင်ပြည်နယ်အတွင်းရှိ မြို့တော်တော်များများမှာ ၉၂ တစ်လီတာ သုံးသောင်းကျော်အထိ ဈေးပေါက်နေလို့ မြို့ခံတွေခမျှာ စက်ဘီးတွေ ပြောင်းစီးနေပါတယ်။

 

ရန်ကုန်လို မြို့ကြီးပြကြီးတွေမှာလည်း မော်တော်ယာဉ်ပိုင်ရှင်တွေ အနေနဲ့ ကိုယ့်အလှည့်ရောက်ဖို့ တစ်နေကုန် စောင့်ဆိုင်းနေရပြီး လိုသလောက်ဝယ်မရ ဖြစ်နေဆဲပါပဲ။