“ဒီတစ်ပတ် စက်သုံးဆီ အခြေအနေ” (ဇန်နဝါရီ ၁၄ ရက်မှ ၂၀ ရက်အထိ)
မျိုးစုံ ကြိုးခုန်သလို တက်တဲ့ စက်သုံးဆီဈေး
ဇန်နဝါရီ ဒုတိယပတ်က CJ Platform က ခန့်မှန်းခဲ့သလို စက်သုံးဆီဈေးတွေဟာ အကျဘက်ကိုပြန်ရောက်ဖို့ မရှိဘူးလို့ ခန့်မှန်းခဲ့တဲ့အတိုင်း ဒီတစ်ပတ် မှာတော့ စက်သုံးဆီ အမျိုးအစား အကုန်လုံး “မျိုးစုံ ကြိုးခုန်” ဆိုသလို ဈေးတွေ ခုန်တက်ခဲ့ပါတယ်။
တက်သမှ ဆိုရင် အရင်အပတ်က အကျပြခဲ့တဲ့ အောက်တိန်းအမျိုးအစား စက်သုံးဆီ တွေဟာ ယခုအပတ်မှာတော့ ယာဉ်ပိုင်ရှင်တွေကိုယ်တိုင် သက်ပြင်းချမိရတဲ့အထိပါ။
“ကားလေး တစ်စီးပိုင်မိပါတယ် ဆီဈေးနဲ့ကုန်ဈေးနဲ့ ငါးပါးကို မှောက်တော့တာပဲ ခုလည်းမေးတာမှ နောက်ကျသေးတယ် 95 ကို ၁၀၀ နီးပါးတောင် တက်လာတာ များများထည့်လေ ကွာဟချက်ကြီးက သိသာတာလေ ဆီဈေးကြည့်ရင်း တဟင်းဟင်းနဲ့ သက်ပြင်းပဲချနေမိတယ် မလွယ်ပါဘူးဗျာ”လို့ ရန်ကုန် တာမွေမြို့က အသက် ၃၀ အရွယ် ကားပိုင်ရှင်အမျိုးသား တစ်ဦးက CJ Platform ကို ပြောပါတယ်။
မော်တော်ယာဉ် ပိုင်ရှင်တွေ “ဟင်း” ချ ရတဲ့ တစ်ပတ်စာ စက်သုံးဆီ ဈေးတွေကို အရင် တစ်ပတ် နဲ့ နှိုင်းယှဉ်ပြရရင် 92 အောက်တိန်း တစ်လီတာကို ၂၅၁၅ ကျပ်မှ ၂၅၈၅ ကျပ်သို့ ၇၀ ကျပ်တိုး၍ လည်းကောင်း၊ 95 အောက်တိန်း တစ်လီတာကို ၂၆၂၅ ကျပ် မှ ၂၇၂၀ ကျပ်သို့ ၉၅ ကျပ်တိတိ တိုး၍လည်းကောင်း ဈေးတက်ခဲ့ပါတယ်။
အလားတူ ရိုးရိုးဒီဇယ် တစ်လီတာကို ၂၃၆၀ ကျပ်ကနေ ၂၄၃၀ ကျပ်သို့ ၇၀ ကျပ်တိုး၍လည်းကောင်း ၊အဆင့်မြှင့်ဒီဇယ် တစ်လီတာကို ၂၄၃၀ ကျပ်ကနေ ၂၄၉၅ ကျပ် သို့ ၆၅ ကျပ် တိုး၍ လည်းကောင်း ဈေးတွေ တက်ခဲ့ပါတယ်။
ဒီလို တက်ရတဲ့ အကြောင်းကိုလည်း “ အမ သိသလောက် လိုက်လေ့လာကြည့်တော့ ခုက ရန်ကုန်မှာဆိုလည်း လက်ကျန်ဆီ တွေ ရောင်းနေတာ ဆီတွေကိုလုပ်ငန်းရှင်တွေက သိုလှောင်ရုံတွေမှာ လှောင်ထားတယ်ကြားတယ် နောက်ပိုင်းတော့ သူတို့နဲ့ ခုလက်ရှိ စစ်ကောင်စီပိုင်းနဲ့ ညှိနှိုင်းပြီး ဈေးတစ်ခု ပြန်ကစားမယ် မြင်တယ် ဒီကာလကတော့ ဒီလိုပါပဲ လုပ်သမျှ ခံရုံပေါ့”ဟု ရန်ကုန်မြို့နေ စီးပွားစီမံကျွမ်းကျင် အမျိုးသမီးတစ်ဦးက သူ့ရဲ့ထင်မြင်ချက်ကို ပြောပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ အနေအထားတွေကို သုံးသပ်ပြီး CJ Platform မှလည်း နောက်တစ်ပတ် စက်သုံးဆီဈေးတွေဟာ အကျပြရင်တောင် အနည်းငယ်ပဲဖြစ်ပြီး ယခုဈေးနှုန်းဝန်းကျင်မှာ တန့်နေဖို့ရှိတယ်လို့ ခန့်မှန်းလိုက်ပါတယ်။