ဒီတစ်ပတ် ငါတို့ နိုင်ငံ ဘာထူးလဲ? (နိုဝင်ဘာ ၆ မှ ၁၁ အထိ)

Author ကိုထားဝယ်
Categories
Published on Nov 11, 2023

ယခုအပတ်(နိုဝင်ဘာ ၆ မှ ၁၁ အထိ)ထဲ တိုက်ပွဲသတင်းတွေ ပိုမိုမြိုင်ဆိုင်လာခဲ့ပါတယ်။ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးအရှိန်ကောင်းနေဆဲဖြစ်သလို ကရင်နီဘက်မှာလည်း ၁၁၀၇ စစ်ဆင်ရေးဆိုပြီး စတင်နေပါပြီ။ အထူးခြားဆုံးအနေနဲ့ PDF တွေနဲ့ KIA, AA ပူးပေါင်းအဖွဲ့တွေဟာ ကောလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

 

ညီနောင်မဟာမိတ်အဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးသတင်းတွေနဲ့အတူ နိုင်ငံအနှံ့ တော်လှန်ရေးအင်အားစုတွေရဲ့ တန်ပြန်ထိုးစစ် သတင်းတွေဟာ ရှေ့ရောက်ခဲ့ပါတယ်။

 

****************************************

“PDF တွေရဲ့ ပထမဆုံးမြို့သိမ်းတိုက်ပွဲ”

 

ကချင်လွတ်မြောက်ရေးတပ်(KIA)နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ နိုဝင်ဘာ ၆ ရက် တနင်္လာနေ့ မနက် ၈ နာရီဝန်းကျင်မှာပဲ ကောလင်းမြို့ တစ်မြို့လုံးကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ဒါဟာ ၂ နှစ်ကျော် လက်နက်ကိုင်တော်လှန်ရေးကာလအတွင်း ပထမဆုံးမြို့သိမ်းတိုက်ပွဲဖြစ်ပါတယ်။

ကောလင်းမြို့အတွင်းက စစ်ကောင်စီတပ်တွေ အခြေပြုတပ်စွဲထားတဲ့ ကောလင်းရဲစခန်း၊ အထက ၁ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာစီးပွားရေးဘဏ်နဲ့ အထွေထွေ အုပ်ချုပ်ရေးရုံးတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ကောလင်းခရိုင်တပ်ရင်း ၁ နဲ့ ရခိုင်တပ်တော် AA ပူးပေါင်းတဲ့ တပ်ဖွဲ့တွေက ကောလင်းမြို့အရှေ့ခြမ်းနဲ့ ကောလင်းခရိုင်တပ်ရင်း ၂ နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ပူးပေါင်းတဲ့ အဖွဲ့က ကောလင်းမြို့ အနောက်ခြမ်းတို့ကို အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောခဲ့ပါတယ်။

အခုလက်ရှိအချိန်ထိ ကောလင်းမြို့ခံတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းသိမ်းစောင့်ရှောက်ထားပြီး စားနပ်ရိက္ခာအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

PDF အဖွဲ့ဝင်တွေ ကောလင်းမြို့တွင်းရှင်းလင်းရေးလုပ်စဉ်မှာ အရပ်သားအလောင်း ၆ ခုအထိတွေ့ခဲ့ရပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄ လောင်းတွေ့ခဲ့တယ်လို့ သိရသလို တော်လှန်ရဲဘော် ၆ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်က လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း ကာကွယ်ရေးအဖွဲ့တွေရရှိခဲ့ပါတယ်။

****************************************

 

“ကရင်နီရဲ့ ၁၁၀၇ စစ်ဆင်ရေးစတင်”

 

ရှမ်းမြောက်က ညီနောင်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကရင်နီမှာလည်း ၁၁၀၇ စစ်ဆင်ရေးတွေစတင်နေပါပြီ။

ဒီလ ၆ ရက်နေ့ကစလို့ စစ်ရေးတင်းမာနေတာကနေ အခုရက်ပိုင်းမှာတော့ ၁၁၀၇ စစ်ဆင်ရေးစတင်ကြောင်း ကရင်အမျိုးသားတပ်မတော်(KNDF)ဘက်က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြောထားပါတယ်။

နေပြည်တော်နဲ့ ထိစပ်နေတဲ့ ကရင်နီပြည်နယ်မှာ စစ်ကောင်စီဘက်ကလည်း စစ်ရေးပြင်ဆင်မှုတွေ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းကပြုလုပ်နေခဲ့တာပါ။

စနေနေ့မှာပဲ တိုက်ပွဲကြိုတင်သတိပေးချက်အနေနဲ့ လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော်-မိုးဗြဲနဲ့ လွိုင်ကော်-ဆီဆိုင် လမ်းမကြီးတွေပေါ် အသွားအလာမလုပ်ဖို့ KNDF ဘက်က ထုတ်ပြန်လာပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၁ ရက်ကစလို့ အထက်ကနေရာတွေနဲ့အနီးတဝိုက်မှာ စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေလို့ ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးသွားလာခြင်း၊ နေအိမ်ပြင်ပထွက်၍ သွားလာခြင်းတွေ မပြုလုပ်ကြဘဲ အိမ်ထဲမှာ လုံလုံခြုံခြုံနေကြဖို့ တိုက်တွန်းထားပါတယ်။

အဲဒီမနက်ပိုင်းမှာပဲ ကရင်နီ(ကယား)ပြည်နယ် မြို့တော် လွိုင်ကော်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကရင်နီတပ်ပေါင်းစုတွေက စတင်တိုက်ခိုက်နေကြပြီလို့ CJ Platform က စုံစမ်းသိရပါတယ်။

နံနက် ၅ နာရီကစပြီး စစ်ကောင်စီရဲ့ ဂိတ်စခန်းရှိတဲ့ ချီကယ်၊ ဘာဒို၊ ထေးငှားလျားရပ်ကွက်တွေမှာ တိုက်ပွဲတွေဖြစ်နေတာပါ။ ထိုတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးတွေအသုံးပြုတိုက်ခိုက်နေပါတယ်။

****************************************

 

“မြို့သိမ်း၊ စခန်းသိမ်းနေဆဲ မြောက်ပိုင်းအဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး”

 

ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနဲ့ ကြူကုတ်(ပန်ဆိုင်း)တို့အပြင် အခုတော့ ကွမ်းလုံမြို့ကိုပါ ညီနောင်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်လိုက်ပြန်ပါပြီ။

ဒါ့အပြင် စစ်ကောင်စီရဲ့ စခန်းကြီး၊ ငယ် ၁၅၀ ကျော်နဲ့ မရေမတွက်နိုင်လောက်အောင်များပြားတဲ့ လက်နက်ခဲယမ်းတွေကိုလည်း ညီနောင်အဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့တာပါ။

ဒါဟာ ရက်ပိုင်းလေးအတွင်းမှာပဲ ရခဲ့တာပါ။ အတိအကျဆိုရရင် ၁၆ ရက်အတွင်းမှာပါ။

၁၀၂၇ စစ်ဆင်ရေး ၁၅ ရက်မြောက်နေ့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ ကွမ်းလုံမြို့ကို သိမ်းပိုက်ထားပြီး အလုံးစုံထိန်းချုပ်နိုင်ဖို့ဆက်လက်ကြိုးစားနေကြပါတယ်။ ကွမ်းလုံမြို့နဲ့ အနီးပတ်ဝန်းကျင်မှာတော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်ဖြစ်နေဆဲပဲဖြစ်ပါတယ်။

စစ်ကောင်စီက နိုဝင်ဘာ ၁၁ရက် နေ့မှာ တရုတ်နိုင်ငံ အကူအညီနဲ့ တည်ဆောက်ထားတဲ့ ကွမ်းလုံတံတားသစ်ကိုဖွင့်လှစ်ဖို့ ပြင်ဆင်နေချိန်မှာပဲ ညီနောင်မဟာမိတ်တွေက သိမ်းယူလိုက်တာဖြစ်ပါတယ်။

ကွမ်းလုံမြို့ဟာ ၁၉၇၁ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ရက် ၄၀ တိုက်ပွဲဖြစ်ပွားခဲ့ရတဲ့ နာမည်ကျော်နေရာဖြစ်ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့ရဲ့ အနီးမှာတည်ရှိသလို ချင်းရွှေဟော် တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်က စစ်ရေးအရ အရေးပါတဲ့မြို့ဖြစ်ပါတယ်။

****************************************

 

“ရှမ်းမြောက်တိုက်ပွဲကြောင့် စစ်ရှောင် ငါးသောင်းနီးပါးရှိလာ”

 

ညီနောင်သုံးဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ကောင်စီတပ်တွေအပေါ် ပူးပေါင်းဆင်နွှဲနေတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ စစ်ရှောင် ငါးသောင်းနီးပါးရှိခဲ့ပြီလို့ လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးရုံး(UNOCHA)က ဆိုပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့အထိ ရှမ်းပြည်မြောက်ပိုင်းကတိုက်ပွဲတွေကြောင့် အရပ်သားပြည်သူပေါင်း ၅ သောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ်ဆန်းမှာ အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း မြန်မာစစ်တပ်အတွက် စစ်ရေးအရ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တယ်လို့ သုံးသပ်သူတွေကလည်း ပြောပါတယ်။

MNDAA၊ TNLA နဲ့ AA အဖွဲ့ပါတဲ့ ညီနောင် ၃ ဖွဲ့က တရုတ်နဲ့ မြန်မာအကြားက အဓိက ကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ် ပိတ်ဆို့လိုက်ပြီး စစ်ကောင်စီရဲ့ စခန်းပေါင်း အနည်းဆုံး ၁၅၀ လောက်ကို သိမ်းပိုက်လိုက်တဲ့အပြင် မြို့အတော်များများကိုလည်း ထိန်းချုပ်ထားပြီလို့ ထုတ်ပြန်ထားပါတယ်။

****************************************

 

“တရုတ်လုံခြုံရေးစိုးရိမ်မှုအပေါ် အလေးထားဖို့ မြန်မာကိုတောင်းဆို”

 

တရုတ်-မြန်မာနယ်စပ်မှာ ဖြစ်ပွားနေတဲ့တိုက်ခိုက်နေသူတွေအနေနဲ့ တရုတ်ရဲ့ လုံခြုံရေးစိုးရိမ်မှုအပေါ် အလေးထားဖို့ တရုတ်အစိုးရက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတာကို တရုတ်က အထူးစိုးရိမ်နေပြီး တရုတ်-မြန်မာနယ်စပ် လုံခြုံရေးအတွက် တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbin က စနေနေ့ ပုံမှန်သတင်းစာရှင်းပွဲမှာ ထပ်မံ တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ခိုက်နေကြတဲ့အဖွဲ့အားလုံးအနေနဲ့ တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ပြီး တရုတ်-မြန်မာနယ်စပ် တည်ငြိမ်လုံခြုံရေးကိုထိန်းသိမ်းဖို့ တရုတ်အစိုးရက တိုက်တွန်းပါတယ်။

လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် တရုတ် မြန်မာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းတွေရဲ့ လုံခြုံမှုပိုင်းကိုတော့ မထိခိုက်ဘူးလို့လည်း သူကပြောပါတယ်။ တရုတ် မြန်မာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းဟာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးမှာ အရေးကြီးသလို ၂ နိုင်ငံလုံးနဲ့ ၂ နိုင်ငံလုံးက ပြည်သူတွေအတွက် အကျိုးရှိစေတယ်လို့လည်း တရုတ်အစိုးရ ပြောခွင့်ရက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ဆင်ရေး ၁၀၂၇ ကို စတင်ခဲ့ပြီးနောက်ပိုင်း တရုတ်နယ်စပ်မြို့တွေအပေါ် လက်နက်ကြီးတွေကျတာရှိသလို တရုတ်နိုင်ငံသားတချို့ သေဆုံးတယ်ဆိုတဲ့ သတင်းတွေလည်း အဲဒီဒေသဘက်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံဘက်က တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေကို ရှောင်ရှားဖို့လည်း တရုတ်အစိုးရက ပြောကြားထားပါတယ်။

****************************************

 

“သမ္မတ ဦးဝင်မြင့် ကျန်းမာရေးကောင်းမွန်”

 

ပြည်သူအများရွေးချယ်တင်မြှောက်ထားတဲ့ သမ္မတ ဦးဝင်းမြင့်ဟာ ကျန်းမာရေးကောင်းမွန်နေတယ်လို့ မိသားစုဝင်တွေက မီဒီယာတွေကို ပြောပါတယ်။

စစ်ကောင်စီရဲ့မတရားထောင်ချခံထားရတဲ့ သမ္မတကို ဒီသီတင်းပတ်ထဲ မိသားစုက  တောင်ငူထောင်မှာ သွားရောက် တွေ့ဆုံခွင့်ရခဲ့တာကို သိရှိခဲ့ရတာပါ။

စစ်ကောင်စီဟာ ဦးဝင်းမြင့်ကို ဒီနှစ်ဇန်နဝါရီလမှာ နေပြည်တော်မှာ လျို့ဝှက်ထားရှိရာကနေ တောင်ငူထောင်ကိုပြောင်းလိုက်တာဖြစ်ပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ စစ်တပ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံရပြီး စစ်ကောင်စီက အမှုပေါင်း ရှစ်မှုနဲ့သူ့ကို တရားစွဲခဲ့တာဖြစ်ပါတယ်။ ဒီ ၈ မှု အတွက် သူ့ကို ကနဦး ထောင်ဒဏ် ၁၂ နှစ် ချမှတ်ထားရာကနေ ထောင်ဒဏ်အချို့ကို စစ်ကောင်စီက လျော့ပေါ့ပေးလိုက်တာမို့ လက်ရှိမှာ ထောင်ဒဏ်စုစုပေါင်း ၈ နှစ် ကျခံနေရတာဖြစ်ပါတယ်။

ကိုဗစ်ဖြစ်ပွားခဲ့တဲ့ အချိန်ကစလို့ ကိုဗစ်စည်းမျဉ်း စည်းကမ်းအရ ထောင်ဝင်စာတွေ့ခွင့်ကို NLD အစိုးရ လက်ထက်က စတင်ပြီး ပိတ်ပင်ထားတာဖြစ်ပါတယ်။ အဲဒီနောက် အာဏာသိမ်း စစ်ကောင်စီ လက်ထက်မှာလည်း တခြားနေရာတွေမှာ ကိုဗစ်စည်းကမ်းတွေ ဖြေလျော့ပေးခဲ့ပေမယ့် ထောင်ဝင်စာတွေ့ခွင့်ကိုတော့ ဖြေလျော့ခဲ့တာ မရှိဘဲ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့ကမှ ပြန်လည်တွေ့ ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

ထောင်ဝင်စာလူတွေ့ခွင့်အတွက် အိမ်ထောင်စုစာရင်းနဲ့ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက် ခံစာနဲ့ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးကြောင်း ထောက်ခံစာတွေပါဖို့ လိုတယ်လို့ အကျဉ်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဦးဝင်းမြင့်မိသားစုတွေ့ခွင့်မှာလည်း ဒီအချက်အလက်တွေ တင်ပြခဲ့ရတယ်လို့ အဲဒီနီးစပ်သူကပြောပါတယ်။

အောက်တိုဘာ ၂၄ ရက်ကစပြီး အကျဉ်းထောင်တွေမှာ ထောင်ဝင်စာ လူတွေ့ခွင့်ပေးဖို့ စစ်ကောင်စီဘက်က စီစဉ်ခဲ့တာမှာ အကျဉ်းသားတဦးကို တလတကြိမ်၊ တခါတွေ့ ၂၅ မိနစ်နဲ့ တွေ့ဆုံခွင့် ပေးပေမယ့် အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဦးဝင်းမြင့်ရဲ့ ရှေ့နေတွေကိုလည်း အမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို မပြောဖို့ စစ်ကောင်စီကပုဒ်မ ၁၄၄ ဥပဒေထုတ် တားမြစ်ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD တိုင်း၊ ပြည်နယ်ဝန်ကြီးချုပ်တွေကတော့ ခုချိန်ထိ မိသားစုတွေ့ခွင့်မရသေးပါဘူး။