“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (ဇန်နဝါရီ ၂၁ မှ ၂၇ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Jan 27, 2024

ဒီတစ်ပတ် (ဇန်နဝါရီ ၂၁ မှ ၂၇ ရက်အထိ) အတွင်း ရက္ခိုင့်တပ်တော်ရဲ့ ပထမဆုံး မြို့သိမ်းတိုက်ပွဲသတင်း၊ ကချင်လွတ်လပ်ရေးတပ် (KIA)နဲ့ တပ်ပေါင်းစုရဲ့ စခန်းသိမ်းတိုက်ပွဲတွေအပြင် ကရင် BGF ရဲ့ စစ်တပ်လက်အောက်က ခွဲထွက်မယ်ဆိုတဲ့ သတင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံနံပါတ် ၅၄ လေလံတင်ဖို့ တရားရုံး ဆုံးဖြတ်လိုက်တဲ့ သတင်းနဲ့ ရှမ်းတောင် ဆီဆိုင်မြို့က တိုက်ပွဲသတင်းတွေ ထိပ်တန်းရောက်ခဲ့ပါတယ်။

****************************************

 

ကရင် BGF ဘာလဲ၊ ဘယ်လဲ

 

စစ်ကောင်စီ လစာနဲ့ ရိက္ခာ မစားတော့ဘူးလို့ နှစ်ပေါင်းများစွာ စစ်တပ်လက်အောက်ခံအဖြစ် တည်ရှိခဲ့တဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့(BGF)က အခု ရက်သတ္တပတ်ထဲ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

 

ဒီသတင်းဟာ စစ်ကောင်စီအသိုင်းအဝိုင်းအတွက် အကြပ်ရိုက်စေခဲ့တယ်ဆိုတာ ချက်ချင်းဆိုသလို စစ်တပ် ဒုတိယ အကြီးဆုံးပုဂ္ဂိုလ်ကိုယ်တိုင် လာတွေ့ခဲ့တာက သက်သေတည်နေပါတယ်။

 

အဲဒီအကြောင်း ဇန်နဝါရီလ ၂၃ ရက်မှာ စစ်ကောင်စီရဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံချိန် ဆွေးနွေးခဲ့ပေမဲ့လည်း အဖြေမရခဲ့ဘူးလို့ သိရပါတယ်။

 

ဒုချုပ် စိုးဝင်းက ကရင် BGF လိုလားတဲ့အချက်တွေအစား မဆီလျော်တဲ့ ပြောကြားမှုတွေကိုပဲ ပြောခဲ့တယ်လို့ BGF ဗိုလ်မှူးကြီး စောချစ်သူက မီဒီယာတွေကို ပြောပြခဲ့ပါတယ်။

 

ပိုနေမြဲ ကျားနေမြဲ နေဖို့ ပြောခဲ့သလို လိုအပ်တာရှိရင် အားလုံးကူညီမယ်လို့ ပြောခဲ့တဲ့အကြောင်း နေပြည်တော်မှာ နေရာအပြောင်းခံထားရတဲ့ ဒုစစ်ခေါင်းဆောင်က ဆိုပါတယ်။

 

ကရင်နယ်ခြားစောင့်တပ် လက်အောက်ခံတပ်ရင်း ၁၃ ရင်းက တပ်ဖွဲ့ဝင်တွေက ကရင်လူမျိုးအချင်းချင်း တိုက်ခိုက်မှုတွေ မလုပ်ချင်တော့တဲ့အပြင် စစ်ကောင်စီရဲ့ လစာနဲ့ ရိက္ခာကို မယူလိုတော့တဲ့အကြောင်း တင်ပြလာတာကြောင့် အခုလိုသီးခြားရပ်တည်ဖို့ စဉ်းစားတာလို့ ဗိုလ်မှူးကြီး စောချစ်သူက ပြောထားပါတယ်။

 

ဒီကိစ္စ ပြေလည်မယ်လို့ ထင်တဲ့အကြောင်းနဲ့ မပြေလည်ဘဲ စစ်တပ်ဘက်က တုံ့ပြန်လာမှုအပေါ်မူတည်ပြီး ပြန်လည်တုံ့ပြန်မယ်လို့ BGF ဗိုလ်မှူးကြီးက ပြောပါတယ်။

 

အခုထိတော့ သူတို့တင်ပြတာနဲ့ပတ်သက်ပြီး ဆွေးနွေးနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က အဖြူ၊ အမဲ သည်းသည်းကွဲကွဲ အကြောင်းပြန်တာမျိုး မရှိသေးပါဘူး။

 

ဒုတိယ ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့အပြီး ဗိုလ်မှူးကြီး စောချစ်သူကို ဗိုလ်မှူးချုပ်အဖြစ် ရာထူးတိုးပေးခဲ့တယ်လို့ စစ်ကောင်စီထောက်ခံသူတွေက သူတို့ရဲ့လူမှုကွန်ရက်တွေမှာ ဝါဒဖြန့်ခဲ့ပေမဲ့ အဲဒါဟာ သတင်းအမှားသာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

 

ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ ကရင်ပြည်နယ် ဘားအံမြို့ကို ဇန်နဝါရီလ ၂၃ ရက်မှာ သွားရောက်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

 

တပ်နယ် လေးနယ်နဲ့ တပ်ရင်း ၁၃ ရင်းရှိတဲ့ ကရင် BGF အဖွဲ့မှာ တပ်ရင်းတစ်ရင်းမှာ တပ်ဖွဲ့ဝင် ၅၅၆ ဦးအထိအင်အားရှိနေတာပါ။

 

ဒီလိုအင်အားရှိတဲ့ ကရင် BGF အဖွဲ့ စစ်ကောင်စီအောက်ကထွက်ပြီး ဘယ်ကို သွားမှာပါလဲ။ ဗိုလ်မှူးကြီး စောချစ်သူအပြောအရ ကရင်အချင်းချင်းမတိုက်ချင်ဘူး ဆိုတဲ့ စကားအရ ကရင်အဖွဲ့တွေနဲ့ ပူးပေါင်းတော့မှာပါလား။

 

ဒါနဲ့ပတ်သက်ပြီး သူက ကရင်အဖွဲ့တွေနဲ့ နှစ်လ၊ သုံးလမှာ တစ်ကြိမ်တွေ့ဆုံနေတဲ့အကြောင်း ပြောထားတာတွေ့ရပါတယ်။

 

သူတို့အဖွဲ့ ဘာလိုချင်လို့ ဒီလိုတွေပြောနေတာပါလဲ။ တကယ်ပဲ ကရင်အချင်းချင်းတိုက်ဖို့ ဆန္ဒမရှိတော့တာပါလား။ ဒါဆို စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မှာပါလား။ နောက်ဆုံး စစ်ကောင်စီရဲ့ မက်လုံးကြောင့်ပဲ ပြန်လည် စိတ်လည်သွားမှာပါလား။ ဒီလိုမသေချာမရေရာတဲ့မေးခွန်းတွေအတွက် အဖြေရှိမနေကြသေးပါဘူး။ အချိန်က အဆုံးအဖြတ်ပေးသွားမှာဖြစ်တဲ့အတွက် စောင့်ကြည့်ရုံမှတစ်ပါး အခြားမရှိပေ။

****************************************

 

ဗိုလ်ချုပ်အမွေ အရှုပ်တော်ပုံ

 

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး အမွေလုနေတာ ၂၀၀၀ ပြည့်နှစ်ကတည်းကပါ။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှာ တရားရုံးအမိန့်နဲ့ပြီးပြတ်ခဲ့တဲ့ ဒီအိမ်အမှုကို ဦးအောင်ဆန်းဦးက ၂၀၁၈ မှာ နေပြည်တော်တရားရုံးအထိတက်ခဲ့ရာမှာလည်း ရှုံးနိမ့်ထားခဲ့ရတာပါ။

 

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းအပြီး ၂၀၂၂ ခုနှစ်မှာ ဒီခြံအမှတ် ၅၄ အမှုကို ဦးအောင်ဆန်းဦးကပဲ ပြန်အစစွဲထုတ်ခဲ့ပါတယ်။ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်တဲ့ သားအကြီး ဦးအောင်ဆန်းဦးရဲ့ ခြံနံပါတ် ၅၄ ခြံကြီးနဲ့ ခြံထဲက နေအိမ်တို့ကို အမွေခွဲဖို့ ၂၀၂၂ ခုနှစ်မှာ အထူးအယူခံတက်တောင်းဆိုခဲ့ပါတယ်။

 

အဲဒီအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခွင့်ပြုအနိုင်ပေးခဲ့ပြီးတဲ့နောက်မှာ နောက်ဆက်တွဲအမိန့် ထွက်ပေါ်လာတာပါ။

 

အခုတော့ ခြံနံပါတ် ၅၄ ကို ကျပ်ငွေ ၃၁၅ ဘီလျံ လေလံကြမ်းခင်းဈေးအဖြစ်သတ်မှတ်ပြီး အခုနှစ် မတ်လ ၂၀ ရက်မှာ နေအိမ်ရှေ့မှာပဲ လေလံတင်ရောင်းချမယ်လို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်မြို့၊ ကမာရွတ်ခရိုင်တရားရုံးက ဇန်နဝါရီ ၂၅ ရက် ကြာသာပတေးနေ့မှာ အမိန့်ချလိုက်ပါတယ်။

 

ဒါကြောင့် သမီးငယ် ဒေါ်အောင်ဆန်းစုကြည်ထိန်းသိမ်းထားတဲ့ ဖခင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ အမွေအနှစ်ဟာ သားကြီး ဦးအောင်ဆန်းဦးရဲ့ မတော်လောဘကြောင့် ပျောက်ပျက်ရပါတော့မယ်။

****************************************

 

ရှမ်းပြည်တောင်ပိုင်းမှာ ပထမဆုံးအသိမ်းခံရတဲ့ ဆီဆိုင်မြို့

 

ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေး ရပ်ဆိုင်းသွားပြီးနောက် ရှမ်းတောင်မှာ ပထမဆုံးအနေနဲ့ ပအို့ဝ်ဒေသ ဆီဆိုင်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား အခုပတ် ရက်တွေထဲ တိုက်ပွဲတွေဖြစ်ပေါ်လာခဲ့ပါတယ်။

 

ဇန်နဝါရီ ၂၅ ရက် ကြာသာပတေးနေ့မှာတော့ ဆီဆိုင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်ပြီလို့ ဒေသခံတွေဆီက အသံတွေထွက်ပေါ်လာခဲ့ပေမဲ့ တိုက်နေတဲ့တော်လှန်တပ်ဖွဲ့တွေဆီကတော့ မထုတ်ပြန်လာသေးပါဘူး။

 

ဆီဆိုင်မြို့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့(KNDF)နဲ့ PDF ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ကြား ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် တနင်္လာနေ့ကတည်းက တိုက်ပွဲတွေ စတင်ပြင်းထန်လာခဲ့တာပါ။

 

စစ်ကောင်စီဘက်က ထုတ်ပြန်ချက်ထဲ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာမှာ PNLA ဝတ်စုံဝတ်ထားသူတွေရဲ့ လက်နက်တင်ကားတန်းကို စစ်ကောင်စီလက်အောက်ခံ ပအို့ဝ်ပြည်သူ့စစ်အပါအဝင် စစ်ကောင်စီတပ်က ကြားဖြတ်ဟန့်တားရာကနေ ပစ်ခတ်မှုတွေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဖြစ်ခဲ့ပါတယ်။ အဲဒီ ပစ်ခတ်မှုအပြီး ပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ ဆီဆိုင်မြို့က တိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာပါ။

 

အဲဒီနောက် ဆီဆိုင်မြို့ကို ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်လိုက်တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့တာပါ။ ပူးပေါင်းတပ်ထိန်းချုပ်လိုက်ပြီလို့ဆိုတဲ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာပဲ ဆီဆိုင်မြို့ထဲအပါအဝင် ကျေးရွာတွေကို စစ်ကောင်စက ဂျက်ဖိုက်တာအပါအဝင် Y12 လေယာဉ်တွေနဲ့အကြိမ် ၂၀ နီးပါး တိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) က ဇန်နဝါရီ ၂၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ထိုဗုံးကြဲမှုအတွင်း စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀ဝ ဗုံးတွေကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 

လတ်တလော ဆီဆိုင်မြို့နယ်ထဲ ဆက်သွယ်ရေးအခက်အခဲတွေဖြစ်ပေါ်နေပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်မှုတွေလည်း ဖြစ်နေတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီနဲ့ ပအို့ဝ်ပြည်သူ့စစ်တွေဘက်ကလည်း ထိုးစစ်ဆင်မှုတွေ ပြန်လည်ပြုလုပ်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။

 

တိုက်ပွဲတွေကြောင့် ဆီဆိုင်၊ ဆိုက်ခေါင်၊ ဘန်းယဉ်အပါအဝင် အနီးအနားရှိ ကျေးရွာတွေက ရွာသားတွေအကုန်လုံးနီးပါး တောင်ကြီး၊ ဟိုပုံးဘက်ကို တိမ်းရှောင်ခဲ့ကြရသလို ဇန်နဝါရီ ၂၆ ရက် သောကြာနေ့မှာ ဆိုက်ခေါင်က ဒေသခံတွေ တောင်ကြီးနဲ့ ညောင်ရွှေဘက်ကိုဆက်ပြီး စစ်ရှောင်နေကြပါတယ်။