“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (ဇန်နဝါရီ ၈ မှ ၁၃ အထိ)

Author ကိုထားဝယ်
Categories
Published on Jan 13, 2024

ဒီတစ်ပတ်(ဇန်နဝါရီ ၈ မှ ၁၃ အထိ)အတွင်း အစောပိုင်းရက်တွေမှာ TNLA က ကွတ်ခိုင်မြို့သိမ်းနိုင်ခဲ့တဲ့သတင်း၊ ရခိုင်မြောက်ပိုင်းနဲ့ ပလက်ဝဒေသက AA ရဲ့ စခန်းသိမ်းတိုက်ပွဲသတင်းတွေကို စိတ်ဝင်တစားရှိခဲ့ပေမယ့် ဇန်နဝါရီ ၁၂ ရက် သောကြာနေ့ ညနေပိုင်းမှ ထွက်ပေါ်လာတဲ့ ရှမ်းမြောက်မှာ ညီနောင်အဖွဲ့တွေနဲ့ စစ်ကောင်စီကြား အပစ်ရပ်သဘောတူလိုက်ပြီဆိုတဲ့သတင်းက ရှေ့အရောက်ဆုံးနဲ့ လူစိတ်ဝင်စားမှု အမြင့်တက်ဆုံး ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် CJ Platform အနေနဲ့ ယာယီအပစ်ရပ်လိုက်မှုနဲ့ပတ်သက်လို့ “ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးအဆုံးသတ်ပြီလား။” ခေါင်းစဉ်နဲ့ အပစ်ရပ်မှုအကြောင်း ဒီတစ်ပတ်အတွက်ဖော်ပြလိုက်ပါတယ်။

 

“ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး အဆုံးသတ်ပြီလား။”

 

ရှမ်းမြောက်က ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ လမ်းခုလတ်အရောက်မှာပဲ တားဆီးခံလိုက်ရပါပြီ။ တရုတ်ကြားဝင်မှုနဲ့ ဇန်နဝါရီ ၁၁ ရက်ကစလို့ စစ်ကောင်စီ Vs ညီနောင်သုံးဖွဲ့ကြား ယာယီအပစ်ရပ်ဖို့ သဘောတူခဲ့ကြပါတယ်။

 

ဒါဟာ ရက်ပေါင်း ၇၇၊ နှစ်လကျော်မှာပဲ ရပ်တန့်လိုက်ရပါပြီ။

 

အာဏာရှင်ဖြုတ်ချရေး အားသွန်ခွန်စိုက်လုပ်ဖို့၊ Nationwide စစ်ဆင်ရေးဖော်ဆောင်ဖို့ တွင်တွင်ပြောနေတဲ့ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA၊ ရက္ခိုင့်တပ်တော် AA တို့ရဲ့ ညီနောင်အဖွဲ့ဟာ တရုတ်ဖိအား‌အောက်မှာ ပြားပြားဝပ်ခဲ့ကြရပါပြီ။

 

ဇန်နဝါရီ ၉ ရက်ကနေ ၁၁ ရက်အထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ညီနောင်အဖွဲ့နဲ့ စစ်ကောင်စီ တာဝန်ရှိသူတွေကြားက ဆွေးနွေးပွဲတွေထဲ ယာယီအပစ်ရပ်ဖို့ သဘောတူခဲ့ကြရတာပါ။

 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းမှာလည်း တရုတ်ကြားဝင်မှုနဲ့ ကူမင်းမြို့မှာပဲ ‌တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။ အဲဒီတုန်းကလည်း အပစ်ရပ်ကြဖို့ သဘောတူခဲ့ကြတယ်လို့ တရုတ်နဲ့ စစ်ကောင်စီတို့က ထုတ်ပြောပေမယ့် ညီနောင်အဖွဲ့တွေက ထုတ်မပြောခဲ့ပါဘူး။

 

အဲဒီနောက် ဒီဇင်ဘာလထဲမှာပဲ တိုက်ပွဲတွေပြန်ဖြစ်ခဲ့ကြပြီး စစ်ကောင်စီ တပ်စခန်းတွေနဲ့ မြို့တွေ ညီနောင်သုံးဖွဲ့က ဆက်သိမ်းခဲ့ကြပါတယ်။

 

အခုနှစ် ဇန်နဝါရီ သဘောတူညီမှုမှာတော့ စစ်ကောင်စီဘက်က ရှမ်းမြောက်မှာ ညီနောင်အဖွဲ့တွေ သိမ်းထားတဲ့ မြို့ ၁၇ ခုနဲ့ စခန်း ၅၀၀ ကျော်ကို မတိုက်ခိုက်ဘူးဆိုတဲ့ ကတိအပါအဝင် ညီနောင်အဖွဲ့အနေနဲ့ စစ်ကောင်စီစခန်းတွေကို စတင်ထိုးစစ်မဆင်ရန်၊ စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးမပစ်ခတ်ရန် တွေပါဝင်ပါတယ်။

 

ဒါပေမဲ့ နှစ်ဖက်အပစ်ရပ်ဖို့ သဘောတူထားတယ်ဆိုတဲ့ ဇန်နဝါရီ ၁၁ မှာပဲ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ ညီနောင်အဖွဲ့တွေက ဆိုလာကြပါတယ်။

 

နှစ်ဖက်အပစ်ရပ်တယ်လို့ဆိုတဲ့ ပထမနေ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာလည်း စစ်တပ်က လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်မြို့တွေကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

 

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် မိုးမိတ်မြို့ အုန်းကြောရွာသစ်နဲ့ ရွာဟောင်းတို့မှာ ကျရောက်ပေါက်ကွဲလို့ ရွာသစ်ဘက်က သုံးယောက်ဒဏ်ရာရပြီး ရွာဟောင်းဘက်က လင်မယားနှစ်ယောက် သေဆုံးခဲ့သလို နေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

အဲဒီလိုပဲ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာလို့ အပစ်ရပ် ဒုတိယနေ့ ဇန်နဝါရီ ၁၃ ရက်မှာ ကျောက်မဲမြို့မှာ TNLA နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

 

ဒီတော့ ပထမတွေ့ဆုံခဲ့မှုလို စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ကြောင့် ၁၀၂၇ စစ်ဆင်ရေး ပြန်လည် အသက်ဝင်လာမလား။ တရုတ်ဖိအားကြောင့်ပဲ အဆုံးသတ်သွားမလား။ အားလုံးက စောင့်ကြည့်နေကြပါတယ်။

 

အခုအပစ်ရပ်မှုနဲ့ပတ်သက်လို့ ညီနောင်သုံးဖွဲ့အပေါ် တရုတ်ရဲ့ဖိအားက အလွန်ကြီးမားတယ်လို့ဆိုကြသလို အပစ်ရပ်လိုက်တဲ့အပေါ် စစ်အာဏာရှင်ဆန့်ကျင်သူတွေက မြောက်ပိုင်းအဖွဲ့အပေါ် ဒေါသထွက်နေကြပါတယ်။