“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (ဒီဇင်ဘာ ၁၇ မှ ၂၃ အထိ)

Author ကိုထားဝယ်
Categories
Published on Dec 23, 2023

ဒီတစ်ပတ်(ဒီဇင်ဘာ ၁၇ မှ ၂၃ အထိ)ထဲတော့ ရှမ်းမြောက်မှာတင် စစ်ကောင်စီစခန်းတွေ သိမ်းခဲ့တာမဟုတ်ဘဲ ကရင်၊ ချင်းပြည်နယ်တို့မှာလည်း စခန်းတွေ သိမ်းခဲ့ကြပါတယ်။ ရှမ်းမြောက်မှာတော့ TNLA က နမ့်ခမ်းမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့သလို ရှမ်းမြောက်တိုက်ပွဲထဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ထုတ်ဖော်လာပါတယ်။ အဲဒီနောက် HRW ကလည်း ရှမ်းမြောက်မှာ လက်နက်ကိုင်အဖွဲ့တွေ အရပ်သားတွေကို တပ်သားသစ်အဖြစ် စုဆောင်းနေတဲ့အကြောင်း စွပ်စွဲပြောဆိုတဲ့ အစီရင်ခံစာတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလို ရှမ်းမြောက်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ တရုတ်က ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ ဝင်ပြောတဲ့သတင်းလည်း ရှိနေခဲ့ပြန်ပါတယ်။ အဲဒီလိုသတင်းတွေနဲ့အတူ မန္တလေးနန်းတွင်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့ တိုက်ခိုက်နိုင်ခဲ့တာ၊ ရှမ်းမြောက်ဒေသထဲ KIA တပ်တွေ စခန်းဝင်သိမ်းတဲ့သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

****************************************

 

ရှမ်းမြောက်တိုက်ပွဲတွေ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တရုတ်ပြောပြန်

 

အောင်ပွဲတွေ အလီလီဆင်နေတဲ့ စစ်ဆင်ရေးကြီးတစ်ခု ရပ်တန့်တော့မယောင် ယခု ဒီဇင်ဘာ လဆန်းပိုင်းမှာ ဖြစ်ပေါ်ခဲ့ရပါတယ်။ အကျိုးရှိလို့ အကြောင်းဖြစ်တယ်ဆိုသလို စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ကြားထဲကို တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးတယ်လို့ ဆိုလာခဲ့တာဖြစ်ပါတယ်။

 

သူတို့တွေ့ဆုံခဲ့ကြတဲ့အကြောင်း စစ်ကောင်စီဘက်က ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စတင်ထုတ်ပြောပြီးနောက် တရုတ်ဘက်က ထုတ်ပြောပါတယ်။ ဒါပေမဲ့ ညီနောင်သုံးဖွဲ့ဘက်ကတော့ အဲဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အခုထိ တစ်စုံတရာ ထုတ်ပြောတာ၊ မီဒီယာတွေကို ဖြေကြားတာမျိုးမလုပ်သေးပါဘူး။

 

အခုလည်း တရုတ်ဘက်ကနေ ရှမ်းမြောက်မှာ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ယာယီအပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တယ်လို့ ကြေညာထားပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ ပဋိပက္ခတွေမှာ ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ လက်နက်ကိုင်အဖွဲ့အားလုံးကို တောင်းဆိုကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့က ထပ်မံ ပြောလာပြန်ပါတယ်။

 

နယ်စပ်ကုန်သွယ်ရေးမှာ အဓိကအရေးပါတဲ့ လောက်ကိုင်နယ်စပ်ဂိတ်ကို MNDAA ကိုးကန့်တပ်က သိမ်းလိုက်ကြောင်း သတင်းတွေထွက်လာပြီးနောက်မှာပဲ တရုတ်က ထွက်ပေါ်လာခဲ့ပြန်တာပါ။

 

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့အတူ စစ်ကောင်စီနဲ့ တိုင်းရင်းသားအဖွဲ့တွေကြား ကူမင်းမြို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြပြီး ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့အကြောင်း ဘေဂျင်းမြို့က သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က ထပ် ပြောပေမယ့် သဘောတူညီချက်ရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ သက်ဆိုင်ရာ အစုအဖွဲ့တွေအနေနဲ့ “သဘောတူညီချက်အတိုင်း ဖြစ်မြောက်ဖို့ စိတ်အားထက်ထက်သန်သန်နဲ့ အကောင်အထည်ဖော်ပြီး အမြင့်ဆုံးအဆင့်နဲ့ ထိန်းထိန်းသိမ်းသိမ်း လိုက်နာကျင့်သုံးရင်း လက်တွေ့မြေပြင်မှာ တင်းမာမှုတွေ လျှော့ချရေး အစပျိုးလုပ်ဆောင်ဖို့” တရုတ်နိုင်ငံခြားရေးပြောခွင့်ရ Wang က တောင်းဆိုခဲ့ပါတယ်။

 

တစ်ဖက်မှာလည်း တရုတ်နယ်စပ် ကိုးကန့်ဒေသ အပါအဝင် ရှမ်းပြည်မြောက်ပိုင်းတခွင်မှာ တိုက်ပွဲတွေက ဆက်ဖြစ်နေပါတယ်။ MNDAA ကိုးကန့်တပ်မတော်က အခု နောက်ဆုံးသိမ်းထားတယ်ဆိုတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမြို့တော် လောက်ကိုင်မြို့နယ်ထဲက နယ်စပ်ဂိတ်ဟာ အောက်တိုဘာလ ၂၇ ရက်က စတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆေးရေးအတွင်း ပဉ္စမမြောက်သိမ်းယူခဲ့တဲ့ နယ်စပ်ဖြတ်ကျော်ဂိတ် ဖြစ်လာပါတယ်။

 

ရန်လုံကျိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်မှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဂိတ်စောင့်ပြည်သူ့စစ်အဖွဲ့ဝင်တွေ လက်နက်ချခဲ့လို့ MNDAA က ထိန်းချုပ်ထားပြီး ကုန်သွယ်ဂိတ်နားမှာ MNDAA တပ်ဖွဲ့ဝင်တွေကို တွေ့ခဲ့တယ်လို့ လောက်ကိုင်ဒေသခံတွေက ဆိုပါတယ်။ ရှမ်းပြည်အခြေစိုက် ဒေသအွန်လိုင်းမီဒီယာတစ်ခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနရဲ့ မြို့ခံတစ်ဦးကို ကိုးကားပြီး ရေးတဲ့သတင်းမှာလည်း နယ်စပ်ဂိတ်ဝမှာ MNDAA အလံလွှင့်တင်ထားတာကို တွေ့ရတယ်လို့ ဖော်ပြပါတယ်။

 

လောက်ကိုင်မြို့မှာ စစ်ကောင်စီ စစ်တပ်သြဇာခံ ဒေသခံပြည်သူ့စစ်ခေါင်းဆောင်တွေနဲ့ တရုတ်ရင်းနှီးမြှုပ်နှံသူတွေ ထိန်းချုပ်ထားတဲ့ အွန်လိုင်းလိမ်လည်လှည့်ဖြားမှုလုပ်ငန်းတွေ အပါအဝင် ရာဇဝတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတယ်ဆိုပြီး လူသိများပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းတွေထဲမှာ ဒီလုပ်ငန်းတွေကို တရုတ်အစိုးရက စစ်ဆင်ရေးတွေလုပ် ဖြိုခွဲခဲ့ပြီး ထောင်နဲ့ချီတဲ့ လူတွေကို တရုတ်နိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။

 

တစ်ဖက်မှာလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအပြင် ဆိုင်ဘာရာဇဝတ်မှုလုပ်ငန်းတွေ နှိမ်နင်းရေး ရည်မှန်းချက်ပါတဲ့ MNDAA ကိုးကန့်တပ် ဦးဆောင်တဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် (၃) ဖွဲ့ရဲ့ စစ်ဆင်ရေးတွေ အတွင်းမှာ လောက်ကိုင်မြို့နယ်ထဲက နယ်စပ်ဂိတ် အပြင် တရုတ်နယ်စပ် ကုန်သွယ်ရေးမှာ အရေးပါတဲ့ တခြား နယ်စပ်ဖြတ်ကျော်ဂိတ် ၄ ခုနဲ့ စစ်ကောင်စီ စစ်စခန်း ၂၀ဝ ကျော်ကို သိမ်းထားပါတယ်။

 

ဒီလို နယ်စပ်ကုန်သွယ်ရေးတွေ ပိတ်ပြီး နယ်စပ်တလျှောက် တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ အပစ်အခတ်ရပ်စဲဖို့ တရုတ်နိုင်ငံက စတင် တောင်းဆိုလာခဲ့တာပါ။ စစ်ကောင်စီနဲ့ တိုင်းရင်းသားမဟာမိတ်တပ်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ ကြားဝင်စေ့စပ်ခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

 

ဒါပေမယ့် အဲဒီနောက်ပိုင်းမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက အနည်းဆုံး မြို့နယ်ငါးမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) က မြို့နယ် ၂ ခုကို သိမ်းယူထားတယ်လို့ ပြောပါတယ်။ MNDAA ကျောထောက်နောက်ခံပြု အွန်လိုင်းမီဒီယာ တခုဖြစ်တဲ့ The Kokang မီဒီယာရဲ့ ဖော်ပြချက်မှာတော့ MNDAA တပ်စခန်းတွေကို တပ်မတော်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီးနောက်မှာ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့ကြောင်း အင်္ဂါနေ့မှာ ဖော်ပြပါတယ်။ လောက်ကိုင်မြို့ခံတွေကလည်း အင်္ဂါနေ့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်း အေပီသတင်းဌာနကိုပြောပြီး စစ်ကောင်စီဘက်က မြို့ထဲက တချို့နေရာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

****************************************

 

တရုတ်ငြိမ်းချမ်းရေးဆိုပေမယ့် စခန်းတွေ ဆက်သိမ်းနေဆဲ

 

တရုတ်က ကြားဝင်ပြီး တိုက်ပွဲတွေရပ်၊ ငြိမ်းချမ်းရေးယူကြဖို့ တသွပ်သွပ်ပြောနေကြပေမယ့် ရှမ်းမြောက်ဒေသထဲမှာ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်သလို ညီနောင်အဖွဲ့တွေက စခန်းတွေဆက်သိမ်းနေဆဲဖြစ်ပါတယ်။

 

အခုဆို နမ့်ခမ်းမြို့ တစ်မြို့လုံးကို တအာင်းတပ် TNLA တွေ ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ပါတယ်။ တအာင်းတပ်မတော် (TNLA)ဟာ နမ့်ခမ်းမြို့ကို နိုဝင်ဘာ (၁၇) ရက်ကနေ ဒီဇင်ဘာ (၁၈) ရက်နေ့အထိ ၃၁ ရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၉ ရက် အင်္ဂါနေ့မှာ သိမ်းယူနိုင်ခဲကြပါတယ်။

 

အဲဒီ မြို့သိမ်းတိုက်ပွဲအပြီး တအာင်းတပ်က အခုလို ထုတ်ပြောပါတယ်။

 

တအာင်းတပ်မတော်ရဲ့ အသက်၊ သွေး၊ ချွေးတို့ စံချိန်တင် စတေးခဲ့ရတဲ့ တိုက်ပွဲများထဲက တစ်ခုဖြစ်တယ် လို့ ထုတ်ပြန်ပါတယ်။

 

အဲဒီမြို့သိမ်းတိုက်ပွဲတွေထဲ တအာင်းတပ်ဘက်က (၄၉) ဦးကျဆုံးပြီး (၁၄၅) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပြောကြားပါတယ်။

 

စစ်ကောင်စီဘက်ကလည်း ဗိုလ်မှူးအဆင့်အပါအဝင် စစ်ကောင်စီတပ်သား အများအပြား ကျဆုံးပြီး သူတို့ရဲ့ ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ညီနောင်သုံးဖွဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပေမယ့် သေဆုံးစာရင်းအတိအကျကိုတော့ ထည့်သွင်းဖော်ပြထားတာမရှိပါဘူး။

 

နမ့်ခမ်းမြို့သိမ်းတိုက်ပွဲထဲ စစ်ကောင်စီက နမ့်ခမ်းမြို့ လက်မလွှတ်ရရေးအတွက် ဂျက်ဖိုက်တာနဲ့ အကြိမ်(၂၆၀)၊ Y8 လေယာဉ်နဲ့ အကြိမ် (၄၀)၊ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ (၂၅) ကြိမ်တို့အပြင် ဖျက်အားပြင်း ပေါင် (၅၀ဝ)ဗုံးနဲ့ (၁၂) ကြိမ်၊ အဆိပ်ငွေ့ဗုံး (၆) လုံးတို့နဲ့ ပစ်ကူ၊ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သော်လည်း တအာင်းတပ်မတော်က နမ့်ခမ်းမြို့ရှိ စစ်ကောင်စီရဲ့ စခန်းသစ်ကုန်း အပါအဝင် တပ်စခန်းကြီး၊ ငယ် စုစုပေါင်း (၁၉)ခုခန့်ကို သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

 

နမ့်ခမ်းမြို့သည် စစ်ကောင်စီရဲ့ အမှတ် (၇) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်နဲ့ ၎င်းလက်အောက်ခံ တပ်တွေဖြစ်တဲ့ ခလရ (၂၆၁)၊ ခမရ (၄၂၃)၊ (၄၂၅)၊ (၄၂၆)၊ (၁၄၃)နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)တို့ ပါဝင်ကာ အင်အား (၉၀ဝ) နီးပါးခန့်ရှိတဲ့ စစ်အင်အား၊ လက်နက်အင်အားအများအပြားနဲ့ နှစ်ပေါင်းများစွာ လာရောက်အခြေချထားရာ  မြို့တစ်မြို့ ဖြစ်ပါတယ်။

 

ဒါကြောင့် တအာင်းတပ်ဟာ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ အောက်တိုဘာ (၂၇) ရက်နေ့ကနေ ဒီဇင်ဘာ (၁၉) ရက်နေ့အထိ စစ်ဆင်ရေး (၅၄) ရက်တာအတွင်း နမ့်ခမ်း၊ နမ့်ဆန်မြို့များအပါအဝင် စစ်ကောင်စီ တပ်စခန်းပေါင်း (၆၀) ကျော်ကို ထိန်းချုပ်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။

****************************************

 

မြောက်ပိုင်းသုံးဖွဲ့ရဲ့ မဟာမိတ် KIA လည်း ရှမ်းမြောက်မှာ စခန်းဝင်သိမ်း

 

မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ မဟာမိတ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ကလည်း ဒီတစ်ပတ်ထဲ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်နဲ့ နမ့်ဖက်ကာအကြားက နမ့်ခိုင်တံတားရှိ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့ပါတယ်။

 

စစ်ကောင်စီတပ်က ဆယ်စုနှစ်တစ်ခုကြာ တပ်စွဲထားတဲ့ နမ့်ခိုင်တံတားတပ်စခန်းကို ဒီဇင်ဘာလ ၂၀ ဗုဒ္ဓဟူးနေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

 

“တံတားကိုတော့ KIA က သိမ်းလိုက်တာ။ တံတားလည်း ကျိူးတယ်လို့တော့ ကြားတယ်။ အဲဒါတော့ သေချာမသိသေးဘူး။ ကျွန်တော်တို့တောင် ဒီကစထွက်ဖို့ပြင်နေကြတာ။ တိုက်ပွဲတွေက တစတစနီးနီးလာတော့ ရွာသားတွေလည်း နည်းနည်းဆီ ရှောင်နေကြတယ်။ နမ့်ခမ်းကျပြီးကတည်းက လက်နက်ကြီးနဲ့ ရွာထဲကို ပစ်တာတော့ မရှိတော့ဘူး။ မနေ့ကတော့ ကွတ်ခိုင်မှာ ပစ်ကြခတ်ကြတယ်” လို့ နမ့်ဖက်ကာဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရှိရသေးဘဲ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ ရှမ်းမြောက်ဒေသထဲ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တပ်စခန်း ၁၀ ခုထက်မနည်းကို KIA က သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

****************************************

 

ဘီလူးခေါင်းပေါ်လာတဲ့ စစ်ကောင်စီ

 

အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ သူတို့ အာဏာတည်မြဲရေးအတွက် ဘာမဆို လုပ်နေတာပါ။ လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာ စစ်မျက်နှာပြင်ရှိတဲ့ နေရာမှ မဟုတ်ဘဲ ရန်ကုန်လိုမြို့ကြီးတွေမှာလည်း လက်နက်ပြ ခြိမ်းခြောက်မှုတွေ လုပ်နေတာ အာဏာသိမ်းပြီးကတည်းက ဖြစ်ပါတယ်။

 

အခုတော့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်း Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက အထောက်အထားတွေ တွေ့ရှိခဲ့ပြီ ဖြစ်ပါတယ်။

 

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ စစ်ကောင်စီဟာ ဓာတုအဆိပ်ငွေ့ဗုံးတွေကြဲချနေတယ်လို့ ညီနောင်အဖွဲ့တွေက ထုတ်ပြောထားတာ ကြာပါပြီ။

 

အခုတော့ အဲဒီမှာ ဒေသမှာ စစ်တပ်ရဲ့ တုံပြန်မှုတွေထဲ စစ်ရာဇဝတ်ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးသင့်တယ်လို့ က AI ဘက်က ထုတ်ပြောလာတာပါ။

 

စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းထဲက အရပ်သားတွေကို မတရားသတ်ဖြတ်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးခြင်းနဲ့ ပြည်သူတွေဆီက လုယက်ခိုးယူခြင်းတွေ လုပ်နေတယ်လို့ ဒီဇင်ဘာ ၂၁ ရက် ကြာသာပတေးနေ့က Amnesty International ထုတ်ပြန်ပါတယ်။ အရပ်သားတွေအပေါ် စစ်တပ်ရဲ့ ရန်လိုတဲ့လုပ်ရပ်တွေဟာ ကိုးကန့်၊ တအာင်း၊ ရက္ခိုင်တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ပိုဆိုးလာတယ်လို့ AI က ပြောပါတယ်။

 

ရခိုင်ပြည်နယ်ပေါက်တောမြို့နယ်က ဒေသခံ ၁၀ ယောက်နဲ့ Amnesty မေးမြန်းချက်တွေ၊ ဗီဒီယိုနဲ့ ဓာတ်ပုံအထောက်အထားတွေ၊ ဂြိုဟ်တုကရရှိတဲ့ပုံတွေအားလုံးကို သုံးသပ်တာမှာ အရပ်သားတွေနဲ့ အရပ်သားပိုင်ပစ္စည်းတွေအပေါ် စစ်တပ်က မခွဲခြားဘဲ အားလုံးသိမ်းကြုံးတိုက်ခိုက်နေတာ တွေ့ရှိခဲ့ပါတယ်။

 

ရှမ်းပြည်မြောက်ပိုင်းမှာလည်း တားမြစ်ထားတဲ့ ဆင့်ကဲပေါက်ကွဲနိုင်တဲ့ဗုံးတွေကို သုံးစွဲတာတွေ့ရှိတဲ့အတွက် ဒါဟာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ရှိမရှိ စုံစမ်းသင့်တယ်လို့ AI က ထောက်ပြထားပါတယ်။ အရပ်သား ပြည်သူတွေအတွက် ဆိုးဆိုးဝါးဝါး အကျိုးဆက်တွေဖြစ်စေတဲ့အထိ စစ်တပ်က အရမ်းကာရော တိုက်ခိုက်နေတာနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှုကို ရက်ရက်စက်စက် တုံ့ပြန့်နေတယ်လို့ Amnesty ရဲ့ ပဋိပက္ခတုံ့ပြန်ရေးအစီအစဉ် ဒါရိုက်တာ Matt Wells က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာ ၃ နှစ်နီးပါးရှိနေချိန်မှာ မြန်မာနိုင်ငံတဝန်း ပြည်သူတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေလျော့သွားမယ့် လက္ခဏာမမြင်ရသေးကြောင်းနဲ့ ဒီလိုအခြေအနေတွေ ဖြစ်နေတာတောင် မြန်မာနိုင်ငံအရေးဟာ နိုင်ငံတကာက အရေးပေး ဆွေးနွေးတဲ့ အခြေအနေမှာ မရှိတော့ဘူးလို့လည်း Amnesty International ရဲ့ထုတ်ပြန်ချက်မှာ သူကထောက်ပြထားပါတယ်။

 

ဒီလို စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် သူတို့တပ်သားတွေ အချင်းချင်းတောင် ဖိနှိပ်မှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို မခံနိုင်လို့ ထွက်လာတဲ့သူတွေ ထုနဲ့ ထေး ဖြစ်နေပါပြီ။

 

အခုတော့ AI ရဲ့ ထုတ်ဖော်မှုနဲ့ ရှမ်းမြောက်ဒေသ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လူသိရှင်ကြား၊ ကမ္ဘာ့လူထု ပိုသိစေလာသလို စစ်တပ်အပေါ် နိုင်ငံတကာရဲ့ ပြင်းထန်တဲ့အရေးယူပိတ်ဆို့မှုတွေကို ဒီမိုကရေစီလိုလားတဲ့မြန်မာပြည်သူလူထု မျှော်လင့်နေကြပါတယ်။

****************************************

 

” ရှမ်းမြောက်မှာ ပြန်ပေးဆွဲ၊ တပ်သားသစ်စုတာတွေရှိနေတယ်လို့ HRW ဆို”

 

Amnesty International ရဲ့ စစ်တပ်အပေါ် အစီရင်ခံစာထွက်လာပြီးနောက် နောက်ထပ် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့(HRW)ရဲ့ အစီရင်ခံစာတစ်စောင်လည်း ဒီတစ်ပတ်ထဲ ထွက်ပေါ်လာခဲ့ပါတယ်။

 

သူတို့ရဲ့ အစီရင်ခံစာကတော့ စစ်ကောင်စီနဲ့ပတ်သက်ပြီး တွေ့ရှိခဲ့တာ မဟုတ်ပါဘူး။ ရှမ်းမြောက်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပတ်သက်လို့ပါ။ ဘာလဲဆိုတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်က အရပ်သားတွေကို တပ်သားသစ်အဖြစ် အတင်းအကြပ် စုဆောင်းခြင်း၊ ပြန်ပေးဆွဲ ဖမ်းဆီးခြင်းများ ရှိနေတယ်လို့ HRW က ထုတ်ပြန်ပါတယ်။ ကိုးကန့်တပ် MNDAA ဟာ စစ်အတွင်း အရပ်သားတွေကို ကာကွယ်ပေးရေးလိုက်နာရမယ့် ဥပဒေကို ချိုးဖောက်နေတယ်ဆိုပြီး HRW အဖွဲ့က စွပ်စွဲပါတယ်။

 

ဒါ့အပြင် MNDAA အဖွဲ့အနေနဲ့ အခုလို အရပ်သားတွေအပေါ် ကျူးလွန်နေတာတွေကို ချက်ချင်းရပ်ဆိုင်းပြီး တိုက်ပွဲတွေအတွင်း အရပ်သားတွေကို ကာကွယ်ဖို့အတွက် လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေအကုန်လုံးကို လုပ်သင့်တယ်လို့ HRW အဖွဲ့က တိုက်တွန်းပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး  ကိုးကန့် MNDAA၊ တအာင်း TNLA ၊ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ပေါင်းပြီး ရှမ်းမြောက်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို “၁၀၂၇ စစ်ဆင်ရေး” ဆင်နွဲခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် အောက်တိုဘာလနောက်ပိုင်းကစပြီး ရှမ်းပြည်နယ်မှာ လူ တစ်သိန်းလောက်အပါအဝင် နိုင်ငံတဝန်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၆ သိန်းလောက်ရှိတယ်လို့ HRW က ပြောပါတယ်။

 

HRW ရဲ့ ကြေညာချက်ထဲမှာတော့ MNDAA အဖွဲ့ဟာ လောက်ကိုင်ကနေ ထွက်ပြေးလာတဲ့သူတွေကို ဖမ်းဆီးတာတွေအပြင် ဖုန်းတွေကိုပါ သိမ်းယူတာရှိတယ်ဆိုပြီး ဒေသတွင်းမီဒီယာတွေနဲ့ မျက်မြင်သက်သေတွေရဲ့ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။ HRW ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကရော ကိုးကန့်တပ်ဖွဲ့ဘက်ကပါ တစုံတရာတုံ့ပြန်တာမရှိသေးပါဘူး။

****************************************

 

မန်း နန်းတွင်းထဲက စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တိုက်ခိုက်

 

မန္တလေးမြို့လယ်က စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ရဲ့ မန္တလေးနန်းတွင်းထဲ တာဝေးပစ် လက်နက်ကြီးတွေနဲ့ ဒီဇင်ဘာ ၂၁ ရက်၊ ကြာသာပတေးနေ့က တိုက်ခိုက်နိုင်ခဲ့ပါတယ်။

 

“လက်နက်ကြီးဆိုတော့ အဝေးက ပစ်တာ။ ထိခိုက်မှုအခြေနေတော့ မသိရသေးဘူးဗျ။ သူတို့ကတော့ သတင်းဖုံးထားလောက်တယ်။ အတွင်းထဲဆိုတော့ သတင်းက ဖုံးထားတယ်ဗျ။ နန်းတွင်းအနောက်ခြမ်းမှာတော့ စစ်ကားတွေရောက်နေတယ်” လို့ No More Dictatorship People Defense Force(NMD)ဆိုတဲ့ ကာကွယ်ရေးတပ် တာဝန်ခံ ကိုချာလီက CJ Platform သို့ပြောခဲ့ပါတယ်။

 

အဲဒီစစ်ဆင်ရေးကို Brave Warriors For Myanmar(BWM)ရဲ့ ကူညီပံ့ပိုးမှုနဲ့ မြို့ပြအထူးစစ်ဆင်ရေး(U.S.O)၊ Security & Special Task Force (SSTF MDY)၊ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ No More Dictatorship People Defense Force(NMD)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

 

စစ်ကောင်စီလော်ဘီတွေကတော့ “Drop bomb ချနိုင်ဖို့နေနေသာသာ ဒရုန်းတွေ နန်းတွင်းအနီးအနားတောင် ကပ်နိုင်ရဲ့လားလို့ သေချာအောင်မေးကြည့်လိုက်ပါဦး” ဆိုတဲ့ စာသားတွေနဲ့ စစ်ကောင်စီထောက်ခံသူများစုဝေးရာ လူမှုကွန်ရက်တွေမှာ ဖြန့်ဝေခဲ့ကြပါတယ်။

****************************************

 

စစ်ကောင်တပ်သား ၇၀ ဝန်းကျင်ကိုချေမှုန်းနိုင်ခဲ့တဲ့ KNU ရဲ့ မိုလိုကျိုးစခန်း သိမ်းပိုက်တိုက်ပွဲ

 

ရှမ်းမြောက်မှာပဲ စခန်းသိမ်းခဲ့တာမဟုတ်ဘဲ ကရင်ပြည် ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်မှုနယ်မြေထဲမှာလည်း စစ်ကောင်စီစခန်းတစ်ခုသိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ မဆုတ်တမ်းခံစစ်စခန်းတစ်ခုဖြစ်တဲ့ မိုလိုကျိုး ခေါ် ဖဲထာစခန်းကို သိမ်းပိုက်နိုင်ခဲ့မှုထဲ စစ်ကောင်စီတပ်သား ၇၀ ဦးကို ချေမှုန်းနိုင်ခဲ့တယ်လို့ KNU မူတြော်က ထုတ်ပြန်ခဲ့ပါတယ်။

 

ကရင်နဲ့ ကရင်နီဒေသအစပ်က မိုလိုကျိုးစခန်းကို ဒီဇင်ဘာလ ၁၆ ရက် စနေနေ့တုန်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၅ တပ်ဖွဲ့တွေနဲ့အတူ ကရင်နီအမျိုးသား တိုးတက်ရေးတပ်မတော်(KNPP)၊ ကရင်နီပြည်သူ လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (KNPLF)တို့က  ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြတာဖြစ်ပါတယ်။

 

အဲဒီစခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီတပ်သား အလောင်း ၇၀ အထိ တွေ့ရှိခဲ့သလို ၈၁ မမ စိန်ပြောင်းတစ်လက်နဲ့ RPG တစ်လက်အပါအဝင် လက်နက်ငယ် ၂၀ ကျော်နဲ့ ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့ပါတယ်။

 

စစ်ကောင်စီရဲ့ မဆုတ်တမ်းခံစစ် မိုလိုကျိုးစခန်းကို ၁၉၉၂ ခုနှစ်ကစတင်ပြီး တပ်စွဲထားခဲ့တာပါ။ အခု မိုလိုကျိုးစခန်းမှာ စစ်ကောင်စီတပ်ရဲ့ ခလရ ၅၇ က အင်အား ၁၀ဝ ဝန်းကျင်အထိ ရှိနေပြီး စခန်းသိမ်းပိုက်မှုအတွင်း ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေလည်း ကော်ဝေကျိုးက တပ်စွဲထားတဲ့ ခမရ ၄၄၀ ဆီ ပူးပေါင်းသွားကြပါတယ်။

 

မိုလိုကျိုးစခန်းသိမ်းခံရပြီးနောက်မှာ အဲဒီစခန်းနဲ့ ၅ ကီလိုမီတာအကျော်က စစ်ကောင်စီတပ်ရဲ့ စောထာစခန်းမှ စစ်ကောင်စီတပ်သားတွေဟာလည်း စခန်းစွန့်ခွာသွားကြပါတယ်။

****************************************

 

နှစ်ရက်အတွင်း စခန်းနှစ်ခုသိမ်းတဲ့ ချင်းတပ်များ

 

ချင်းပြည် ဟားခါးနဲ့ မတူပီမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီရဲ့ ဘုံဇုံးနဲ့ ထယ်ဘွေးတပ်စခန်းတွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၈၊ ၁၉ ရက် တနင်္လာ၊ အင်္ဂါနေ့နှစ်ရက်တည်းနဲ့ သိမ်းပိုက်လိုက်ကြပါတယ်။

 

ချင်းပြည် မြောက်ပိုင်းမှာရှိတဲ့ ဟားခါးမြို့နယ်က ဘုံဇုံးစစ်ကောင်စီစခန်းကို ချင်းအမျိုးသားတပ်မတော်(CNA)၊ ဟားခါး CDF၊ CDF KKG၊ CDFထန်တလန်တို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၁၈ ရက် တနင်္လာနေ့မှာ သိမ်းပိုက်ရရှိခဲ့ကြပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲထဲ လက်နက်မျိုးစုံ ၃၀ လက်နဲ့ ခဲယမ်းများစွာ သိမ်းနိုင်ခဲ့ပါတယ်။

 

အဲဒီလိုပဲ ချင်းပြည် တောင်ပိုင်းမှာရှိတဲ့ မတူပီမြို့နယ်ထဲက ထယ်ဘွေးတပ်စခန်းကို ဒီဇင်ဘာ ၁၉ ရက် အင်္ဂါနေမနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။

 

စစ်ကောင်စီ အင်အား ၅၀ ခန့်ရှိတဲ့ ထယ်ဘွေးစစ်ကောင်စီစခန်းကို CDF Matupi၊ CDF Mindat၊ CNO/CNF၊ CDF လောက်တူတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

 

အဲဒီစခန်းသိမ်းတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတွေ အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် မတူပီမြို့နယ် ဗန်ကိုင်ကျေးရွာ ဒေသခံ ၄ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။