“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (ဒီဇင်ဘာ ၃ မှ ၉ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Dec 09, 2023

ဒီတစ်ပတ် (ဒီဇင်ဘာ ၃ မှ ၉ ရက်အထိ)အတွင်း ပြည်တွင်းမှာ တိုက်ပွဲသတင်းတွေအပြင် စစ်ကောင်စီရဲ့ မူဝါဒအပြောင်းအလဲ တချို့ကြောင့် စီးပွားရေးဘက်မှာလည်း အကြပ်အတည်းတွေ စိုက်လာခဲ့ပါတယ်။ စစ်ကောင်စီ ဒေါ်လာပြတ်လပ်လာတာကြောင့် စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို အရင် ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ မရောင်းပေးတော့တဲ့အတွက် ရန်ကုန်နဲ့ မြို့ကြီးတွေမှာ စက်သုံးဆီ ပြတ်လပ်နေတဲ့သတင်း၊ ကန်ဒေါ်လာထိန်းချုပ်မှု လျှော့ချလိုက်တဲ့သတင်း၊ တာမွေပွဲဈေးမှာ ပစ်ခတ်ဖမ်းဆီးလို့ လူငယ်နှစ်ဦး သေဆုံးခဲ့ရတဲ့သတင်း၊ မုန်းမြို့ကို KNU ထိန်းချုပ်လိုက်တဲ့ သတင်း၊ စကခ ၁၂ ရဲ့ ဌာနချုပ်မှုး ဗိုလ်မှုးချုပ် အောင်ဇော်လင်းကို အသေရမိတဲ့သတင်း၊ ရခိုင်က ထရွန်အိုင်ဗျူဟာကုန်းကို AA သိမ်းပိုက်နိုင်ခဲ့တဲ့သတင်း၊ ထောင်ထဲက စစ်သားတွေကို စစ်မှုပြန်ထမ်းခိုင်းတဲ့စစ်ကောင်စီ စတဲ့သတင်းတွေအပြင် အခြားထိပ်တန်းရောက်သတင်းတွေကို စုစည်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။

****************************************

 

“စစ်တပ်အောက် ဒုက္ခပေါင်း သောင်းခြောက်ထောင်”

 

မြန်မာပြည်သူ/ပြည်သားတွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ စစ်တပ်လက်အောက် ပြန်ရောက်ခဲ့ပြီး ငရဲကျခဲ့ရပါတယ်။ အခုတော့ စစ်တပ်အောက် ၂ နှစ်ခွဲကာလအတွင်းမှာပဲ ဒုက္ခအဖုံဖုံအောက် ပြားနေအောင် ဒုက္ခသုက္ခတွေက မြန်မာပြည်သူတွေကို ဖိထောင်းနေကြတာပါ။

အခုပတ်ထဲမှာလည်း အကြပ်အတည်းကြီးတစ်ခုဖြစ်တဲ့ စက်သုံးဆီပြတ်လပ်မှုဒဏ်ကို ပြည်သူတွေကို ခံစားနေရပါပြီ။

ဆီနှစ်ဆီဖြစ်တဲ့ စားဆီဒုက္ခတွေ့ပြီးနောက်မှာ အခုတော့ စက်သုံးဆီ ဝါ လောင်စာဆီကြောင့် ပြည်သူတွေ ဗျာများနေရပြန်ပါပြီ။ စားဆီကြောင့် လမ်းတွေပေါ် လူတန်းကြီးဖြစ်ခဲ့ရသလို စက်သုံးဆီကြောင့် လမ်းတွေပေါ် ကားတန်းတွေ ပြည့်နေခဲ့ပြန်ပါတယ်။

 

မော်တော်ယာဉ် အသုံးပြုသူတွေဟာ မနက်မိုးမလင်းခင် စက်သုံးဆီဆိုင်တွေ မဖွင့်ခင်ကတည်းက စက်သုံးဆီ ရလို့ရငြား ဒုက္ခခံ တန်းစီစောင့်ဆိုင်း နေကြရပါတယ်။ ရန်ကုန်နေရာအနှံ့မှာ ရာနဲ့ချီတဲ့ကားတွေ ဓာတ်ဆီထည့်ဖို့ တန်းစီစောင့်ဆိုင်းနေကြတာတွေကိုလည်း လူမှုကွန်ရက်က ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

 

မြန်မာနိုင်ငံဟာ စင်ကာပူနိုင်ငံကနေတစ်ဆင့် ရေကြောင်းကနေ မြန်မာနိုင်ငံကို စက်သုံးဆီတွေ တင်သွင်းနေတာပါ။ ဒီလိုစက်သုံးဆီပြတ်လတ်ရမှုကို စစ်ကောင်စီသတင်းစာ မြန်မာ့အလင်းကတော့ “သီလဝါဆိပ်ကမ်းက စက်သုံးဆီဆိုင်တွေကို ဆီပေးပို့ရာမှာ ကြန့်ကြာမှုတွေကြောင့် အင်္ဂါနေ့ကစပြီး ဆီပြတ်သွားတယ်” လို့ အကြောင်းပြပါတယ်။ ဒါပေမဲ့ ဘာလို့ ကြန့်ကြာတာလဲဆိုတာတော့ မဖော်ပြပါဘူး။

 

ဒီလိုဆီပြတ်လပ်မှုဖြစ်ရတာဟာ စစ်ကောင်စီက စက်သုံးဆီတင်သွင်းသူတွေကို အရင် သူတို့ရဲ့ဗဟိုဘဏ် သတ်မှတ်ဈေး အမေရိကန်တစ်ဒေါ်လာ ၂၁၀၀ ကျပ်နဲ့ မရောင်းပေးတော့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

 

လက်ရှိ ပြင်ပဒေါ်လာပေါက်ဈေးဟာ ၃၅၀၀ ကနေ ၃၆၀၀ ကြားမှာ ရှိနေတာပါ။ ဒါကြောင့် လုပ်ငန်းရှင်တွေဟာ စက်သုံးဆီရောင်းချမှုကို ကန့်သတ်လိုက်တာမျိုးတွေ ရှိလာတာကြောင့်လည်း စက်သုံးဆီ ပြတ်လပ်မှု ဖြစ်ပေါ်လာရတာပါ။

 

အခုတော့ ရန်ကုန်နဲ့ မြို့ကြီးတွေမှာ Denko နဲ့ Max စစ်ကောင်စီနဲ့နီးတဲ့ စက်သုံးဆီကုမ္ပဏီကြီးတွေနဲ့ စစ်တပ်ပိုင် စက်သုံးဆီဆိုင်တွေကနေ စက်သုံးဆီကို အကန့်အသတ်နဲ့ ရောင်းချပေးနေပါတယ်။

 

အဲဒီလိုနဲ့ စစ်တပ်လက်အောက် ၂ နှစ်ကျော်ကာလအတွင်းမှာပဲ မြန်မာပြည်သူ/ပြည်သားတွေဟာ ဒုက္ခပေါင်း သောင်းခြောက်ထောင်နဲ့ အတူယှဉ်တွဲ နေထိုင်နေရပါတယ်။

****************************************

 

“လူငယ်နှစ်ဦးသေဆုံးခဲ့ရတဲ့ တာမွေ ပစ်ခတ်ဖမ်းဆီးမှု”

 

စစ်တပ်ကြောင့် လူငယ်တွေ လူညွှန့်တုန်းခဲ့ရတာ အခုမှ မဟုတ်ပေမယ့် အခု စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်လက်အောက်မှာတော့ အတော့်ကို ဆိုးရွားနေတာပါ။ သူ့ဘာသာ ဖွဲ့ထားတဲ့ စစ်ကောင်စီဟာ ရန်ကုန်လိုမြို့ကြီးတွေမှာပါ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်တာ၊ ကားနဲ့ တိုက်ဖမ်းတာ၊ အကြမ်းဖက် စစ်ဆေးတာမျိုးတွေကို မကြာခဏ လုပ်လေ့ရှိပါတယ်။

 

ဒီဇင်ဘာ ၈ ရက် သောကြာနေ့ ညနေပိုင်းကလည်း ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ သီတာလမ်းထိပ်မှာ လူငယ်တွေကို ပစ်ခတ်ဖမ်းဆီးမှု ပြုလုပ်ခဲ့တဲ့အတွက် လူငယ် ၂ ဦး သေဆုံးခဲ့တဲ့အပြင် အခြား လူငယ်အချို့လည်း ဖမ်းဆီးခံခဲ့ရပါတယ်။

 

တာမွေ ကျောက်မြောင်းနဲ့ သီတာလမ်းထဲ နှစ်စဉ်လုပ်နေကျ ည ပွဲဈေးတန်းထဲ စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေက အရပ်ဝတ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့တာမလို့ ပွဲဈေးတန်းထဲ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရတယ်လို့ CJ Platform က သိရပါတယ်။

 

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေချိန်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ အဲဒီလူငယ်တွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့အတူ လောင်စာဆီဈေးမြင့်ပြီး ပြတ်လပ်နေတာကြောင့် ပြည်သူတွေ အထွေထွေအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အပေါ် ရန်ကုန်မြို့ပြတော်လှန်ရေးအင်အားစုတွေက ကားလမ်းတွေပေါ်မှာ တာယာကွင်းတွေကို မီးရှို့ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။

 

သောကြာနေ့ညက ရန်ကုန်က မြို့နယ်အချို့မှာလည်း ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။

****************************************

 

“စီးပွားရေးကို အာဏာနဲ့ ထုဆစ်ဖို့ ကြံတဲ့ စစ်ကောင်စီ အလဲအကွဲ”

 

လောဘ၊ ဒေါသ စိုးမိုးပြီး ပညာမဲ့တဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ နိုင်ငံရေးမှာလည်း ကျရှုံးနေပြီး စီးပွားရေးမှာလည်း နလန်မထူနိုင်ဘဲ အကြပ်ရိုက်လို့နေပါတယ်။ စစ်သားတွေရဲ့ ပညာမဲ့မှုဟာ စီးပွားရေးကို အာဏာနဲ့ ထုဆစ်ဖို့ ကြံတာကြောင့် အခုတော့ အလဲလဲအကွဲကွဲနဲ့ သွေးထွက်သံယိုဖြစ်နေကြရပါပြီ။ ဝန်ကြီးဌာနတိုင်း လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စစ်သားမဟုတ်ရင် စစ်ထွက်တွေကပဲ ဦးဆောင်နေတဲ့အတွက် ကျဆုံးမှုတွေအတိနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

 

အခုတော့ နိုင်ငံခြားငွေကြေးတွေကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီဟာ ထိန်းမနိုင်တော့လို့ တစ်ဆင့်ချင်း ဖြေလျှော့ပေးနေရပါပြီ။ ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်းကိုပဲ ကျပ်ငွေနဲ့ လဲလှယ်ရမယ်ဆိုပြီး ဖြေလျှော့လိုက်ရတာပါ။ နောက်ပြီး အမေရိကန်တစ်ဒေါ်လာကို ၂၁၀၀ ကျပ်နှုန်းနဲ့ လဲလှယ်ဖို့ဆိုပြီး ရုပ်ပြထုတ်ထားတဲ့ သတ်မှတ်ချက်ကိုလည်း ဘဏ်အချင်းချင်းကြား လဲလှယ်မှုအတွက် အဲဒီသတ်မှတ်ချက်ကို ပယ်ဖျက်ပေးလိုက်တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။ ဒီထုတ်ပြန်ချက်တွေကို ဒီဇင်ဘာ ၅ နဲ့ ၆ ရက်နေ့တွေမှာ ရှေ့ဆင့်နောက်ဆင့် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

 

စစ်ကောင်စီ ဗဟိုဘဏ်က ယခုနှစ် ဇူလိုင်လမှာ ပို့ကုန်တင်ပို့သူတွေအနေနဲ့ ပို့ကုန်တင်ပို့မှုကရရှိတဲ့ ငွေပမာဏ ၅၀ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေနဲ့ လဲလှယ် ဆောင်ရွက်ရမယ်လို့ ကြေညာထားခဲ့တာကို ၃၅ ရာခိုင်နှုန်း လဲလှယ်ပေးရမယ်ဆိုပြီး ဒီဇင်ဘာ ၆ ရက်နေ့မှာ ပြင်ဆင်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

 

ဒါကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေအတွက် အနည်းငယ် သက်သာရာရစေမှာဖြစ်ပေမယ့် ပြင်ပပေါက်ဈေးအတိုင်း ရာနှုန်းပြည့်မဟုတ်ဘဲ ပို့ကုန်ရငွေပမာဏရဲ့ သတ်မှတ်ရာခိုင်နှုန်း အချိုးအစားအတိုင်း မြန်မာကျပ်ငွေနဲ့ လဲလှယ် ဆောင်ရွက်ရတာဟာ သူတို့ရဲ့ ဝင်ငွေထိခိုက်မှုရှိတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ငြီးငြူကြပါတယ်။

 

ဒီဇင်ဘာ ၅ ရက် အင်္ဂါနေ့ကတော့ ငွေလဲခွင့်လိုင်စင်ရ ဘဏ်တွေကို ဈေးကွက်ပေါက်ဈေးအတိုင်း အရောင်းအဝယ် လုပ်ခွင့်ပေးလိုက်တာကြောင့် အမေရိကန်ဒေါ်လာ ပြင်ပပေါက်ဈေး ၃၆၀၀ လောက်အထိ မြင့်တက်ခဲ့ပေမယ့် ဈေးကွက်ထဲ အရောင်းမရှိခဲ့ပါဘူး။

 

နောက်ပိုင်းရက်တွေမှာတော့ အမေရိကန်တစ်ဒေါ်လာ ၃၅၀၀ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ် ပြုလုပ်မှုအချို့ရှိခဲ့တယ်လို့ ငွေလဲကောင်တာတွေဆီကနေ သိရပါတယ်။

 

အခုလို စစ်ကောင်စီဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ကြောင့် ငွေကြေးဈေးကွက်ထဲ ဒေါ်လာအဝယ်သာရှိပြီး အရောင်းမရှိဘဲ ဈေးကွက်ပျက်နေတယ်လို့ ငွေလဲလုပ်ငန်းလုပ်သူတွေက ပြောပါတယ်။

ဒါကြောင့် အမေရိကန်ဒေါ်လာနဲ့အတူ ဘတ်ငွေဈေးလည်း တစ်ဘတ် ၁၀၀ ကျော်အထိ တက်လာခဲ့ပါတယ်။

ဒေါ်လာဈေးတက် စက်သုံးဆီ ပြတ်နဲ့ ကုန်ဈေးနှုန်းက နောက်က လိုက်လာမှာမလို့ မြန်မာပြည်သူ/ပြည်သားတွေ စိုးရိမ်ပူပန်နေကြပါတယ်။

****************************************

 

“မုန်းမြို့ကို KNU သိမ်း”

 

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးကနေစတဲ့ မြို့သိမ်းတိုက်ပွဲတွေဟာ စစ်ကိုင်းကနေ ပဲခူးက KNU ထိန်းချုပ်နယ်မြေအထိ ရောက်လို့ လာနေခဲ့ပါပြီ။ ကရင်အမျိုးသားအစည်းအရုံး (KNU) သိမ်းလိုက်တဲ့မြို့ဟာ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် မုန်းမြို့ဖြစ်ပါတယ်။ အဲဒီမြို့မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်း အားလုံးကို ဒီဇင်ဘာလ ၄ ရက် ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ KNU က တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တာပါ။ မုန်းမြို့ဟာ စစ်ကောင်စီရဲ့ အဓိက ပုန်းခိုရာ နေပြည်တော်နဲ့ မိုင် ၁၅၀ လောက်ပဲဝေးပါတယ်။

 

ဒီတိုက်ပွဲတွေကို KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်(PDF)တွေပေါင်းပြီး နှစ်ရက်ကြာတိုက်ခိုက်ခဲ့ပြီးနောက် တစ်မြို့လုံးမှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ ၅၉၉၊ ခမရ ၅၉ဝ၊ မုန်းမြို့မရဲစခန်း၊ တံတားထိပ်ဂိတ်စခန်းတွေကို သိမ်းပိုက်လိုက်နိုင်တာဖြစ်ပါတယ်။

 

ဒေသခံပြည်သူလူထုတွေ နေလို့မရအောင် အဲဒီစခန်းတွေကနေ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အခုလို တိုက်ခိုက်သိမ်းပိုက်ရတာလို့ KNU က ပြောပါတယ်။

 

ဒီစခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးတာတွေရှိခဲ့ပြီး စစ်ကောင်စီတပ်ရင်းမှူး အပါအဝင် အင်အားအများအပြား လက်နက်ချအညံ့ခံခဲ့တယ်လို့လည်း KNU ဘက်က ပြောပါတယ်။ အရေအတွက် အတိအကျကိုတော့ ထုတ်ပြန်တာမရှိပါဘူး။

 

KNU ပြောခွင့်ရှိသူ ပဒိုစောကလယ်စေးက “အခုသိမ်းလိုက်နိုင်တဲ့ စခန်းတွေက စစ်ရေးမဟာဗျူဟာအရ အရေးပါတဲ့စခန်းတွေဖြစ်တယ်။ နေပြည်တော်ဘက်ကို ဆက်လက်ချီတက်မယ့် လမ်းကြောင်းလည်းဖြစ်သလို တပ်မဟာ(၅) နယ်စပ်ဘက်ကို ထိန်းချုပ်နိုင်ဖို့ အဓိကလမ်းကြောင်းလည်းဖြစ်တယ်” လို့ ကေအိုင်စီသတင်းဌာနကို ပြောခဲ့ပါတယ်။

 

စခန်းအားလုံးသိမ်းပိုက်ပြီးတဲ့နောက် KNU တပ်ဖွဲ့ဝင်အင်အား ၁၅ဝဝ လောက်နဲ့ မြို့တွင်းကို နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်လို့ ထုတ်ပြန်ချက်ထဲ ထည့်သွင်းဖော်ပြထားပါသေးတယ်။

 

အဲဒီမှာနေတဲ့ ဒေသခံတွေဟာ တိုက်ပွဲမဖြစ်ခင်ကတည်းက ကြိုတင်ရှောင်ရှားနေကြတာကြောင့် ဘေးကင်းတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

****************************************

 

“အရှိန်ကောင်းနေဆဲ ၁၀၂၇ စစ်ဆင်ရေး”

 

အပတ်စဉ် စခန်းသိမ်းအောင်ပွဲရနေဆဲဖြစ်တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အခုအပတ်ထဲမှာ သုံးဖွဲ့စလုံး စခန်းတွေ အသီးသီး သိမ်းနိုင်ခဲ့ကြပြန်ပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲတွေထဲ ကိုးကန့်တပ်က သူတို့ရဲ့ အသိမ်းချင်ဆုံးမြို့ဖြစ်တဲ့ လောက်ကိုင်အနီးက High Point တောင် တာရင်တောင်ပေါ်က စစ်ကောင်စီစခန်း ၄ ခုလုံးကို ဒီဇင်ဘာ ၆ ရက် ဗုဒ္ဓဟူးနေ့က တိုက်ခိုက်နိုင်ခဲ့ပြီး တောင်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

 

တအောင်းတပ် TNLA ကတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း) မန်တုံမြို့နယ်က ခိုမုန်းတပ်စခန်းနဲ့ ကျောက်မဲမြို့နယ် မိုင်းလုံအနီးရှိ လယ်ကြီးတပ်စခန်းကို ဒီလ ၇ ရက်နေ့က ထပ်မံ သိမ်းယူခဲ့ပါတယ်။ ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးဟာ ဒီဇင်ဘာ ၉ ရက်မှာ ၄၄ ရက်ရှိလာခဲ့ပြီဖြစ်ပေမယ့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။ ညီနောင်အဖွဲ့တွေဟာ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီစခန်းကြီးငယ် ၂၅၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီး ဖြစ်ပါတယ်။

 

၁၀၂၇ စစ်ဆင်ရေး အစိတ်အပိုင်းအနေနဲ့ ရခိုင်ပြည်မှာလည်း နိုဝင်ဘာ ၁၃ ရက်ကစလို့ ရခိုင့်တပ်တော် AA က စစ်ကောင်စီကို စခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲနေရာမှာ ဒီဇင်ဘာ ၄ ရက် တနင်္လာနေ့က ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ အထိုင်ချဗျူဟာကုန်းဖြစ်တဲ့ ထရွန်အိုင်ဗျူကုန်းကို အပြီးသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပါတယ်။

 

စစ်ကောင်စီနဲ့ AA ရခိုင်တပ်ကြား ရက်ပေါင်း ၂ဝ ကျော်ကြာ တိုက်ပွဲပြင်းထန်နေတဲ့ ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီရဲ့ အထိုင်ချ ဗျူဟာကုန်းဖြစ်တဲ့ ထရွန်အိုင်ဗျူဟာကုန်းကို AA က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တဆက်တည်းမှာပဲ နောက်ထပ်ဗျူဟာကုန်းတစ်ခုဖြစ်တဲ့ နှုံးဘူးဗျူဟာကုန်းကို သိမ်းနိုင်ဖို့ AA ဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေပါတယ်။

 

အခုလို ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ထရွန်အိုင်နဲ့ နှုံးဘူး အနီးတဝိုက်မှာနေထိုင်တဲ့ ဒေသခံ ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရသလို ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျပြီးတော့ ထိခိုက်သေဆုံးတာတွေလည်းရှိနေတာပါ။

 

ရက္ခိုင့်တပ်တော် AA အနေနဲ့ ရခိုင်နဲ့ ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ကတည်းက စစ်ကောင်စီ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်သလို စခန်းပေါင်း ၄၀ ကျော်ကို သိမ်းထားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

****************************************

 

“ပစ်သတ်ခံရတဲ့ ဗိုလ်မှူးချုပ်”

 

စကခ ၁၃ ရဲ့ ဗိုလ်မှူးချုပ် အောင်ဇော်လင်းဟာ ဘယ်နေ့၊ ဘယ်အချိန်မှာ ဘယ်သူက ပစ်သတ်မှန်းမသိ ပစ်သတ်ခံခဲ့ရပါတယ်။ သူသေဆုံးကြောင်း ကိုးကန့်တပ် MNDAA က ဒီလ ၆ ရက်နေ့က အသေရမိတယ်ဆိုပြီး သတင်းထုတ်ပြန်ခဲ့မှ အားလုံးသိခဲ့ရတာပါ။

 

ဒါပေမဲ့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စကခ ၁၂ ဌာနချုပ်မှူး ဗိုလ်မှုးချုပ် အောင်ဇော်လင်း သေဆုံးတယ်ဆိုတာ မဟုတ်မှန်ကြောင်း ပြောဆိုထားပါတယ်။

 

“ ဒီနေ့မှာဆိုလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေတဲ့ တပ်မမှူးတစ်ယောက်ကို အသေရရှိတယ်ဆိုပြီးတော့ ကျ သတင်းလွှင့်နေတာ ရှိပါတယ်။ ကျနော့်အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောချင် တာကတော့ သူတို့ပြောနေတဲ့ တပ်မမှူးဆိုတာသည် ရှေ့တန်းမှာ စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။”လို့ သူက ဖာထေးပြောဆိုပါတယ်။

ဒါပေမဲ့ ကိုးကန့်တပ်ဘက်ကတော့ အလောင်းပို့ပေးမယ်လို့ တုန့်ပြန်ပါတယ်။

 

တစ်ဆက်တည်း စကခ ၁၂ လက်အောက်ရှိ ခလရ ၆၉ တပ်ရင်းမှုးကို နိုဝင်ဘာလ ၂၇ ရက်နေ့မှာ သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း ဒီဇင်ဘာလ ၇ ရက်နေ့မှာ ကိုးကန့်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

****************************************

 

“ထောင်ကျ စစ်သားတွေလည်း မနေရ”

 

မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ စစ်သားတွေကို စစ်ကောင်စီက ပြန်လည်ခေါ်ယူမှုတွေ ရှိနေတယ်ဆိုပြီး ထောင်ထွင်းသတင်းရင်းမြစ်တွေဆီက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။

 

ဒီသတင်းဟာ စစ်ကောင်စီကနေ ခွင့်မဲ့/စစ်ပြေးများကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးပြီး ပြန်လည်လက်ခံမယ်လို့ ကြေညာပြီးနောက် ဒီဇင်ဘာလ ၇ ရက် ကြာသာပတေးနေ့မှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

ဒီလိုခေါ်ယူရာမှာ အရာရှိအဆင့်တွေ မပါဝင်ဘဲ အခြားအဆင့်တွေကိုပဲ စစ်မှုထမ်းဖို့ ရွေးခေါ်သွားခဲ့တာ ဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။ ဒါပေမဲ့ ခေါ်ယူခံရသူ အများစုဟာ သူတို့ရဲ့ သဘောဆန္ဒမပါဘဲ မလိုက်ချင်လျက် လိုက်သွားခဲ့ရတာလို့ CJ Platform သတင်းဌာနက သိရပါတယ်။ ဒါပေမဲ့ အဲဒီသတင်းကို ကြိုတင်သိရှိသူ စစ်စည်း(စစ်အကျဉ်းသား)တွေကတော့ အကျဉ်းစခန်းတချို့ကနေ ထွက်ပြေးခဲ့ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

” စစ်စည်းတွေ စစ်ထဲပြန်ဝင်ရမယ်ဆိုပြီး ခေါ်သွားတာ။ သဘောမတူလည်း မရဘူး။ တူလည်း မရဘူး။ အကုန် စစ်တပ်ထဲပြန်ဝင်ရမယ်ဆိုပြီး ခေါ်သွားတာပါ။ တချို့ဆို ရက်ပိုင်း၊ လပိုင်းပဲလိုတဲ့ လွတ်နီးတွေပါ ပြန်ပါသွားတာ” လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်အရာရှိတွေကိုတော့ အကျဉ်းထောင်ဆက်ထားထားပြီး ရာထူးကြီး စစ်အကျဉ်းသားအချို့ဟာ အစောင့်တွေနဲ့ နေထိုင်နေရတယ်လို့ သူက ပြောပါတယ်။ စစ်ကောင်စီရဲ့ တပ်ဖွဲ့စည်းပုံမှာ တပ်သား၊ ဒုတပ်ကြပ်၊ တပ်ကြပ်၊ တပ်ကြပ်ကြီး၊ တပ်ခွဲတပ်ကြပ်ကြီးတို့ကို အောက်ခြေအဆင့် အမှုထမ်းများအဖြစ် သတ်မှတ်ထားပါတယ်။

 

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် သူတို့တပ်ကို အင်အားဖြည့်တင်းတဲ့အနေနဲ့ စစ်တာဝန်ထမ်း‌ဆောင်နိုင်သူ အငြိမ်းစား စစ်သား၊ စစ်အရာရှိတွေအပါအဝင် အငြိမ်းစား ရဲသား၊ အစိုးရဝန်ထမ်းတွေကိုပါ မူလတာဝန် ပြန်လည်ထမ်းဆောင်စေခဲ့ပါတယ်။