“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (မတ်လ ၂၄ မှ ၃၀ ရက်အထိ)
ဒီအပတ်(မတ်လ ၂၄ မှ ၃၀ ရက်အထိ)အတွင်း ပြည်တွင်းမှာ တောင်ပေါ်မြေပြန့်အသီးသီး နိုင်ငံတဝန်းလုံး စစ်ကောင်စီကို ခုခံတွန်းလှန်စစ်ပွဲတွေ အားကောင်းနေသလို စစ်ကောင်စီဘက်ကလည်း စစ်မှုထမ်းဥပဒေကိုကိုင်စွဲပြီး တပ်သားသစ်တွေ စုဆောင်းသင်တန်းပေးကြိုဆိုလုပ်ဆောင်ပြလျက်ရှိပါတယ်။ ဒါ့အပြင် စစ်ရေးပြအခမ်းအနားကိုလည်း ပုံမှန်ဟန်မပျက် ကျင်းပခဲ့ပါသေးတယ်။ ထူးခြားမှုအနေနဲ့ CJ Platform ရဲ့ တစ်ပတ်စာ သတင်းကောက်နုတ်ချက်ကတော့ “နေပြည်တော် ဘင်ခရာတီးဝိုင်းသံထက် မနောမြေက ငိုရှိုက်သံ ပိုကျယ်ခဲ့တဲ့ တော်လှန်ရေးနေ့” ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်ကောင်စီက နေပြည်တော်မှာ စစ်ရေးပြအခမ်းအနားလုပ်နေချိန် ကချင်ဒေသက သူတို့ရဲ့ အဓိကစစ်စခန်းတွေ လက်လွှတ် ဆုံးရှုံးလိုက်ရတဲ့အကြောင်း၊ စစ်ကောင်စီတပ်ရဲ့ ဂျိုင်းမြစ်မှာရှိတဲ့ စစ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ မွန်-ကရင်နယ်စပ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာ နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ အကြောင်းအပြင် မန္တလေးမြို့မှာ ဘဏ်နဲ့ ရွှေပန်းတိမ်ဆိုင်ကို ဓားပြတိုက်သွားတဲ့အကြောင်းတွေကို ကောက်နုတ်ဖော်ပြထားပါတယ်။
****************************************
“နေပြည်တော် ဘင်ခရာတီးဝိုင်းသံထက် မနောမြေက ငိုရှိုက်သံ ပိုကျယ်ခဲ့တဲ့ တော်လှန်ရေးနေ့”
စစ်ကောင်စီဗိုလ်ချုပ်ကြီးတွေ ရုံးစိုက်ရာ နေပြည်တော်မှာ ထောင်နဲ့ချီတဲ့စစ်သည်တွေ ဟန်ပြချီတက်တဲ့ အခမ်းအနားပြုလုပ်နေတုန်းမှာပဲ ယောယုံစခန်း၊ ဖလန်ဘွမ်စခန်း၊ လော့ဒန်စခန်း၊ လော့မွန်စခန်း၊ ဘန်ရောင်စခန်းနဲ့ ရှန်တိုင်းစခန်းတွေဟာ KIA ပူးပေါင်းတပ်တို့ရဲ့ လက်အောက်ကို ရောက်သွားခဲ့တယ်။
စစ်ကောင်စီအနေနဲ့ ၃၉ နှစ်ကြာ တပ်ထိုင်ထားတဲ့ ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းက ယောယုံစခန်းအပါအဝင် စခန်း ၆ ခုကို နှစ်ရက်အတွင်း မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
ကချင်ပြည်နယ် အရှေ့ပိုင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဇုံတည်ရှိရာ လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးတပ် KIA နဲ့ ပူးပေါင်းတပ်တွေက ဝိုင်းရံထိန်းချုပ်လိုက်ပြီး လွယ်ဂျယ်အခြေစိုက် စစ်ကောင်စီတပ်ကို အပစ်အခတ်မရှိဘဲ ထွက်သွားဖို့အတွက် ညှိနှိုင်းမှုတွေရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ KIA ဘက်ကတော့ ညှိနှိုင်းနေတယ်ဆိုတာကို အတည်ပြုပြောဆိုတာမရှိဘဲ နှစ်ရက်တာ တိုက်ပွဲအတွင်း မိုးမောက်-လွယ်ဂျယ် လမ်းတလျောက်က အရေးပါတဲ့ ဗျူဟာကုန်းဖြစ်တဲ့ ယောယုံစခန်းအပါအဝင် စခန်း ၇ ခုလောက် သိမ်းယူခဲ့ပေမဲ့ လွယ်ဂျယ်မှာ တိုက်ပွဲဖြစ်တာ မရှိဘူးလို့ ဆိုပါတယ်။
ယောယုံစခန်းဟာ ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းနဲ့ လွယ်ဂျယ်မြို့ကို စိုးမိုးထိန်းချုပ်ထားသလို KIA ထိန်းချုပ်ထားတဲ့ မိုင်ဂျာယန်မြို့ကိုလည်း လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်လေ့ရှိတဲ့ ဗျူဟာစခန်းကြီး တစ်ခုလည်းဖြစ်ပါတယ်။
အဲဒီစခန်းကို ၁၉၈၅ ခုနှစ်အတွင်း KIA နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပေမဲ့လည်း သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ဘူးလို့ သိရတယ်။
အခု KIA သိမ်းပိုက်ခဲ့တဲ့ စခန်းတွေဟာ ဗန်းမော်မြို့ရဲ့ အရှေ့ဘက် ၄၇ မိုင်အကွာနဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့ အနောက်ဘက် ၁၀ မိုင်ကျော်အကွာ တောင်တန်းတွေပေါ်မှာ တည်ရှိပါတယ်။ အလားတူ ထိုစခန်းတွေဟာ KIA ရဲ့ ဥပဒေကောလိပ်ရှိရာ မိုင်ဂျာယန်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ စခန်းများလည်းဖြစ်တယ်။
ဒီလိုစစ်ရေးအရအလွန်အရေးပါတဲ့စခန်းတွေကို စစ်ခေါင်းဆောင်တွေ နေပြည်တော်မှာ ဟန်ရေးပြနေချိန် တပ်မတော်နေ့မှာပဲ KIA တပ်တွေက သိမ်းပိုက်ခဲ့တာပါ။ စစ်ခေါင်းဆောင်တွေ ညစာစား၊ ဆယ်ဖီတွေရိုက် အေးဆေးဖြစ်နေချိန်မှာတော့ ကချင်မြေက နင်းပြားတပ်သားတွေ အတုန်းအရုန်းသေဆုံးပြီး အဓိက စခန်းတွေ လက်လွှတ်ခဲ့ရပါတယ်။ ဒါကြောင့် နေပြည်တော်က ဘင်ခရာတီးဝိုင်းသံထက် မနောမြေက စစ်ကောင်စီတပ်သားတွေရဲ့ ငိုရှိုက်သံက ပိုမိုကျယ်လောင်ခဲ့ပါတယ်။
****************************************
“မွန်ကိုလောင်တဲ့ ‘မီး’”
ကိုယ့်ပေါင်ပေါ်မီးမကျရင် မပူတတ်သူတွေအတွက် ပေါင်ပေါ်မီးကျရင် တော်တော်ပူလောင်တတ်ပါတယ်။ အဲဒီလိုပဲ တော်လှန်ရေးမရှိ၊ တိုက်ပွဲမရှိတဲ့ မွန်ပြည်နယ်က ရွာကြီးတစ်ရွာထဲ မဆီမဆိုင် စစ်ကောင်စီပစ်တဲ့လက်နက်ကြီးကျလို့ ရွာရှိအိမ်ခြေသုံးပုံတစ်ပုံနီးပါး မီးလောင်ပျက်စီးခဲ့ရပါတယ်။
မတ်၂၇ ရက် ညနေပိုင်းလောက်က တိုက်ပွဲဖြစ်တာတွေမရှိဘဲ စစ်ကောင်စီတပ်ရဲ့ ဂျိုင်းမြစ်မှာရှိတဲ့ စစ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် မွန်-ကရင်နယ်စပ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာမှာ နေအိမ် ၃၀၀ လောက် မီးလောင်ပျက်စီးခဲ့ရပါတယ်။ ဓမ္မသကျေးရွာဟာ အိမ်ခြေ ၁,ဝ၀ဝ ဝန်းကျင်လောက်ရှိတာပါ။
ဒီလိုမီးလောင်မှုတွေကို ရွာခံတွေက လူမှုကွန်ရက်ကနေ တိုက်ရိုက် Live လွှင့်ပြောဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။ အဲဒီဗီဒီယိုတွေထဲ မီးငြှိမ်းသက်သူမရှိသလောက်ဖြစ်နေတာကို တွေ့မြင်ရပါတယ်။
ဒါ့အပြင် ဓမ္မသကျေးရွာကို မတ် ၂၈ ရက်မှာလည်း စစ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ ထပ်မံတိုက်ခိုက်လာတာကြောင့် ညနေ ၅ နာရီလောက်မှာ နေအိမ်တွေ ဆက်လက်မီးလောင်ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။
နေအိမ်တွေမီးငြိမ်းသတ်ဖို့ မော်လမြိုင်မြို့ကနေ လာကူမယ့် မီးသတ်ကားတွေကို စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက ဖြတ်သန်းသွားလာခွင့်မပြုခဲ့ဘူးလို့ သေခံတွေက ပြောပါတယ်။
ဓမ္မသရွာနဲ့ အခြားမွန်ရွာတွေ မီးလောင်ဆုံးရှုံးသွားတာဟာ စစ်ကောင်စီရဲ့ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က ရည်ရွယ်ချက်ရှိရှိနဲ့ မီးရှို့ဖျက်ဆီးတာလို့ မွန်ပြည်သစ်ပါတီဘက်က စွပ်စွဲပါတယ်။
ကျိုက်မရောက မွန်လူမျိုးတွေရဲ့ ဝမ်းနည်းပူဆွေးနာကျည်းမှုတွေကို ခွန်အားအဖြစ် ပြောၚ်းလဲပြီး စုပေါင်းအင်အားနဲ့ အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းသွားမယ်လို့ မွန်ပြည်သစ်ပါတီရဲ့ မတ်(၂၈)ရက်က ဓမ္မသရွာ မီးလောင်သွားတဲ့အပေါ် ထုတ်ပြန်ကြေညာချက်မှာ ရေးသားဖော်ပြထားပါတယ်။
****************************************
“မန္တလာမြေမှာ တိုက်နေပြီ”
မန္တလေးမှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဓားပြတိုက်မှု နှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။ ပထမတစ်ကြိမ်ကတော့ မတ် ၂၅ ရက်က ချမ်းအေးသာစံမြို့နယ် ဆေးတက္ကသိုလ်အနီး ၇၄ လမ်းနဲ့ ၃၂ လမ်းအနီး ကမ္ဘောဇဘဏ်ခွဲ ဓားပြတိုက်ခံရပြီး ကျပ်သိန်း(၂၀ဝ၀)ကျော် ပါသွားတဲ့အမှုပါ။
ကမ္ဘောဇဘဏ်ကို သေနတ်နဲ့ ပုဆိန်ကိုင်ဆောင်ထားတဲ့လူနှစ်ဦးအပါအဝင် သုံးဦးက ဘဏ်အတွင်းဝင်ရောက် ဓားပြတိုက်ခဲ့တာပါ။ ဓားပြသုံးဦးထဲမှာ လူကောင်အထွားဆုံးသူက အိတ်အတွင်းအသင့်ယူဆောင်လာတဲ့ ပုဆိန်ကိုင်ဆောင်ပြီး အလယ်အလတ်ရှိသူက ဘဏ်အတွင်းရှိသူတွေကို သေနတ်ကိုင်ခြိမ်းခြောက်ပြီးနောက် လူကောင်အသေးဆုံးသူက နောက်ဆုံးမှ ဘဏ်ထဲဝင်လာပြီး ခုံပေါ်အသင့်ရှိနေတဲ့ ပိုက်ဆံထုပ်တွေကို အိတ်အတွင်းထည့်နေခဲ့တာကို စီစီတီဗွီရုပ်သံဖိုင်အတွင်း တွေ့မြင်ရတယ်။
အဲဒီလူသုံးဦးစလုံး နှာခေါင်းစည်း(Mark)တွေတပ်ထားကြပြီး ဆိုင်ကယ်ဦးထုပ်တွေဆောင်းထားကြတဲ့အတွက် ဆိုင်ကယ်နဲ့လာရောက်ခဲ့တယ်လို့ နားလည်ရပါတယ်။
ဓားပြတိုက်မှုဖြစ်စဉ်ပြီးတဲ့နောက် မန္တလေးမြို့တွင်းအပါအဝင် မြို့ဝင်၊ မြို့ထွက်တွေကို စစ်ကောင်စီတပ်သားတွေက လုံခြုံရေးတင်းကျပ်ပြီး ဆိုင်ကယ်တွေကို အဓိကထား စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဘဏ်ဓားပြတိုက်သူ သုံးဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်က မန္တလေးမြို့၊ မြို့မဈေးအနီးရှိ ဆယ်သန်းရွှေဆိုင်ကို ဝင်ရောက်ဓားပြတိုက်ခဲ့သူ သုံးဦးနဲ့ အသွင်သဏ္ဍန်ဆင်တူနေတာကိုလည်း စီစီတီဗွီမှတ်တမ်းတွေအရ သတိပြုဖွယ်ဖြစ်ရပါတယ်။
ဆယ်သန်းရွှေဆိုင်ကို ဓားပြတိုက်တုန်းကလည်း သေနတ်ကိုင်တစ်ဦးပါဝင်တဲ့ နှာခေါင်းစည်း(Mask)တပ်ထားသူ အမျိုးသားသုံးဦးက ဓားပြဝင်တိုက်ခဲ့ပြီး ကျပ်သိန်း ခြောက်ထောင်ဖိုးခန့်ရှိ ရွှေထည်တွေနဲ့ ငွေသား ကျပ်သိန်းနှစ်ရာကျော်ယူဆောင်သွားခဲ့တယ်။
ဒီတစ်ပတ်ထဲ ဒုတိယအကြိမ် ဓားပြတိုက်မှုကတော့ မတ် ၂၈ ရက် အောင်မြေသာစံမြို့နယ် သီရိမာလာ အရှေ့ရပ်ကွက်က လင်းလက်ဝါ ရွှေပန်းတိမ်ကို ရဲယူနီဖောင်းဝတ်ထားသူအပါအဝင် လူလေးဦးက ကားနဲ့ ရောက်လာပြီး ဆိုင်အတွင်း ဝင်ရောက်စစ်ဆေးစရာရှိတယ်ဆိုပြီး ရွှေထည်ပစ္စည်းတချို့ သိမ်းယူသွားခဲ့ကြပါတယ်။
ရဲယူနီဖောင်းဝတ်အပါအဝင် လူတစ်စုဟာ ပြီးခဲ့တဲ့ လပိုင်းကလည်း အဲဒီရွှေပန်းတိမ်နဲ့ အနီးနားမှာရှိတဲ့ ၂၂ လမ်းနဲ့ ၈၉ လမ်းမှာ ဆိုင်ကယ်စီး အမျိုးသားတစ်ဦးကို တားဆီးငွေညှစ်ပြီး ကျပ်သိန်း(၁၀ဝ)ဝန်းကျင်တန် နောက်ဆုံးပေါ် ကလစ်ဆိုင်ကယ်နဲ့ ဖုန်းကို လက်နက်ပြ မိုက်ကြေးခွဲ ယူဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အတွင်းကလည်း မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ ရဲယူနီဖောင်း ဝတ်ဆင်ထားသူနဲ့ အရပ်ဝတ်၊ ဝတ်ဆင်ထားသူတွေက နေအိမ်တွေကို ဧည့်စာရင်းစစ်မယ်လို့ဆိုပြီး ဝင်ရောက်စစ်ဆေး ငွေညစ်တာ၊ တန်ဘိုးကြီး ပစ္စည်းတွေကို လွယ်ရင်လွယ်သလို လုယက်ယူဆောင်တာတွေ ရှိခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၇ရက်က ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀၊ ၇၂လမ်းနဲ့ ၇၃လမ်းကြားရှိ ‘အောင်’ ရွှေဆိုင်ကိုလည်း ကာလတန်ဖိုး ကျပ်သိန်းတစ်သောင်းတစ်ထောင်ကျော်ဖိုး ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်ခံခဲ့ရတယ်။
စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ လူသတ်မှု၊ လုယက်မှု၊ ဓားပြတိုက်မှုတွေ ဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီက ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူနိုင်တာ မရှိသလောက် အားနည်းတယ်လို့ မြို့ခံတွေက သုံသပ်ကြပါတယ်။
အထက်ပါဓားပြတိုက်မှုက တရားခံတွေအားလုံးရဲ့ အစအနကို စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က ယခုအချိန်ထိ သိရှိခြင်း၊ ထုတ်ပြောခြင်း၊ ဖမ်းမိခြင်း မရှိသေးပါဘူး။