“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (မတ်လ ၁၇ မှ ၂၃ ရက်အထိ)

Author ကိုထားဝယ်၊ အေတီ
Categories
Published on Mar 23, 2024

ယခုအပတ် (မတ်လ ၁၇ မှ ၂၃ ရက်အထိ)အတွင်း ပြည်တွင်းမှာ ကချင်၊ ကရင်နီ(ကယား)၊ ကရင်၊ ရခိုင်တို့မှာ တိုက်ပွဲတွေ ကောင်းနေဆဲဖြစ်သလို စစ်ကိုင်းတိုင်းထဲမှာလည်း ပျောက်ကြားတိုက်ခိုက်မှုတွေအားကောင်းနေဆဲ ဖြစ်ပါတယ်။ ထူးခြားတာကတော့ “မရဏလမ်းစိုက်သွားတဲ့ မိုက်မဲသူတွေ” ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်မှုထမ်းဖို့ အဓမ္မလုပ်ဆောင်တဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေပစ်ခတ်ခံရတဲ့အကြောင်း၊ ကားလောကရဲ့ ပထမဆုံးငွေကြေး ကျပ်သိန်းသောင်းနဲ့ချီလိမ်လည်မှုသတင်းနဲ့ စစ်ကောင်စီလော်ဘီ ကိုကျော်စိုးဦး ဖမ်းဆီးတရားစွဲခံရတဲ့သတင်းတွေကို ကောက်နုတ်ဖော်ပြထားပါတယ်။

****************************************

 

“မရဏလမ်းစိုက်သွားတဲ့ မိုက်မဲသူတွေ”

 

စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကို အကောင်အထည်မဖော်ဖို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးမှုတွေ ပြုလုပ်ထားကြပါတယ်။

 

ဒါပေမဲ့ စစ်ကောင်စီလက်အောက်ခံ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ရှေ့ဆက်တိုးလာခဲ့တဲ့အတွက် သွေးကြွေးဆပ်ခံရမယ်ဆိုတဲ့အထိ ပြင်းပြင်းထန်ထန် သတိပေးခဲ့ကြပါတယ်။

 

အခု မတ်လ တတိယပတ်ထဲ ဒေသအချို့က အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေဟာ မိုက်မိုက်မဲမဲ ရှေ့ဆက်တိုးလာခဲ့တဲ့အတွက် မရဏလမ်းကို စိုက်ရောက်သွားကြရပါတယ်။

 

အဲဒီထဲ မတ်လ ၂၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အမှတ် (၄) ရပ်ကွက်က စစ်မှုထမ်းဖို့ အဓမ္မလုပ်ဆောင်နေတဲ့ အသက် ၃၅ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးနန်းနွယ်ဦး ပစ်သတ်ခံခဲ့ရပါတယ်။ သူ့ကို ရွှေဘို မြို့ပြပြောက်ကျားအဖွဲ့အဖွဲ့က သူနေထိုင်တဲ့ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်တစ်ခုအတွင်းမှာပဲ ပစ်ခတ်သတ်ဖြတ်ခဲ့ကြပါတာပါ။

 

မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ သာပေါင်းရွာအနီးမှာ ဒေသခံတွေကို စစ်မှုထမ်းဖို့ ဖိအားပေးပြီးပြန်လာတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ထွေအုပ်စာရေးအပါအဝင် သုံးဦးတို့ကို ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုမှာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေက ပွဲချင်းပြီးသေဆုံးခဲ့ပြီး ထွေအုပ်စာရေး ကိုဖြိုးက ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အပြင် ကျန်တစ်ယောက်မှာ ထွက်ပြေးလွတ်မြောက်သွားပါတယ်။

 

ဒါ့အပြင် တစ်ရက်တည်းမှာပဲ ရခိုင်ပြည်၊ သံတွဲမြို့နယ်က စစ်မှုထမ်းဖို့ စာရင်းကောက်ယူပြီး လူစုဆောင်းနေတဲ့ ရွှေလှော် ကျေးရွာအုပ်စု ဒါဝရွာက ရာအိမ်မှူး ဦးဝင်းရွှေဟာလည်း တော်လှန်ရေးအင်အားစုတွေရဲ့ ပစ်ခတ်သတ်ဖြတ်တာ ခံခဲ့ရပါတယ်။ သူ့ရဲ့အလောင်းကို ကြာသာပတေးနေ့ ညနေပိုင်းမှာ ရွာအနီးက ချောင်းထဲမှာ တွေ့ရှိခဲ့ကြတာပါ။

 

ဒါ့အပြင် စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးနေတဲ့ မကွေးတိုင်း၊ စလင်းမြို့နယ်က ရပ်/ကျေးအုပ်ချုပ်ရေးမှူး ဦးမြင့်ထူးနဲ့ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးမောင်ပုတို့ဟာလည်း မတ်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ အသီးသီးပစ်သတ်ခံခဲ့ရပါတယ်။

****************************************

 

“ကားလောကရဲ့ ဖိုးတွမ်တီး(420)”

 

လုပ်ငန်းကဏ္ဍ လောကနယ်ပယ်အသီးသီး မြောက်မြားစွာထဲက ဒီတစ်ပတ် ထူးခြားတဲ့ လိမ်လည်မှုတစ်ခုကတော့ ကားလောကရဲ့ လိမ်လည်မှုတစ်ခုပဲဖြစ်ပါတယ်။

 

မြန်မာပြည်ကားလောကသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကျပ်သိန်းပေါင်းသောင်းနဲ့ချီတဲ့ လိမ်လည်မှုတစ်ခု အခုအပတ်ထဲဖြစ်ပွားခဲ့ပါတယ်။

 

King’s Throne လို့ အမည်ရတဲ့ ကားငှားရမ်းရေးကုမ္ပဏီက ကားပိုင်ရှင်နဲ့ ကားငှားရမ်းသူတွေကြား ချိတ်ဆက်ပေးတဲ့ ကုမ္ပဏီတစ်ခုအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် အခုခါ ကားပိုင်ရှင်တွေဆီ ကားပြန်မအပ်တဲ့အပြင် ပေးသွင်းရမယ့် လစာနဲ့ကားငှားသူတွဆီကနေ ရယူထားတဲ့ စပေါ်ငွေတွေ ပြန်မပေးနိုင်တဲ့အတွက် အုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်အောင်အပါအဝင် ရုံးအဖွဲ့တွေ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

 

လိမ်လည်မှုကိုလုပ်တဲ့ပုံစံကတော့ ကုမ္ပဏီထောင်၊ ကားငှားချင်တဲ့သူတွေရှိရင် ကားငှားပေးလိုက်တယ်။ အဲဒီလိုပဲ ကားပိုင်ရှင်တွေရှိတယ်ဆိုရင်လည်း ယူထားပေးလိုက်ပြီးတော့ တစ်ဆင့်ပြန်ငှားတာ။ အဲဒီမှာ ထူးခြားတာက ကားငှားတဲ့အခါမှာ စပေါ်တောင်းတာပေါ့။ သူက အလယ်ကနေပြီးတော့ စပေါ် သိန်း ၅၀ ကနေ ၁၀ဝ ယူထားလိုက်တာလို့ လိမ်လည်မှုပုံစံနဲ့အကြောင်းအရာကို အသေးစိတ်သိရှိသူ လုပ်ငန်းရှင်တစ်ဦးက CJ Platform ကိုပြောပါတယ်။

 

King’s Throne ကုမ္ပဏီပိုင်ရှင် ဦးသက်အောင်က ကားအစီးရေ ၁၀ဝ လောက်ဆီကနေ ကားတစ်စီးကို စပေါ်ငွေ ကျပ်သိန်း ၁၀ဝ လောက်ရယူထားတဲ့အတွက် ကျပ်သိန်းပေါင်း သုံးသောင်းလောက်အထိ လိမ်လည်မှုဖြစ်တယ်လို့ ဒီရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတယ်။

 

ဒီလိမ်လည်မှုသတင်းကိုသိရှိတဲ့ တချို့သူတွေကလည်း ကျပ်သိန်း သုံးသောင်းလောက်အထိ မဖြစ်နိုင်ပေမဲ့ အနည်းဆုံး ကျပ်သိန်းသောင်းချီရှိနိုင်တယ်လို့ CJ Platform ကို မှတ်ချက်ပေးပါတယ်။

 

“ဦးသက်အောင်ပြောပုံအရ သိန်း ၇၀ဝ၀ လောက်လို့ပြောပေမဲ့ တခြားသူတွေပြောတာက အစီး ၃၀ဝ လောက်ကို သိန်းပေါင်း သုံးသောင်းလောက်လို့ ပြောကြတယ်။ ကျွန်တော့်အနေနဲ့တော့ သိန်းသောင်းနဲ့တော့ ချီမယ်ထင်တယ်” လို့ King Throne ပိုင်ရှင်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအထိအဆက်အသွယ်ရှိခဲ့တဲ့ ကားလုပ်ငန်းရှင်တစ်ဦးက ပြောခဲ့ပါတယ်။

 

ဒီလိမ်လည်မှုမှာတော့ ငွေကြေးဘယ်လောက်ဆိုတာ အတိကျမသိရသေးပေမဲ့ ဦးသက်အောင်ရဲ့ ကုမ္ပဏီဆီ ကားငှားထားသူတွေနဲ့ စပေါ်တင်ပြီး ကားငှားထားသူတွေကြား စိုးရိမ်ပူပန်နေကြပါတယ်။ ကိုသက်အောင်ဆီ စပေါ်တင်ထားတဲ့သူတွေအားလုံး တစ်ယောက်မှ ငွေပြန်မရတာတော့ သေချာတယ်။

ကားငှားထားတဲ့သူတွေကလည်း ကားငှားခတွေ အခုထိ ပြန်မရတာလည်း သေချာတယ်လို့ ပြောဆိုနေကြပါတယ်။

 

အခုလို မြန်မာနိုင်ငံရဲ့စီးပွားရေးလောကအတွင်း ကျပ်သိန်းသောင်းနဲ့ချီပြီး ငွေကြေးပမာဏအမြောက်အမြား လိမ်လည်မှုဖြစ်စဉ်မှာ ပွဲရုံလုပ်ငန်းများအတွင်း ဖြစ်ပွားခဲ့ဖူးပြီး ကားလောကမှာတော့ ဒါပထမဆုံးလိမ်လည်မှုလို့ ဆိုနိုင်ပါတယ်။

****************************************

 

“ဆွမ်းခံရင်း ငှက်သင့်သူ”

 

စစ်ကောင်စီ လော်ဘီတစ်ဦးဖြစ်တဲ့ People Media အယ်ဒီတာချုပ် ကိုကျော်စိုးဦးဟာ အခုပတ် မတ်လ ၁၉ ရက် အင်္ဂါနေ့ညပိုင်းက ဖမ်းဆီးခံခဲ့ရပါတယ်။

 

မြန်မာစကားပုံအရဆိုပါက သူဟာ “ဆွမ်းခံရင်း ငှက်သင့်” ရသူပါ။ ကိုကျော်စိုးဦးဟာ လော်ဘီတစ်ဦးလုပ်နေကြအတိုင်း စစ်ကောင်စီအတွက် လော်ဘီလုပ်နေရင်းနဲ့ပဲ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

 

နေပြည်တော် အခြေစိုက် People Media ရဲ့ အယ်ဒီတာချုပ်ကို စစ်ကောင်စီက သူတို့ကို ပြန်လည်ဝေဖန်လို့ ဖမ်းတာလို့ Myanmar Now သတင်းဌာနက ရေးသားခဲ့ပါတယ်။

 

“ဘာတွေကြောက်နေတာလဲ။ ခင်ဗျားတို့ကို ပေးထားတဲ့ သေနတ်တွေရှိတယ်လေ။ ခါးမှာ။ ခင်ဗျားတို့ကို ပေးထားတဲ့ ကျည်ကာတွေရှိတယ်လေ။ သွားစမ်းပါ။ ကြိုက်သလိုသွားစမ်းပါ” လို့ စစ်ကောင်စီအရာရှိတွေကို ရည်ရွယ် ဝေဖန်တိုက်ခိုက်ထားတဲ့ ဗီဒီယိုကြောင့် ဖမ်းခံထားရတာလို့ ယူဆနေကြတာပါ။ အဲဒီဗီဒီယိုဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း သေဆုံးခဲ့ရတဲ့ ရဲအုပ် နေလင်းဟိန်းရဲ့ နာရေးကို စစ်ကောင်စီအရာရှိတွေ မသွားရောက်ခဲ့လို့ပါ။

 

ကိုကျော်စိုးဦးဟာ Follower တစ်သိန်းကျော်ရှိတဲ့ People Media နဲ့ Follower လေးသောင်းကျော်ရှိတဲ့ (U Kyaw Soe Oo) တယ်လီဂရမ်ချန်နယ်တွေကနေ တော်လှန်ရေးအင်အားစုတွေကို ဝေဖန်တိုက်ခိုက်လေ့ရှိသလို စစ်ကောင်စီကို လော်ဘီလုပ်ပေးနေတာပါ။

 

သူ့ကို နေပြည်တော် စစ်ကြောရေးစခန်းတစ်ခုမှာ နှစ်ရက်ထိန်းသိမ်းပြီးနောက် မတ်လ ၂၁ ရက် ကြာသာပတေးနေက ဇဗ္ဗူသီရိမြို့နယ်တရားရုံးမှာ ရုံးထုတ်ပြီး ချုပ်ရက်ရမန်ရယူပြီးနောက် ညနေပိုင်းမှာ နေပြည်တော် အချုပ်ထောင်သို့ ပို့ခံလိုက်ရတာပါ။ သူဟာ စစ်ကောင်စီ လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက ရဲအရာရှိတစ်ဦးက နာမည်ကြီးပုဒ်မ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က)နဲ့ စွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။

 

သူဖမ်းဆီးခံရပြီးမကြာမီ ဇဗ္ဗူသီရိမြို့နယ်၊ မြို့မဈေးနားက People Media ရုံးကို မှုခင်းရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရှာဖွေပြီးနောက် လုပ်ငန်းသုံး ကွန်ပျူတာ၊ ကင်မရာနဲ့ ဆက်စပ်ပစ္စည်း၊ ဖုန်းတွေကို သိမ်းဆည်းသွားခဲ့ပါတယ်။

 

အခု မတ်လ ၂၃ ရက်နေ့အထိ သူနဲ့လမ်းကြောင်းတူ စစ်ကောင်စီလော်ဘီများက ပြန်လွှတ်ပေးဖို့တောင်းဆိုနေကြသလိုလို အမျိုးမျိုးပြောဆိုမှုတွေပြုလုပ်နေကြပါတယ်။