“ဒီတစ်ပတ် ငါတို့နိုင်ငံဘာထူးလဲ” (မတ်လ ၃ မှ ၉ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Mar 09, 2024

ဒီတစ်ပတ် (မတ်လ ၃ မှ ၉ ရက်အထိ)အတွင်း တော်လှန်ရေး တိုက်ပွဲသတင်းတွေဘက်မှာဆိုရင် ကနီမြို့သိမ်းတိုက်ပွဲသတင်းနဲ့အတူ KIA ရဲ့ ကချင်ပြည်နယ် 0307 Operation စတဲ့သတင်းတွေက ထိပ်တန်းရောက်ခဲ့သလို ကရင်နီပြည် ဖားဆောင်းမြိုက တိုက်ပွဲတွေ၊ ကရင်ပြည် သင်္ဃန်းညီနောင်နဲ့ မြဝတီမှာဖြစ်တဲ့ တိုက်ပွဲသတင်းတွေနဲ့ ရှမ်းတောင်ပိုင်း ဆီဆိုင်နဲ့ ဟိုပုံးက တိုက်ပွဲတွေကိုလည်း လူတွေ စောင့်ကြည့်ခဲ့ကြပါတယ်။ အဲဒီလိုပဲ ရခိုင်မှာ ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲတွေ၊ ရမ်းဗြဲက တိုက်ပွဲသတင်းတွေ ရှေ့ရောက်ခဲ့ပါတယ်။

 

နောက်ပြီး ဒီတစ်ပတ်ထဲမှာ ကျရောက်ခဲ့တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့အကြောင်း၊ ဂျပန်ကနေ ကန်ဒေါ်လာ ၃၇ သန်းကူညီမယ့်အကြောင်း စတဲ့သတင်းတွေကို ဒီတစ်ပတ်ရဲ့ ထိပ်တန်းရောက်သတင်းတွေအဖြစ် ကောက်နုတ်ဖော်ပြသွားမှာဖြစ်ပါတယ်။

****************************************

 

“မြန်မာပြည် ထိပ်ဖျားက စစ်မျက်နှာသစ်”

 

မြန်မာပြည်ရဲ့ မြောက်ဖျား ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ မဟာမိတ်တပ်တွေ မတ်လ ၇ ရက်နေ့ ကြာသာပတေးနေ့မှာ စစ်မျက်နှာသစ်ဖွင့်လိုက်ကြပါတယ်။

 

အဲဒီမှာ အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ PDF တွေအပြင် ရက္ခိုင့်တပ်တော် AA တို့ကလည်း ပူးပေါင်းပါဝင် တိုက်ခိုက်နေပါတယ်။

 

ပထမဆုံးနေ့မှာ စစ်အင်အား ထောင်ဂဏန်းအသုံးပြုပြီး KIA ဌာနချုပ် လိုင်ဇာအနီးမှ စစ်ကောင်စီတပ်စခန်းတွေအပါအဝင် မြစ်ကြီးနားလေတပ်စခန်း၊ ဝိုင်းမော်၊ ဒေါ့ဖုန်းယန်၊ ဗန်းမော် စတဲ့မြို့တွေထဲက စစ်စခန်းတွေကို မနက် ၅ နာရီခန့်ကစပြီး တပြိုင်နက် ဝင်တိုက်ခဲ့ကြပါတယ်။

 

ထိုးစစ်စတင်ပြီး နာရီပိုင်းအတွင်း မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ် အခြေစိုက်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်ဟု KIA ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

 

သုံးရက်အတွင်း ၁၃ ခုအထိ သိမ်းထားနိုင်ပြီလို့ KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုပြောကြားထားပါတယ်။

 

အဲဒီထဲ ပထမဆုံးနေ့မှာ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ရွာအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) အမှတ် ၃၂၁၊ နွမ့်လန့်(Numlang)၊ ကုန်းလော(KungLaw)၊ မလိယန်တို့က အခြေစိုက် တပ်စခန်းတွေ၊ ဒေါ့ဖုန်းယန်မြို့၊ လိုင်ဇာမြို့အနီးက ခယာတောင်နဲ့ ဘွမ်ရဲတောင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေလို့ သူက ပြောခဲ့ပါတယ်။ စခန်းဘယ်နှခုလည်း ဆိုတာတော့ တိတိကျကျ မပြောခဲ့ပါဘူး။

 

နောက်နေ့ သောကြာနေ့မှာလည်း စခန်းသိမ်းမှုတွေရှိတယ်လို့ သတင်းတွေတက်လာခဲ့ပေမဲ့ ဗိုလ်မှူးကြီးကတော့ အတည်ပြုပြောတာမျိုးမတွေ့ခဲ့ရပါဘူး။ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ အရှေ့ဘက် ဧရာဝတီမြစ်ဖျားဘက်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတစ်ခုကို မနေ့က သိမ်းနိုင်ခဲ့တယ်လို့ နော်ဘူက အတည်ပြု ပြောကြားခဲ့ပါတယ်။

 

မတ် ၇ ရက် နံနက် ၆ နာရီဝန်းကျင်ကစလို့ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများ၊ ခါရာဘွမ်၊ အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိုင့် (၉၃၆)ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိုင့် (၂၅၉) လေယာဉ်ကွင်းစခန်းအပါအဝင် တခြားစခန်းတချို့ကို တပြိုင်နက် တိုက်ခိုက်နေတဲ့အကြောင်း AA က ထုတ်ပြန်ထားပါတယ်။

****************************************

 

“ကနီမြို့သိမ်းပြီ”

 

KIA/PDF ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြိုးပမ်းမှုနဲ့ စစ်ကိုင်းတိုင်း၊ ကနီမြို့ကို မတ် ၆ ရက် ဗုဒ္ဓဟူး ညပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးလို့ CJ Platform ကို အဲဒီမှာပါဝင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို အတည်ပြုပေးခဲ့ပါတယ်။

 

လက်ကျန်ဘုရားကုန်းစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူပြ အလင်းဝင်ခဲ့ပြီးနောက် ကနီမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာလို့ သူတို့က ပြောခဲ့ပါတယ်။အဲဒီမြို့သိမ်းတိုက်ပွဲအတွင်း ရရှိခဲ့တဲ့ စစ်သုံ့ပန်းတွေကို ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားတယ်လို့ ဆိုကြပါတယ်။

 

“ ဘုရားကုန်းစခန်း အလံဖြူထောင်ပြီး သိပ်မကြာဘူး။ ဂျက်ဖိုက်တာတွေ လာတာပဲ။ နှစ်ဖက်လုံးကို ရမ်းပစ်တာ။ သူတို့လူတွေလည်း ပစ်တာပဲ။ ဒီဘက်က အထိအခိုက်လုံးဝမရှိဘူး” လို့ မြေပြင်ရဲဘော်တစ်ဦးက CJ Platform ပြောပြခဲ့ပါတယ်။

 

မြို့သိမ်းတိုက်ပွဲကို မတ်လ ၂ ရက်နေ့က စတင်ခဲ့ပြီး ၅ ရက်အကြာ မတ်လ ၆ ရက်နေ့မှာ သိမ်းနိုင်ခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

ကနီမြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် နှစ်ဦး မြင့်မြတ်စွာအသက်ပေးလှူသွားပြီး ဒဏ်ရာရ ရဲဘော်အများအပြား ရှိခဲ့ပါတယ်။

 

ဒါ့အပြင် ဒီတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင်ခဲ့ရပြီး တိုက်ပွဲပြင်းထန်နေချိန် မြို့တွင်းပိတ်မိကျန်ရစ်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

 

ကနီမြို့သိမ်းတိုက်ပွဲတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့အတူ ယင်းမာပင်ခရိုင် တပ်ရင်း ၂၊ ကနီပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁၊ AK ပျောက်ကြားတပ်ဖွဲ့တို့အပါအဝင် ခရိုင်တပ်ရင်းတွေ၊ မဟာမိတ်ပူးပေါင်းတပ်တွေက နေ့ရောညပါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာပါ။

****************************************

 

“အဆင့်မြင့်အရာကြီးတွေကို ချေမှုန်းနိုင်ခဲ့တဲ့ ပုဏ္ဏားကျွန်း မြို့သိမ်းတိုက်ပွဲ”

 

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ကို ရက္ခိုင့်တပ်တော် AA အနေနဲ့ မတ်လ ၄ ရက် အင်္ဂါနေ့က အပြီးသတ် တိုက်ခိုက်သိမ်းနိုင်ခဲ့ပါတယ်။ နောက်ဆုံးကျန်တဲ့ စစ်ကောင်စီရဲ့ ခမရ(၅၅၀)တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း အဆင့်မြင့်အရာရှိကြီးတွေဖြစ်တဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးတစ်ဦးတို့ကို အသေဖမ်းဆီးရမိခဲ့တာပါ။

 

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ တပ်သားအချို့ကို လက်ရဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြားကို AA က သိမ်းဆည်းရမိခဲ့ကြပါတယ်။

 

AA ဟာ ခမရ(၅၅၀)တပ်ရင်းကို ဖေဖော်ဝါရီ ၂၁ ရက်ကစတိုက်ခဲ့ပြီး ၁၃ ရက်အကြာ မတ်လ ၄ ရက်နေ့မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ အဲဒီတိုက်ပွဲတွေထဲ ဗျူဟာမှူးအဆင့်ရှိ ဗိုလ်မှူးကြီး မျိုးမင်းကိုကို၊ DSA အပတ်စဉ်(၄၂)၊ ခလရ(၂၀၈)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ(၅၅၀)မှ ဗိုလ်မှူးစောထွေးတို့နဲ့အတူ စစ်ကောင်စီတပ်သားအများအပြားကို အသေဖမ်းဆီးရမိခဲ့ပါတယ်။

 

ရက္ခိုင့်တပ်တော် AA ဟာ ရခိုင်ပြည်ထဲ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တောနဲ့ မြေပုံမြို့နယ်တို့ကို သိမ်းထားပြီးဖြစ်တဲ့အပြင် အခု စစ်ကောင်စီရုံးတွေစိုက်ရာ စစ်တွေနဲ့ မိုင် ၂၀ လောက်ပဲကွာဝေးတဲ့ ပုဏ္ဏားကျွန်းမြို့ကိုသိမ်းနိုင်ခဲ့တာကြောင့် မြို့ခြောက်ခုအထိသိမ်းနိုင်ခဲ့ပါပြီ။ အဲဒီလိုပဲ ချင်းပြည်ထဲက ပလက်ဝမြို့နယ်ကိုလည်း သိမ်းပိုက်ထားပါတယ်။

****************************************

 

“သင်္ဃန်းညီနောင်မှာ တိုက်ပွဲတွေပြင်းထန်”

 

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာတဝိုက် KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ ခမရ ၃၅၅ တို့ကြား ကြာသာပတေးနေ့က တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။

 

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေထဲက စစ်ကောင်စီရဲ့ မြေခြန်တပ်ရင်း ခမရ ၃၅၅ ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ နောက်နေ့ သောကြာနေ့မှာတော့ တိုက်ပွဲဖြစ်ရာအနီးတဝိုက်ကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲ၊ ပစ်ခတ်ခဲ့ပါတယ်။

 

ဒါကြောင့် ဒေသခံအများအပြားမနေရဲတော့လို့ အသက်ဘေးလွတ်ရာ မြဝတီမြို့ကို တိမ်းရှောင်ခဲ့ကြရပါတယ်။

 

ယာဉ်မောင်းများအနေနဲ့ သင်္ဃန်းညီနောင် ကျေးရွာအုပ်စု၊ အာရှလမ်းမကြီးအပေါ်မှာ တိုက်ပွဲဖြစ်နေတာကြောင့် မသွားလာရဲတော့ဘဲ တိုက်ပွဲလွတ်ရာ လမ်းဆိုးဝါးတဲ့ ထို့ကော်ကိုးလမ်းကို အသုံးပြုနေကြရပါတယ်။

****************************************

 

“အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ မြန်မာအမျိုးသမီးတွေ ပါဝင်ဆင်နွှဲ”

 

ယခုအပတ် မတ်လ ၈ ရက် သောကြာနေ့မှာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့(International Women’s Day)ကို ကျရောက်ခဲ့ပါတယ်။

 

အဲဒီနေ့မှာ မြန်မာအရပ်သား အမျိုးသမီးတွေအပါအဝင် တော်လှန်ရေးရဲဘော်အမျိုးသမီးများ၊ EROs တပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေကလည်း လှုပ်ရှားတစ်မျိုးစီနဲ့ ပါဝင်ခဲ့ကြပါတယ်။

 

မြန်မာ့အိမ်နီးချင်း ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ အာရှနိုင်ငံတွေက အမျိုးသမီးတွေအများအပြား စုဝေး ဆန္ဒပြခဲ့ကြပြီး အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ရေးတောင်းဆိုခဲ့ကြပါတယ်။

 

ဒီနှစ်အတွက် အမျိုးသမီးများနေ့ ဆောင်ပုဒ်ကတော့ Count Her In: Invest in Women. Accelerate Progress “အရှိန်အဟုန်နဲ့တိုးတက်ဖို့ အမျိုးသမီးများအတွက် ရင်းနှီးမြုပ်နှံစို့” ဖြစ်ပါတယ်။

 

အဲဒီနေ့မှာပဲ စစ်အာဏာရှင်တွန်းလှန်မှုမှာပါဝင်တဲ့ မြန်မာအမျိုးသမီးတွေကို နိုင်ငံတကာအဖွဲ့အစည်းကနေ ထုတ်ဖော်ချီးကျူးမှုတွေပြုလုပ်ခဲ့ကြပါတယ်။

 

အာဏာသိမ်း စစ်တပ်ကို တွန်းလှန်ဆန့်ကျင်ရာမှာ အဓိကအခန်းကဏ္ဍမှာပါဝင်တဲ့ မြန်မာအမျိုးသမီးတွေရဲ့ ရဲစွမ်းသတ္တိကို အသိမှတ်ပြုချီးကျူးတဲ့အကြောင်း အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ၊ ကနေဒါ၊ နယ်သာလန်နဲ့ နယူဇီးလန်နိုင်ငံသံရုံးတွေရဲ့ သံရုံးအကြီးအကဲတွေက ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။

 

အဲဒီပူးတွဲထုတ်ပြန်ချက်ထဲ “အခက်အခဲတွေကြားက အမျိုးသမီးတွေရဲ့ လုပ်ဆောင်ချက်တွေက အားလုံးပါဝင်၊ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ အနာဂတ်ရစေဖို့ ဘယ်လောက်အရေးကြီးပြီး အရေးပါသလဲဆိုတာ ပြသနေတယ်” လို့ ဖော်ပြထားပါတယ်။ နောက်ပြီး ကျားမတန်းတူရေးနဲ့အတူ အမျိုးသမီး၊ မိန်းကလေးငယ်တွေရဲ့ စွမ်းရည်မြှင့်တင်ပေးရေးအတွက်လည်း အခိုင်အမာ ရှိနေဆဲဖြစ်တယ်လို့ ထည့်သွင်းရေးသားထားပါတယ်။

 

အလုပ်ခွင်တွေမှာ အမျိုးသမီး၊ အမျိုးသား တန်းတူအခွင့်အရေးရရှိဖို့၊ တန်းတူလုပ်ခလစာရရှိဖို့နဲ့ အမျိုးသမီးတွေအတွက် လွတ်လပ်လုံခြုံတဲ့လုပ်ငန်းခွင်တွေ မဖြစ်မနေလိုအပ်တယ်ဆိုတာကို မီးမောင်းထိုးပြတဲ့ ဆွေးနွေးပွဲတစ်ခု နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်(ILO)မှာ အကျယ်တဝင့်ဆွေးနွေးခဲ့ကြပါတယ်။

****************************************

 

“ကန်ဒေါ်လာ ၃၇ သန်း မြန်မာကိုအကူအညီပေးမယ်လို့ ဂျပန်ပြော”

 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ လူသားချင်းစာနာတဲ့အကူအညီ လိုအပ်နေသူတွေအတွက် နောက်ထပ်အကူအညီပေးသွားမယ်လို့ ဂျပန်အစိုးရက သောကြာနေ့က ကြေညာပါတယ်။

 

အဲဒီကြေညာချက်ထဲ အမေရိကန်ဒေါ်လာ ၃၇ သန်းလောက်နဲ့ညီမျှတဲ့ ထောက်ပံ့ကူညီမှုတွေကို ကုလသမဂ္ဂ ကလေးသူငယ်စောင့်ရှောက်ရေး UNICEF အဖွဲ့၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC၊ ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့UN Women၊ နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးစင်တာ AHA Center စတဲ့ အဖွဲ့အစည်းတွေအပြင် လူထုအခြေပြုအဖွဲ့တွေကနေတစ်ဆင့် ပေးသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက ပါဝင်ပါတယ်။

 

စစ်တပ်အာဏာသိမ်းထားပြီး ၃ နှစ်အကြာ လေကြောင်းတိုက်ခိုက်မှုတွေ၊ နိုင်ငံအနှံ့တိုက်ပွဲတွေ၊ အပြစ်မဲ့သူအများအပြား သေကျေထိခိုက်ရတာနဲ့အတူ လူသားချင်းစာနာစရာ အခြေအနေတွေ ဆက်ပြီးဆိုးလာတယ်လို့ ဂျပန်အစိုးရက ထောက်ပြထားပါတယ်။

 

ကျန်းမာရေးစောင့်ရှောက်မှု၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေ အာဟာရပြည့်ဝရေး၊ ရေနဲ့ မိလ္လာရရှိရေး၊ ပညာသင်ကြားရေး၊ အစားအသောက်နဲ့ ဆေးဝါးပေးဝေရေးတွေမှာ ဒေါ်လာ ၃၇ သန်းဖိုးအကူအညီတွေကို သုံးစွဲမှာဖြစ်ပါတယ်။

 

ဒါ့အပြင် လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေကို အကူအညီပေးရေး မူးယစ်ဆေးစွဲသူတွေ ဆေးပြတ်အောင်နဲ့ ပြန်လည်ထူထောင်ရေးပိုင်းတွေမှာလည်း အကူအညီပေးသွားဖို့လည်း ပါဝင်ပါတယ်။ ဒီအကူအညီတွေကို မြန်မာနိုင်ငံထဲမှာတင်မဟုတ်ဘဲ ထိုင်းနိုင်ငံထဲမှာရှိနေကြတဲ့ မြန်မာတွေအတွက်လည်း သုံးစွဲမှာဖြစ်ပါတယ်။