“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (ဖေဖော်ဝါရီ ၂၅ မှ မတ်လ ၂ ရက်နေ့အထိ)

Author ကိုထားဝယ်
Categories
Published on Mar 02, 2024

ဒီတစ်ပတ် (ဖေဖော်ဝါရီ ၂၅ မှ မတ်လ ၂ ရက်နေ့အထိ)အတွင်း ရန်ကုန် ညတွေမှာ ‘အုန်း’ သံတွေညံခဲ့သလို စစ်ကိုင်းက PDF အရာရှိရဲ့ ချစ်သူကို ပစ်သတ်တဲ့သတင်း၊ ရခိုင်ဘက်က သတင်းတွေ ထူးခြားခဲ့ပါတယ်။ ဒါကြောင့် ရခိုင်ဘက်က စစ်တွေမြို့မဈေးအနီး လက်နက်ကြီးကျလို့ လူဆယ်နဲ့ချီသေဆုံးရတဲ့သတင်းနဲ့ အချုပ်သား ၇ ဦးသတ်ဖြတ်မှု ဝန်ခံချက်သတင်းတွေနဲ့အတူ ဒီတစ်ပတ်ရဲ့ ထူးခြားသတင်းတွေအဖြစ် ကောက်နုတ်ဖော်ပြသွားမှာဖြစ်ပါတယ်။

****************************************

 

“‘အုန်း’ သံတွေ ညံခဲ့တဲ့ ရန်ကုန်”

 

အခု ဖေဖော်ဝါရီ နှောင်းပိုင်းနဲ့ မတ်လ ဆန်း ရက်တွေဆုံခဲ့တဲ့ ရက်သတ္တပတ်ထဲ ရန်ကုန်မှာ ပေါက်ကွဲသံတွေနဲ့ ညံနေခဲ့ပါတယ်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က ဒဂုံမြို့နယ် အလံပြဘုရားလမ်းပေါ်က စစ်ခေါင်းဆောင်သား ရှယ်ယာအများဆုံးပါတဲ့ My tel ရုံးချုပ်ကို မြို့ပြပျောက်ကြားအဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီပေါက်ကွဲမှုမှာ ဂိတ်စောင့်စစ်သားနှစ်ဦး‌ဒဏ်ရာရရှိခဲ့ပါတယ်။

 

အဲဒီနောက် မတ်လ ၁ နံနက် ၂ နာရီခွဲလောက်က ကြည့်မြင်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်းအနီးရှိ လေယာဉ်ဆီတင်သင်္ဘောကို ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ချိန်ကိုက်မိုင်းနဲ့ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ အဲဒီဖောက်ခွဲမှုမှာ အနည်းဆုံး လူနှစ်ဦးသေဆုံးခဲ့ပါတယ်။

 

အဲဒီနောက် တစ်ရက်တည်းဖြစ်တဲ့ ည ၇ နာရီကျော်ကနေ ၉ နာရီအတွင်း ရန်ကင်း၊ တောင်ဥက္ကလာ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ မရမ်းကုန်းမြို့နယ်တွေမှာ ဗုံးတွေ ပေါက်ကွဲခဲ့ပါတယ်။

 

အခုလို ပေါက်ကွဲမှုတွေထဲက လှိုင်သာယာပေါက်ကွဲမှုမှာ နှစ်ဦးသေဆုံးခဲ့ရပြီး အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက်ပေါက်ကွဲမှုမှာ နှစ်ဦးသေဆုံးတဲ့အပြင် တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ တော်လှန်ရေးအဖွဲ့တွေဘက်က တစ်စုံတရာထုတ်ပြန်တာမျိုးမရှိခဲ့ပါဘူး။

 

စစ်ကောင်စီဘက်ကတော့ အင်းစိန်ပေါက်ကွဲမှုနဲ့ပတ်သက်လို့ ဗုံးဖောက်ခွဲဖို့လာရင်း ပေါက်ကွဲတာလို့ ပြောကြပါတယ်။

****************************************

 

“မချစ်လို့ ပစ်တယ်”

 

မချစ်ရင် ပစ်မှာဆိုတဲ့စကားကို စစ်ကိုင်းက PDF လူငယ်က လက်တွေ့အသုံးပြုလိုက်ပါတယ်။

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် တပ်ရင်း (၂)က ဒုတိယတပ်ခွဲမှူးဟာ အသက် ၂၂ နှစ်အရွယ် ချစ်သူမိန်းကလေးက မချစ်လို့ဆိုပြီး သေနတ်နဲ့ တေ့ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

 

ဒါပေမဲ့ PDF အရာရှိဟာ ပစ်ခတ်ပြီးနောက် ချက်ချင်းဆိုသလို လာရောက်အဖမ်းခံခဲ့ပါတယ်။ အဲဒီအမှုကို ခုံရုံးဖွဲ့စစ်ဆေးမယ်လို့ မိခင်တပ်ရင်းကဆိုပြီး တပ်ရင်းမှာပဲ ချုပ်ထားတယ်လို့ ဆိုပါတယ်။

 

ပြည့်ထွန်းနိုင်လို့အမည်ရတဲ့ အသက် ၃၀ ခန့်အရွယ် PDF ဒုတပ်ခွဲမှူးဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဝက်လက်မြို့နယ် သခွတ္တောကျေးရွာနေ အမျိုးသမီးငယ်နေအိမ်ထိ သွားရောက်ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။

****************************************

 

“အရပ်သားအများအပြား ထိခိုက်သေဆုံးခဲ့ရတဲ့ စစ်တွေမြို့မဈေး လက်နက်ကြီးပစ်ခတ်ခံရမှု”

 

ရခိုင်ပြည် စစ်တွေ မြို့မဈေးအနီးက ကိုရီးယားဆိပ်ကမ်းဈေးထဲကို ဖေဖော်ဝါရီ ၂၉ ရက်၊ ကြာသာပတေးနေ့နံနက်ပိုင်းက စစ်ကောင်စီစစ်င်္ဘောပေါ်ကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် ဈေးဝယ်/ဈေးရောင်းနေကြသူ ၁၂ ဦးအထိသေဆုံးခဲ့ရပါတယ်။

 

ဈေးထဲ လူစည်ကားနေချိန် ကျရောက်ပေါက်ခဲ့တာကြောင့် ဒဏ်ရာရသူဟာ ၈၀ ကျော်အထိရှိခဲ့တာပါ။ အဲဒီထဲက ၃၁ ဦးက ဒဏ်ရာပြင်းထန်ပြီး ၅၀ လောက်က အသေးစားဒဏ်ရာတွေရခဲ့ပါတယ်။

 

“မနက် အစောကြီး ဈေးဘက်ကနေ “အုန်း” ဆိုတဲ့ အသံကြီး ကြားပြီး မကြာဘူး။ လူတွေ ပြေးထွက်လာတာ။ ကယ်ပါ ယူပါနဲ့ ဆူညံနေကြရော။ ပြီးမှ သွားစုံစမ်းတော့ ဆယ်ဦးကျော် သေတယ်ကြားတယ်။ ဒဏ်ရာ ပြင်းတဲ့သူလည်း ငါးဆယ်ကျော်တယ်။ မစိုးရိမ်ရတဲ့ ဒဏ်ရာ ရသူကတော့ နှစ်ဆယ်ကျော်၊ သုံးဆယ်ဝန်းကျင်ရှိတယ်” လို့ အသက် ၃၂ နှစ်အရွယ်ရှိ စစ်တွေမြို့မဈေးအနီး နေထိုင်သူတစ်ဦးက CJ Platform ကို ပြောခဲ့ပါတယ်။

 

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က စစ်တွေမြို့နဲ့ အနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဈေးအတွင်း လူစည်ကားနေချိန် ရည်ရွယ်ချက်ရှိရှိပစ်ခတ်လိုက်တာဖြစ်တဲ့အတွက် ဒါဟာ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

 

ဒီအရပ်သား ဆယ်နဲ့ချီသေဆုံးခဲ့ရတဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို AA နဲ့ပူးပေါင်း ရှာဖွေပြီး အရေးယူမယ်လို့ NUG ဘက်က သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

****************************************

 

“အချုပ်သားတွေသတ်ဖြတ်ခဲ့သူတွေရဲ့ ဝန်ခံထွက်ဆိုမှု”

 

မတရားဖမ်းဆီးထောင်ချခံထားရတဲ့ ရခိုင်လူမျိုး သတင်းထောက်နှစ်ဦးအပါအဝင် အရပ်သား ၇ ဦးကို အချုပ်ခံထားရချိန် သတ်ဖြတ်ခဲ့တဲ့အကြောင်း အဓိကစေခိုင်းသူ ဗိုလ်မှူး သိန်းထိုက်စိုးအပါအဝင် ပါဝင်ခဲ့သူတွေက ဝန်ခံထွက်ဆိုခဲ့ပါတယ်။

 

သတင်းထောက် ကိုမြတ်သူထွန်း(ခ)ဖိုးသီဟ၊ ကိုကျော်ဇံဝေ(ခ)ဖိုးလပြည့်(ခ)ရင်ဆို့တို့အပါအဝင် ကိုကျော်သိန်းလှိုင်၊ ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွန့်၊ ကိုဝင်းနိုင်၊ ကိုပြည့်စုံဝင်းတို့ ၇ ဦးကို မြောက်ဦးမြို့နယ်အခြေစိုက် ခမရ-၃၇၈ တပ်ရင်းထဲက ဗဟိုကင်းအချုပ်ခန်းကနေခေါ်ယူပြီး ဇန်နဝါရီလ ၂၃ ရက်နေ့က သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

 

“ကိုဖိုးလပြည့်အပါအဝင် ၇ ဦးကို တပ်ရင်းဗဟိုကင်း အချုပ်ကင်းမှာ ထိန်းသိမ်းထားခဲ့ပါတယ်။ ဆေးကုသမှု ခံယူနေတဲ့ တပ်ရင်း ၃၇၇ ကနေပြီး ဇန်နဝါရီ ၂၃ ရက်နေ့မှာ ဒုတပ်ကြပ် သန်းအောင်နဲ့အဖွဲ့အား အချုပ်သား ၇ ဦးကို ရှင်းလင်းဖို့ အမိန့်ပေးလိုက်ပါတယ်” လို့ စစ်ကောင်စီလက်အောက်ခံ ခမရ-၃၇၈ တပ်ရင်းက တပ်ခွဲမှူး ဗိုလ်မှူး သိန်းထိုက်စိုးက AA က ထုတ်ပြန်တဲ့ ရုပ်သံဖိုင်အတွင်း ဝန်ခံပြောကြားခဲ့ပါတယ်။

 

အဲဒီလိုသတ်ဖြတ်ပြီး နောက်တစ်နေ့နံနက်မှာ သတင်းလာပို့တဲ့ ခရိုင်မှူး ရဲမှူးကြီး ဦးခင်မောင်စိုးနဲ့တိုင်ပင်ပြီးနောက် တပ်မမှူးထံသို့ အချုပ်သား ၇ ဦး ဗုံးထိမှန်သေဆုံးခဲ့တဲ့အကြောင်း လိမ်လည်သတင်းပို့ခဲ့တယ်လို့ ဗိုလ်မှူး သိန်းထိုက်စိုးနဲ့ ရဲမှူးကြီးတို့က ဝန်ခံခဲ့ပါတယ်။

 

အဲဒီဖြစ်စဉ်မှာ နောက်ထပ်ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ တပ်ရေးဗိုလ်ကြီး အာကာမြင့်ရဲ့ ဝန်ခံချက်ထဲမှာတော့ ကိုင်ပိုင်ဆန္ဒမပါဘဲ အထက်အမိန့်အရသာ လုပ်ဆောင်ခဲ့ပြီး ပေးအပ်တဲ့ အပြစ်ဒဏ်ကို ကျေနပ်စွာခံယူမယ့်အကြောင်း ပြောခဲ့ပါတယ်။

 

“ကျွန်တော့်သဘောဆန္ဒအလျောက်လုပ်ခဲ့တာမဟုတ်ဘဲ အထက်ကအမိန့်အတိုင်းဆောင်ရွက်ခဲ့ရတာပါ။ အဲဒါကြောင့်သေဆုံးသွားတဲ့ သူတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ရခိုင်ပြည်သူ တစ်ရပ်လုံးကို အနူးအညွတ်တောင်းပန်ပါတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ပေးအပ်လာတဲ့ အပြစ်ဒဏ်အပေါ်မှာလည်း ကျေကျေနပ်နပ် ခံယူသွားပါမယ်” လို့ သူက ပြောခဲ့ပါတယ်။

 

သတ်ဖြတ်မှုကို တာဝန်ယူလုပ်ဆောင်ခဲ့တဲ့ မြောက်ဦးခရိုင် ရဲမှူးကြီး ခင်မောင်စိုးကတော့ အရေးယူခံရမှာစိုးလို့ ဗိုလ်မှူး သိန်းထိုက်စိုး စေခိုင်းတဲ့အတိုင်း တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းဆီ လိမ်လည်သတင်းပို့ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

 

တပ်မမှူး မင်းမင်းထွန်းဆိုတာ ရက္ခိုင့်တပ်တော် AA က မြောက်ဦး ခမရ (၃၇၇)တပ်ရင်းကို ဖေဖော်ဝါရီလ (၇) ရက်နေ့က ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း အသေဖမ်းဆီးရမိခဲ့တဲ့ တပ်မ(၁၁)တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းဖြစ်ပါတယ်။

 

ရက္ခိုင့်တပ်တော်ဘက်က ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကျူးလွန်သူတွေကို ထိထိရောက်ရောက် အပြစ်ပေးအရေးယူမယ်လို့ ဆိုထားပါတယ်။