“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (ဖေဖော်ဝါရီ ၁၁ မှ ၁၇ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Feb 18, 2024

ဒီတစ်ပတ် (ဖေဖော်ဝါရီ ၁၁ မှ ၁၇ ရက်အထိ) အတွင်း စစ်မှုထမ်းဥပဒေ အတည်ပြုမှုရဲ့ နောက်ဆက်တွဲသတင်းတွေနဲ့ လွှမ်းမိုးခဲ့ပါတယ်။ အဲဒါအပြင် ရခိုင်ပြည် စစ်တွေက စစ်ကောင်တပ် မိသားစုဝင်တွေနဲ့ မြို့ခံတွေ မြို့ကိုစွန့်ခွာကြတဲ့ သတင်းနဲ့အတူ AA ရဲ့ စခန်းသိမ်းတိုက်ပွဲ သတင်းတွေ၊ ကောလင်းမြို့ကို NUG တပ်တွေ ပြန်လည်လက်လွှတ်လိုက်ရတဲ့ သတင်းတွေက စိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။

****************************************

 

“လူဖမ်းပွဲကြီး ကျင်းပနေသည်”

 

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ လူငယ်တွေ အဖမ်းခံနေရတယ်ဆိုတဲ့အကြောင်း မျက်မြင်တွေရဲ့ ပြောကြားချက်တွေကို CJ Platform အပါအဝင် လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြခဲ့ကြပါတယ်။

 

စစ်ကောင်စီ တပ်သားတွေနဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အတည်ပြုလိုက်တဲ့အပြင် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။

 

အဲဒီလိုသတင်းတွေနဲ့အတူ BBC မြန်မာပိုင်းမှာ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက နှစ်သစ်ကူးသင်္ကြန်ရုံး ပိတ်ရက်များအပြီး ပထမအသုတ်ကို အင်အား ငါးထောင်မှ တစ်သောင်းကြား ခေါ်ယူမယ့်အကြောင်းနဲ့ အဲဒီလူတွေကို ရှေ့တန်းပို့ရင်လည်း ပို့မယ်လို့ ပြောကြားမှုအပြီး ဒီလိုဖမ်းဆီးမှုတွေ နေ့စဉ်လို ဖြစ်ပေါ်လာတာပါ။

 

စစ်ကောင်စီ Cover ဗိုလ်ချုပ် ဇော်မင်းထွန်းက “မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ် ကောက်ယူခဲ့သော ကြားဖြတ်သန်းခေါင်စာရင်းအရ စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းရှိနေပါတယ်” လို့ ဖေဖော်ဝါရီ ၁၃ ရက် အင်္ဂါနေ့ထုတ် စစ်ကောင်စီ သတင်းစာတွေကနေ ပြောကြားသွားခဲ့ပါတယ်။

 

အဲဒီလိုသတင်းတွေ အတည်ပြုထွက်ပေါ်လာပြီးနောက် ရန်ကုန်နဲ့ မန္တလေးက မြို့နယ်တွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံတွေဟာ နေ့၊ ညမရွေး လူဖမ်းပွဲတွေ ကျင်းပနေကြတာပါ။

 

အဲဒီမှာ ရန်ကုန်က မြို့နယ်တချို့မှာ စစ်‌ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လူငယ်တွေကို အဓိကထား ဖမ်းဆီးခေါ်ဆောင်မှုတွေ ပြုလုပ်နေပြီး ပြန်ရွေးခ တစ်ဦးကို ကျပ်သိန်း ၃၀ အထိတောင်းတယ်လို့ ကာယကံရှင်တွေဆီကနေ သိရပါတယ်။

 

ရန်ကုန်မြို့က အင်းစိန်၊ သန်လျင်၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ ရွှေပြည်သာ မြို့နယ်တွေနဲ့ မန္တလေးက မတ္တရာနဲ့ မြို့နယ်တချို့မှာ လူငယ်တွေ ဖမ်းဆီးခံရပြီး ပိုက်ဆံနဲ့ ရွေးခိုင်းတယ်လို့ CJ Platform သတင်းဌာနက စုံစမ်း သိရှိထားရပါတယ်။

 

အဲဒီမြို့နယ်တွေမှာ စစ်ကောင်စီကင်းလှည့်ကားနဲ့ တစ်မျိုး အိမ်စီးကားနဲ့တစ်ဖုံ လူငယ်တွေကို အသက်မေးပြီး ကားပေါ်စွဲတင်သလို အမေးအမြန်းမရှိ စွဲတင်တာမျိုးတွေလည်း စစ်ကောင်စီတပ်သားတွေ ပြုလုပ်နေကြပါတယ်။

 

“ဘောလုံးကန်ပြီး ပြန်လာကြတဲ့ လူငယ်လေး‌တွေ၊ ညက အတော်နက်နေပါပြီ။ ၁၂ နာရီလောက်ရှိနေပြီ။ အဲဒါ သူတို့(စစ်ကောင်စီတပ်သားများ)က စစ်ကားပေါ်တင်ပြီး ခေါ်သွားတယ်။ မိဘတွေက သွားပြန်ခေါ်တော့ တစ်ယောက်ကို သိန်း ၃၀ တောင်းတယ်။ (သိန်း)၃၀ ကများလို့ သူတို့ညှိလိုက်တာ တစ်ယောက်ကို ၁၅ သိန်းနဲ့ ပြန်လွှတ်ပေးလိုက်တယ်” လို့ မြောက်ဥက္ကလာပမြို့နယ်နေသူတစ်ဦးက ကြုံတွေ့ခဲ့ရပုံကို ပြောပြပါတယ်။

 

အလားတူ လှိုင်သာယာမြို့နယ်တွင်လည်း အလုပ်မှပြန်လာတဲ့ လူလတ်ပိုင်း အမျိုးသားတစ်ဦးကိုလည်း စစ်ကားပေါ်အတင်းဆွဲခေါ်ဆောင်လို့ ခြေသလုံးဖက်တောင်းပန်ခဲ့ရတဲ့အကြောင်း ကာယကံရှင်က CJ Platform ကို ပြောပါတယ်။

 

“မနေ့(ဖေဖော်ဝါရီ ၁၅)က အလုပ်က ပြန်လာတာ။ တစ်ယောက်တည်း ဖြစ်နေတာလည်းပါပါတယ်။ စစ်ကားနဲ့ ကျွန်တော့်ကို အတင်းခေါ်မယ်လုပ်လို့။ ကျွန်တော့်မှာ အရွယ်မရောက်သေးတဲ့သားသမီးနှစ်ယောက်ရှိလို့ပါဆိုပြီး အတင်းခြေသလုံးဖက်ပြီး တောင်းပန်ခဲ့ရတယ်” လို့ လှိုင်သာယာမြို့ခံတစ်ဦးဖြစ်တဲ့ အထက်ပါအမျိုးသားက ပြောပါတယ်။

 

ဒါ့အပြင် သန်လျင်မြို့နယ်မှာလည်း လူငယ်တွေ အဖမ်းခံရသလို ရွှေပြည်သာမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၁၆ ရက်ညပိုင်းက ကြက်ကင်ဝယ်ပြီးပြန်လာတဲ့ လူငယ်အမျိုးသားသုံးဦးလည်း အိမ်စီးကားပေါ်က အရပ်ဝတ် အမျိုးသားတစ်စုရဲ့ အဖမ်းခံခဲ့ရပါတယ်။

 

“ ကျွန်တော်တို့ရှေ့တင်ဖမ်းခေါ်သွားတာ။ အဲဒါကြောင့် ကျွန်တော်တို့လည်း အတင်းအိမ်ပြန်ပြေးတော့တာပဲ။ မနက်ကျတော့ တစ်ယောက်တစ်သိန်းနဲ့ ရွေးလိုက်ရတယ်လို့ ကြားတယ်” လို့ ရွှေပြည်သာမြို့နယ်အတွင်း အသက် ၃၃ နှစ်အရွယ်ရှိ ဆိုင်ကယ်ဘေးတွဲပြေးဆွဲနေသူတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် ရွှေပြည်သာမြို့နယ်ထဲ ဆံသနဲ့ အလှပြင်ဆိုင် ဖွင့်လှစ်ထားသူ အမျိုးသမီးတစ်ဦးလည်း ဖေဖော်ဝါရီ ၁၅ ရက် ကြာသာပတေးနေ့ ညပိုင်းက အမှတ် ၄ လမ်းမ အုတ်ဖိုရွာထိပ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးတာခံခဲ့ရပြီး ဖုန်းကို ကျပ်နှစ်သိန်း၊ လူကို ကျပ်ငါးသိန်းနဲ့ ပြန်ရွေးထုတ်ခဲ့ရတဲ့အကြောင်း အိမ်နီးနားချင်းတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

“သူတို့က တော်တော်ဆိုးနေတာ။ လုပ်စားခွင်တစ်ရပ်လိုကို လုပ်ပြီး လူတွေကို ဒုက္ခပေးနေကြတာ” လို့ ရန်ကုန် မြို့ခံတစ်ဦးက ပြောပါတယ်။

 

ဒီလို စစ်ကောင်စီက စစ်မှုထမ်းဥပဒေအတည်ပြုလိုက်ပြီးနောက် အမျိုးသား အသက် ၃၅ နှစ်အောက်နဲ့ အမျိုးသမီး အသက် ၂၇ နှစ်အောက်ရှိသူအများအပြား ပြည်ပထွက်ခွာဖို့ ပြည်ဆင်လာသူနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်ဖို့ ပြင်ဆင်သူတွေ များပြားလာတဲ့အကြောင်း CJ Platform က စုံစမ်းသိရှိရပါတယ်။

****************************************

 

“စစ်ကောင်စီ မိသားစုတွေ ထွက်ပြေးတဲ့ စစ်တွေ”

 

ရှမ်းမြောက်မှာ အလဲလဲအကွဲကွဲရှုံးခဲ့တဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်မှာလည်း ပိုဆိုးပါတယ်။ ဒါကြောင့် ရခိုင်ပြည် သူတို့ရုံးစိုက်ထားရာ စစ်တွေမြို့က စစ်ကောင်စီ မိသားစုဝင်တွေနဲ့ လက်အောက်ခံမိသားစုဝင်တွေ မြို့ကိုစွန့်ခွာနေကြပါတယ်။

 

သူတို့ဟာ အခုပတ် ဖေဖော်ဝါရီလ ၁၂ ရက် တနင်္လာနေ့ကစလို့ မော်တော်ယာဉ်တွေ၊ ရေယာဉ်တွေနဲ့ ကုန်ကြောင်း၊ ရေကြောင်း နှစ်မျိုးလုံးက ထွက်ပြေးခဲ့ကြတာပါ။

 

“ကားတွေနဲ့တန်းစီပြီး အခေါက်ခေါက်အခါခါ ထွက်သွားကြတာ။ အရေအတွက်တွေ၊ ဘာတွေကတော့ သူတို့အသိုင်းအဝိုင်းပဲသိမယ်။ ကားတွေနဲ့ မြို့ထဲကနေ အပြင်ကို တန်းစီပြီးထွက်ကြတာ” လို့ စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

သူတို့ဟာ ဖေဖော်ဝါရီ ၇ ရက်(သို့)၈ ရက်က ရက္ခိုင့်တပ်တော်(AA)တိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့အထွက် ကစ္ဆပနဒီမြစ်အတွင်း စစ်သင်္ဘောသုံးစင်း နစ်မြုပ်မှုအတွင်း စစ်ကောင်စီတပ်သားနဲ့ မိသားစုဝင်အမြောက်အမြားသေဆုံးခဲ့ရပြီးနောက် အခုလို ထွက်ပြေးကြတာဖြစ်ပါတယ်။

 

ဒီလို စစ်ကောင်တပ်ဖွဲ့ဝင်မိသားစုများထွက်ခွာသွားပြီးနောက် မြို့နေပြည်သူတွေလည်း စစ်ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် မြို့ကိုစွန်ခွာနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

ဒီလိုမြို့ခံတွေပြောင်းရွှေ့နေချိန်မှာပဲ စစ်ကောင်စီက ကားလမ်း အထွက်ဂိတ်တွေ ပိတ်လိုက်ပေမဲ့ အခြားဂိတ်တွေမှာတော့ သူတို့တွေမရှိကြဘူးလို့ ဖြတ်သန်းသွားလာခဲ့တဲ့ဒေသခံတွေက ပြောကြပါတယ်။

 

“အကုန်လုံးနီးပါးလောက်ကိုပြောင်းနေကြတာ။ ကိုယ့်အစီအစဉ်နဲ့ကိုယ် အဆင်ပြေသလို ပြောင်းနေကြတာ‌ပေါ့။ ဒီရက်ပိုင်းထဲတော့ စစ်တပ်က လမ်းတွေအကုန်ပိတ်လိုက်ပြီ” လို့ စစ်တွေဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောခဲ့ပါတယ်။

 

ဒီလိုပြောင်းရွှေ့ရာမှာ ခက်ခက်ခဲခဲ တိမ်းရှောင်နေကြရတာဖြစ်တဲ့အကြောင်း စစ်တွေဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။ အချို့ရေလမ်းကနေ တိမ်းရှောင်ရာမှာ ကျေးရွာတချို့က ဆိပ်ကမ်းတွေမှာ ပိုက်ဆံပေး ထွက်ခွာနိုင်ပေမဲ့ တချို့နေရာတွေမှာတော့ ငွေပေး‌ပေမဲ့ မရဘဲ အဆင်ပြေသလိုထွက်နေရတယ်လို့ အဲဒီအမျိုးသားက ပြောပါတယ်။

 

စစ်တွေမြို့မှာ ဖုန်းလိုင်းတွေမကြာခဏဖြတ်တောက်ခံထားရတာမှာ တစ်လိုင်းတည်းမိတဲ့ Mytel ဖုန်းလိုင်းဟာလည်း စစ်ကောင်စီမိသားစုဝင်တွေ မြို့ကထွက်ပြေးကြပြီးနောက်မှာ ပြတ်တောက်သွားပါတယ်။

****************************************

 

“ပထမဆုံးသိမ်းပြီး အရင်ဆုံးပြန်လက်လွှတ်လိုက်ရတဲ့ ကောလင်း”

 

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က PDF တွေ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ တစ်မြို့လုံးနီးပါး စစ်ကောင်စီတပ်တွေလက်ထဲ ပြန်ရောက်သွားပါပြီ။

 

ကောလင်းဟာ NUG ရဲ့ ပထမဆုံးသိမ်းနိုင်တဲ့မြို့ဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေသိမ်းပြီးနောက် ပြန်လက်လွှတ်လိုက်ရတဲ့ ပထမဆုံးမြို့လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

 

ကောလင်းကို ပြန်သိမ်းဖို့ စစ်ကောင်စီတပ်တွေကြိုးစားနေတာ လနဲ့ချီနေပါပြီ။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညပိုင်းမှာတော့ စစ်ကောင်စီဘက်က သာလွန်အင်အားသုံးပြီး သိမ်းပိုက်သွားခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၆ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ ကောလင်းဟာ သုံးလကျော်မှာပဲ ပြန်လက်လွှတ်လိုက်ရတာပါ။

 

စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် စစ်သား၊ ပြည်သူ့စစ်တွေအပြင် ပျူစောထီး အင်အား ၁၀ဝ၀ ဝန်းကျင်အထိသုံးပြီး ဖေဖော်ဝါရီလဆန်းပိုင်းမှာ စတင်ပြီး ကောလင်းမြို့မြောက်ဘက် ဝန်းသိုမြို့နဲ့ တောင်ဘက်ရှိ ကန့်ဘလူမြို့တို့က စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ထိုးစစ်ဆင်ခဲ့တာပါ။

 

“သူတို့စစ်ရေးဗျူဟာက မြေပြင်သာလွန်အင်အားအပြင် လေကြောင်းက ဗုံးကြဲတာတွေ၊ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေအပြင် အရန်စစ်သည်အဖြစ် တပ်သားမဟုတ်တဲ့ ပျူတွေ၊ ပြည်သူ့စစ်တွေကို ရဟတ်ယာဉ်တွေနဲ့ တောက်လျှောက်ဖြည့်တင်းနေခဲ့တာ” လို့ ကောလင်းမှာ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့နီးစပ်တဲ့ အမည်မဖော်လိုသူ မြေပြင်ထောက်ပို့တစ်ဦးက CJ Platform ကို ပြောခဲ့ပါတယ်။

 

တော်လှန်ရေးရဲဘော်တစ်ဦးပြောကြားတယ်လို့ယူဆရတဲ့ အသံဖိုင်တစ်ခုကိုလည်း အထက်ပါသတင်းရင်းမြစ်က CJ Platform ဆီ ပေးပို့ခဲ့ပါသေးတယ်။ အဲဒီထဲ “ကျွန်တော်တို့ မပေးချင်ဘဲ ပေးလိုက်ရတာပါ။ တောင်းပန်ပါတယ်” လို့ CJ Platform က မည်သူမည်ဝါဆိုတာ အတိအကျအတည်မပြုနိုင်ခဲ့သူက ပြောထားတာ ကြားရပါတယ်။

 

ကောလင်းကို ပြန်လက်လွှတ်လိုက်ရတာနဲ့ပတ်သက်လို့ မှန်ကန်တဲ့အကြောင်း နောက်ထပ် ထောက်ပို့တပ်သားတစ်ဦးကလည်း CJ Platform ကို အတည်ပြုပြောကြားခဲ့ပါတယ်။

 

ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှာ ဆက်သွယ်ရေးလိုင်းအခက်အခဲတွေကြောင့် သတင်းရရှိမှု ပြတ်တောက်ခဲ့ပြီး ၁၅ ရက်နေ့ မနက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေဟာ မတတ်သာတဲ့အဆုံး ထိန်းချုပ်နေရာအများစုကို စွန့်ခွာကာ ကောလင်းမြို့ပြင်ကို ခွာစစ်ဆင် ဆုတ်ခွာပေးခဲ့ရတယ်လို့ မြေပြင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အဆက်အသွယ်ရရှိခဲ့တဲ့ ထောက်ပို့က ပြောပြပါတယ်။

 

ကောလင်းမြို့အခြေအနေကိုသိတဲ့ Kawlin Revolution-KR အဖွဲ့ကလည်း ဖေဖော်ဝါရီ ၁၃ ရက် အင်္ဂါနေ့ နံနက် ၈ နာရီလောက်မှာ စစ်ကောင်စီဟာ ကောလင်းက အဓိကနေရာတွေကို ထိန်းချုပ်နိုင်ပြီလို့ ထုတ်ပြန်ခဲ့တဲ့အပြင် ဖေဖော်ဝါရီ ၁၅ ရက် ကြာသာပတေးနေ့ ည ၉ နာရီခွဲမှာ စစ်ကောင်စီကားတွေ ကောလင်းမြို့ကို အဝင်အထွက်ပြုလုပ်နေတဲ့အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။