“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (ဖေဖော်ဝါရီ ၄ မှ ၁၀ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Feb 10, 2024

ဒီတစ်ပတ် (ဖေဖော်ဝါရီ ၄ မှ ၁၀ ရက်အထိ) အတွင်းကတော့ ပြည်သူတွေရဲ့ စိတ်နှလုံးညှိုးနွမ်းစေခဲ့ရတဲ့၊ အမျိုးသားရေးစိတ်ဓာတ်တွေ၊ နာကျည်းစိတ်တွေ တဖွားဖွားဖြစ်ပေါ်စေတဲ့ ရက်သတ္တပတ်လို့ ညွှန်းဆိုရပါမယ်။ ဘာလို့ဆို ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တဲ့ မြောက်ခင်ရန်းဖြစ်ရပ်ဟာ ဒီရက်ပိုင်းထဲ ပျံ့နှံ့လာခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ အဲဒီသတင်းနဲ့အတူ ရခိုင်ဘက်က မြို့သိမ်း/စခန်းသိမ်း သတင်းတွေဟာ ဒီမိုကရေစီလိုလားသူ ပြည်သူတွေရဲ့စိတ်ကို ဖြေသိမ့်ခဲ့ကြရပါတယ်။

****************************************

 

“ပြည်သူ့စိတ်နှလုံး ညှိုးနွမ်းစေခဲ့တဲ့ မြောက်ခင်ရန်းအကြမ်းဖက်ဖြစ်ရပ်”

 

ဒီတစ်ပတ်ထဲ အထူးခြားဆုံးနဲ့ ပြည်သူ့စိတ်နှလုံးကို စွဲဆုတ်နိုင်ဆုံးသတင်းကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၇ ရက်နေ့က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှာဖြစ်ပွားခဲ့တဲ့ PDF နှစ်ဦးကို စစ်ကောင်စီလက်အောက်တပ်သားတွေက အရှင်လတ်လတ်မီးရှို့ခဲ့တဲ့ ရုပ်သံဖိုင် ပျံ့နှံ့လာတဲ့ သတင်းဖြစ်ပါတယ်။

 

ဒီသတင်းနဲ့ပတ်သက်ပြီး CJ Platform ကနေ “လူမဆန်စွာ ကျူးလွန်ခဲ့တဲ့ မြောက်ခင်ရန်း အကြမ်းဖက်ဖြစ်စဉ်ကို ဗြောင်လိမ်ချင်တဲ့ စစ်ကောင်စီ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားဖော်ပြခဲ့ပါတယ်။

 

စစ်ကောင်စီတပ်နဲ့ လက်အောက်ခံတပ်သားတွေရဲ့ အကြမ်းဖက်မှု မြောက်များစွာထဲမှ လွန်ခဲ့သော လပိုင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့က ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှာ ဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးရဲဘော် နှစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုကို ရိုက်ကူးထားတဲ့ မှတ်တမ်း ရုပ်သံဖိုင်ဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ လူမှုကွန်ရက်ပေါ်ကို ပျံ့နှံ့လာခဲ့ပါတယ်။

 

ဖြစ်စဉ်

 

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာကို ၂၀၂၃ နိုဝင်ဘာ ၇ ရက်နေ့ မနက် ၆ နာရီဝန်းကျင်မှာ မကွေးနဲ့ ချင်းအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေက စစ်ကြောင်း သုံးခုခွဲကာ နေရာခွဲပြီး စီးနင်း တိုက်ခိုက်ခဲ့ကြပါတယ်။

 

ဒီလိုတိုက်ခိုက်ရာမှာ ရွာအနောက်ဘက်ကနေ ဝင်တဲ့စစ်ကြောင်းကတော့ ပျူ(ပြည်သူ့စစ်)နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အသင့်ရှိနေတဲ့နေရာမှာ ပိတ်မိသွားခဲ့ပါတယ်။ အဲဒီနေ့မှာ နှစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ငါးဦး ကျဆုံးခဲ့ရပြီး ရွာအနောက်ဘက်ကနေ ဝင်သွားတဲ့စစ်ကြောင်းက ရဲဘော်နှစ်ဦးကတော့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူ(ပြည်သူ့စစ်)တွေရဲ့ အရှင်ဖမ်းတာကို ကြုံတွေ့ခဲ့ရပါတယ်။ ဒီဖြစ်စဉ်တွေကိုတော့ CJ Platform က ယောကာကွယ်ရေးတပ် YDF ရဲ့ ထုတ်ပြန်ချက်တွေနဲ့ CJ Platform က ဆက်သွယ်မေးမြန်းချက်တွေအရ သိရတာပါ။

 

ဖမ်းဆီးခံရဲဘော်တွေ ဘာဖြစ်သွားလဲ။

 

စစ်ကောင်စီတပ်နဲ့ ပျူ(ပြည်သူ့စစ်)တွေဟာ ဖမ်းဆီးထားတဲ့ ရဲဘော်တွေကို ကြိုးနဲ့တုတ်ပြီး တိုက်ပွဲအတွင်းမှာ ကျဆုံးသွားရတဲ့ ရဲဘော်တွေရဲ့ အလောင်းကိုပြကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့မှာပဲ လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ Burma VJ သတင်းဌာနမှာ သတင်းဖော်ပြထားခဲ့ပါတယ်။

 

ဖတ်ရှုရန် >>> https://bitly.ws/3cIFL

 

ထိုအချိန်က စစ်ကောင်စီရဲ့ လော်ဘီသတင်းဌာနတွေ ဝါဒဖြန့်ချိရေး တယ်လီဂရန်ချန်နယ်တွေမှာလည်း စစ်ကောင်စီနဲ့ အပေါင်းအပါတွေက ဖမ်းဆီးထားတဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေရဲ့အကြောင်းကို အောင်ပွဲခံ ဖော်ပြခဲ့ပြီးနောက်မှာမှ သက်သေတွေကို ပြန်လည်ဖျက်ချခဲ့တာပါ။

 

ယခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့မှာတော့ မြောက်ခင်ရန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူ(ပြည်သူ့စစ်)တွေဟာ ပြည်သူ့ကာကွယ်ရေး ရဲဘော်နှစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဟာ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

 

မီးရှို့သတ်ဖြတ်ခံရတဲ့ ရဲဘော်နှစ်ဦးကတော့ ဖိုးတေနဲ့ သားထောင်လို့ အမည်ရတဲ့ တော်လှန်ရေး ရဲဘော်နှစ်ဦး ဖြစ်တယ်လို့ YDF က ထုတ်ပြန်ထားပါတယ်။

 

ဘယ်နေရာမှာ ဖြစ်တာလဲ။

 

အခင်းဖြစ်စဉ်နေရာကို CJ Platform က သတင်းဌာနတွေမှာ ဖော်ပြချက်တွေအရရော YDF က ထုတ်ပြန်ချက်တွေကို ကိုးကားပြီးတော့ အတည်ပြုရှာဖွေရာမှာ မြောက်ခင်ရန်းကျေးရွာ မြောက်ဘက်မှာရှိတဲ့ တိုက်နယ်ဆေးရုံရဲ့ အဝင်ဝအနီး ကုက္ကိုလ်ပင်မှာ ဖြစ်ပွားခဲ့တာလို့ အတည်ပြုနိုင်ခဲ့ပါတယ်။ မြောက်ခင်ရန်းကျေးရွာ တိုက်နယ်ဆေးရုံမှာရှိတဲ့ အမျိုးသမီးဆောင်ရဲ့ အမိုးဟာ ၂၀၂၀ ခုနှစ် မေလ ၁၈ ရက်နေ့မှာ ပြိုကျပျက်စီးခဲ့ပါသေးတယ်။

 

ထိုအချိန်က သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ ဆေးရုံမြင်ကွင်း၊ သတင်းဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ မီးရှို့သတ်ဖြတ်တဲ့ ရုပ်သံမှတ်တမ်းမှာ ပါဝင်တဲ့ ပတ်ဝန်းကျင်ဒေသအခြေအနေမြင်ကွင်းတွေ ယခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ စစ်ကောင်စီထောက်ခံသူတစ်ဦးက မြောက်ခင်ရန်းကျေးရွာဟာ ပျူ(ပြည်သူ့စစ်)အားကောင်းကြောင်း ပျူ(ပြည်သူ့စစ်)တွေ စစ်ရေးလေ့ကျင့်နေတာကို ဖော်ပြထားတဲ့ ရုပ်သံမှတ်တမ်းတစ်ခုမှ မီးရှို့သတ်ဖြတ်ခဲ့တဲ့ သစ်ပင်ပါ ပါဝင်နေတာကြောင့် အကြောင်းချင်းရာတွေကို စုစည်းပြီး CJ Platform က တိုက်ဆိုင်စစ်ဆေးခဲ့ရာမှာ အခင်းဖြစ်ပွားတဲ့နေရာဟာ ဂြိုလ်တုမြေပုံတွေအရ ကိုဩဒိနိတ်အညွှန်း(22.661443, 94.097411)မှာ ဖြစ်ပွားခဲ့တယ်ဆိုတာကို စိစစ်အတည်ပြုနိုင်ခဲ့ပါတယ်။

 

မြောက်ခင်ရန်းကျေးရွာက ပျူ(ပြည်သူ့စစ်)တွေ စစ်ရေးလေ့ကျင့်နေတဲ့ ရုပ်သံမှတ်တမ်းကိုတော့ ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။

 

ကြည့်ရှုရန် >>> https://archive.ph/3KkjJ

 

“ဖြစ်စဉ်ကတော့ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာ အကြမ်းဖက်စစ်အုပ်စု အထိုင်ချထားတဲ့ ရွာမြောက်ဘက်အထွက်၊ ဆေးရုံရှေ့က ကုက္ကိုလ်ပင်မှာ အရှင်လတ်လတ် ရှို့သတ်ဖြတ်ခြင်းခံခဲ့ရတယ်” လို့ YDF စစ်ကြောင်းမှူးကလည်း CJ Platform ကို အတည်ပြုပြောပါတယ်။

 

ဒါ့အပြင် ရဲဘော်နှစ်ဦးကို မသတ်ဖြတ်ခင်မှာ မျိုးစုံနှိပ်စက်ကြသေးပြီး ရွာသူရွာသားတွေကိုလည်း တစ်အိမ်တစ်ယောက်နဲ့ အကြမ်းဖက်မှုကို လာကြည့်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

 

ခေတ်သစ်သတင်းဌာနရဲ့ ဖော်ပြထားတဲ့ ရုပ်သံမှတ်တမ်းမှာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ပြီးချိန်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူ(ပြည်သူ့စစ်)တွေ အောင်ပွဲခံ မူးရူးသောက်စားနေတာကိုလည်း မြင်တွေ့ခဲ့ကြရမှာပါ။ ဒီလို အောင်ပွဲခံတာကတော့ ဘူတာတိုက်က ဒေါ်ခင်အေးရဲ့ နေအိမ်မှာ အောင်ပွဲခံနေတာဖြစ်တယ်လို့ Burma VJ သတင်းဌာနရဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ ဖော်ပြထားတဲ့သတင်းမှာ တွေ့ရပါတယ်။

 

ဗြောင်လိမ်ချင်ပြန်တဲ့ စစ်ကောင်စီ

 

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးကတော့ ဒီဖြစ်စဉ်ဟာ မဟုတ်မှန်ပါဘူးလို့ ငြင်းဆိုခဲ့ပြန်ပါတယ်။ သူတို့ရဲ့ ငြင်းဆိုချက်မှာ “၂၀၂၃ ခုနှစ် နိုဝင်ဘာလ ပထမအပတ်အတွင်း၌ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာတွင် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်(စစ်သားနှင့် ပျူများကိုဆိုလိုသည်)များအား PDF များက လာရောက်တိုက်ခိုက်ခဲ့ပြီး အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် အရှင်ဖမ်းဆီးရမိခဲ့ခြင်း မရှိကြောင်း” လို့ ဆိုပါတယ်။

 

ဒါ့အပြင် ရုပ်သံပါအကြောင်းရာတွေက ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်(စစ်သား၊ ပြည်သူ့စစ်)တွေက လုပ်ဆောင်ခဲ့တဲ့အသွင်နဲ့ လုပ်ကြံဖန်တီးရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခုသာဖြစ်တယ်လို့ ငြင်းဆိုပါတယ်။

 

ဒီသတင်းအပေါ်ကိုလည်း စစ်ကောင်စီလော်ဘီတွေက သူတို့ သမရိုးကျလုပ်စဉ်အတိုင်း အကြောင်းပြချက်မျိုးစုံနဲ့ တပ်မတော်ထုတ်ယူနီဖောင်းကို ဝတ်ပြထားရုံနဲ့ တပ်က သတ်တယ်၊ ပြည်သူ့စစ်က သတ်တယ်ဆိုတာဟာ တလွဲဖြစ်ကြောင်း အချက်သုံးချက်နဲ့ ငြင်းဆိုပြီး သတင်းမှားဖြန့်ထားကြပါတယ်။ ရုပ်သံပျံ့နှံ့ခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့က စတင်ဖြန့်ဝေခဲ့ပြီး ယနေ့အထိ Viewer ၇ သောင်းကျော်နဲ့ Like & React ၆၀ဝ အထိရှိခဲ့ပါတယ်။

 

ကြည့်ရှုရန် – https://archive.ph/lOSLX

 

သူတို့ရဲ့ ငြင်းဆိုချက်မှာ ယူနီဖောင်းဝတ်ထားတဲ့သူမှာ ပြည်သူ့စစ် ဘက်တံဆိပ်မပါဝင်သလို ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ ယူနီဖောင်း ဘတ်အစုံအလင် ချုပ်ပြီးသားနဲ့ တပ်မတော်ထုတ် သေနတ်တွေကိုသာ ပေးအပ်ထားတယ်။ လူတွေအများကြီးရှေ့မှာ ‘လူနှစ်ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာမျိုး ဘယ် ပျူ(ပြည်သူ့စစ်)မှ မလုပ်ပါဘူး’ လို့ ခံငြင်းထားပါတယ်။ ဒီလို စစ်ကောင်စီက ဗြောင်ငြင်းတာကို နိုင်ငံတကာ မီဒီယာကြီးတစ်ခုအပါအဝင် လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ နေ့စဉ်သတင်းစာတွေ ထုတ်ဝေနေတဲ့ သတင်းဌာနကြီးတွေကအစ အလုအယက်ကို ဖော်ပြခဲ့ကြပါတယ်။

 

ပျံ့နှံ့လာခဲ့တဲ့ ရုပ်သံမှတ်တမ်းကို စိစစ်ချက်

 

အရှင်လတ်လတ် မီးရှို့သတ်ခဲ့တာကို မှတ်တမ်းတင်ထားတဲ့ ပျံ့နှံ့လာတဲ့ ရုပ်သံမှတ်တမ်းကို စိစစ်ကြည့်မယ်ဆိုရင် သူတို့ရဲ့ အကြောင်းပြချက်တွေက ခိုင်လုံတဲ့အနေထားတစ်ခုတော့ မဟုတ်လှပါဘူး။ ၉ မိနစ်ကျော်ရှိတဲ့ သက်သေ ဗွီဒီယိုမှာ ပါဝင်တဲ့ စစ်ဝတ်အင်္ကျီဝတ်ထားသူ နှစ်ဦးမှာ လက်လုပ်သေနတ်ကို လွယ်ထားတဲ့ သူရဲ့စစ်ဝတ်အင်္ကျီမှာ စစ်ကောင်စီ လက်အောက်ခံတပ်သား ဘတ်တံဆိပ်ပါဝင်ပြီး ဒါကိုရုပ်သံအစ ၁၅ စက္ကန့်ဝန်းကျင်မှာ တွေ့ရပါတယ်။

 

ကြည့်ရှုရန် >>> https://archive.ph/Qts49

 

ဒါ့အပြင် ပျူ(ပြည်သူ့စစ်)တွေ လက်လုပ်သေနတ် အသုံးပြုတဲ့သက်သေ သာဓကတွေကလည်း များစွာရှိနေပါတယ်။

 

ကြည့်ရှုရန် –

ခေတ်သစ်မီဒီယာ >>> https://archive.ph/uq52X

CJ Platform >>> https://archive.ph/eiOl3

 

“ပျူစောထီးတွေမှာဆို လက်လုပ်သေနတ်တွေ ကိုင်ပါတယ်ဗျ။ ယောဒေသမှာဆိုရင် အရင်တစ်ချိန်က အမဲလိုက် သားကောင်လိုက်တွေမှာ သုံးခဲ့တဲ့ လက်လုပ်သေနတ်တွေ ပျူစောထီးတွေမှာ ကိုင်နေတာရှိပါတယ်” လို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

 

ဒါကြောင့် စစ်ကောင်စီဘက်က ဖြန့်ဝေလာတဲ့ သတင်းကို Fact-Check အရ ကြည့်ရင် သူတို့ဖန်တီးထားတဲ့ သတင်းအမျိုးအစားဟာ သတင်းဖြစ်စဉ်မှန်ကန်ပေမဲ့ သတင်းမှာ ဖော်ပြထားတဲ့အကြောင်းအရာတွေက လွဲမှားနေတဲ့အကြောင်းအရာတွေဖြစ်နေတာ၊ မသက်ဆိုင်တဲ့အခြေနေတစ်ခုကို ဖန်တီးချိတ်ဆက်ပြီးတော့ လှည့်စားလိုတဲ့သဘောနဲ့ တင်ဆက်ထားတဲ့လုပ်ကြံသတင်းအမျိုးအစားတစ်မျိုးဖြစ်နေတာကို တွေ့ရပါတယ်။

 

အကြောင်းအရာ အချက်အလက်တွေကိုလည်း လိုသလို ပြောင်းလဲအသုံးပြုထားပြီးတော့ မသက်ဆိုင်တဲ့ အခြေအနေအခင်းအကျင်းနဲ့ လှည့်စားကာ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားထားပြီး ၄င်းတို့ရဲ့ရက်စက်ကြမ်းကြုတ်တဲ့အပြုအမူကို ဖုံးကွယ်နိုင်ဖို့ ကြိုးစားခဲ့ကြတာပါ။

 

စစ်ကောင်စီဟာ သူတို့ရဲ့ဝါဒဖြန့်ချိရေး ယန္တရားတွေနဲ့ အမှန်တရားကို ဘယ်လိုပဲ ဖုံးကွယ်ပါစေ။ ပစ္စည်းသက်သေတွေကိုတော့ ဖျောက်ဖျက်လို့ မရပါဘူး။ ဒါဟာ ဆိုးဝါးပြီး လူမဆန်တဲ့ ရာဇဝတ်မှုပါ။ ဝိုင်းပြီး ဖုံးကွယ်သူတွေမှာလည်း တာဝန်ရှိနေပါတယ်။

****************************************

 

“ရခိုင်တစ်ပြည်လုံးကို သိမ်းတော့မယ့် AA”

 

ရခိုင့်တပ်တော် AA ဟာ ကိုးကန့်တပ်(MNDAA)၊ တအောင်း/ပလောင်တပ်(TNLA)တို့နဲ့အတူ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ကစပြီး ၁၀၂၇ စစ်ဆင်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ ရှမ်းမြောက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

အဲဒီနောက် နိုဝင်ဘာ ၁၃ ရက်နေ့မှာ ရခိုင်ပြည်တစ်လွှား ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီး မြို့သိမ်း/စခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ရက်ပိုင်းအတွင်း စခန်းပေါင်း ၄၀ ကျော်အထိ သိမ်းပိုက်နိုင်ခဲ့တာပါ။

 

အခု ရခိုင်ပြည်ထဲက ၁၀၂၇ စစ်ဆင်ရေး ရက် ၉၀ နီးပါးမှာဆိုရင် AA ဟာ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တောတို့အပါအဝင် ချင်းပြည်က ပလက်ဝမြို့ကိုပါ ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။ အဲဒီထဲ မြောက်ဦးမြို့ကို အခုရက်သတ္တပတ်ထဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် အရပ်ရပ်မှာ စစ်ရှုံးနေတဲ့စစ်ကောင်စီဟာ ရခိုင်မှာဆိုရင်လည်း မြို့တွေ၊ စခန်းတွေ လက်လွှတ်နေရသလို သူတို့ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့မြို့တွေဟာလည်း တော်တော်လေးကို လျော့ပါးလာတာကို တွေ့မြင်လာနေရပါတယ်။

 

ရခိုင်ပြည်နယ်ထဲ ၁၇ မြို့နယ်ရှိတဲ့နေရာမှာ AA တပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် မြို့နယ်အနည်းငယ်မှာသာ စစ်ကောင်စီတပ်တွေအနေနဲ့ အပြည့်အဝထိန်းချုပ်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။ အဲဒီထဲ ရခိုင်တောင်ပိုင်းက မြို့တွေဖြစ်တဲ့ ဂွ၊ သံတွဲနဲ့ မာန်အောင်မြို့နယ်တို့မှာသာဖြစ်ပါတယ်။

 

လတ်တလော ရက္ခိုင့်တပ်တော်(AA)က သိမ်းထားတဲ့မြို့တွေအပြင် ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်းမြို့နယ်တို့မှာ စစ်ကောင်စီတပ်တွေအပေါ် ထိုးစစ်ဆင်နွှဲနေပြီး အစိုးရရုံးတွေအခြေစိုက်တဲ့ စစ်တွေ၊ မြေပုံ၊ အမ်းနဲ့ တောင်ကုတ်မြို့နယ်တွေမှာလည်း စစ်ရေးတင်းမာလို့နေပါတယ်။

 

တရုတ်ရဲ့ဖိအားကြောင့် ညီနောင်တပ်ဖွဲ့တွေ ရှမ်းမြောက်မှာ စစ်ယာယီရပ်လိုက်ပေမဲ့ ရခိုင်မှာတော့ အကြီးအကျယ် ထိုးစစ်ဆင်နေခဲ့တဲ့အတွက် တိုက်တိုင်းရှုံးနေတဲ့စစ်ကောင်စီတပ်တွေ အလူးအလဲခံနေရဆဲဖြစ်ပါတယ်။ ဒါကြောင့် ခံစစ် စစ်ကောင်စီတပ်တွေဟာ လေကြောင်းနဲ့ လက်နက်ကြီးကိုပဲ အထူးအားကိုးနေရပါတယ်။

 

အခုအပတ် ဗုဒ္ဓဟူးနဲ့ ကြာသာပတေးနေ့တွေမှာ မြစ်တွင်းသွားလာနေတဲ့ စစ်ကောင်စီရဲ့ ကမ်းထိုးယာဉ်အပါအဝင် ရေယာဉ် သုံးစီးကို AA က တိုက်ခိုက်နစ်မြှုပ်ခဲ့တဲ့အပြင် တခြားစစ်သင်္ဘောတစ်စီးကိုလည်း တိုက်ခိုက်ခဲ့ပါသေးတယ်။

 

ဒါ့အပြင် သောကြာနေ့ကလည်း ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း အငူမော်-မောင်တော ကားလမ်းမဘေးက စစ်ကောင်စီရဲ့ “ကိုးတန်ကောက်နယ်ခြားစောင့်စခန်း” ကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နံနက် ၉ နာရီ ၄၅ မိနစ်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

အဲဒီလိုနဲ့ တစ်နိုင်ငံလုံးကို တပ်ဖြန့်ထားရတဲ့ စစ်ကောင်စီဟာ ရခိုင်တစ်ပြည်လုံးမှာလည်း တပ်ဖြန့်ထားရတဲ့အတွက် အင်အားယုတ်လျော့လာချိန်နဲ့ AA ရဲ့ ကြိုတင်ပြင်ဆင်ပြီး တိုက်ခိုက်တဲ့စစ်ကြောင့် ရခိုင်ပြည်နယ်ဟာ ပထမဆုံး စစ်ကောင်စီလက်လွှတ်ရတဲ့ပြည်နယ်တစ်ခုဖြစ်လာမလား။ စောင့်ကြည့်ချင်စရာပါ။