“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (ဇန်နဝါရီ ၂၈ မှ ဖေဖော်ဝါရီ ၃ အထိ)

Author ကိုထားဝယ်
Categories
Published on Feb 03, 2024

ဒီတစ်ပတ် (ဇန်နဝါရီ ၂၈ မှ ဖေဖော်ဝါရီ ၃ အထိ) အတွင်း အာဏာသိမ်းသုံးနှစ်ပြည့်ခဲ့တဲ့သတင်းက အထူးခြားဆုံးဖြစ်ခဲ့တာမှာ ပြည်သူတွေ အသံတိတ်သပိတ်နဲ့ အဖြူရောင်သပိတ်တွေ ပူးပေါင်းဆင်နွှဲခဲ့ကြပါတယ်။ အဲဒီနောက် အထူးခြားဆုံးကတော့ ချင်းပြည်က ဆင်ပြိုင် အစိုးရနှစ်ရပ် ထွက်ပေါ်လာတဲ့ သတင်းပဲဖြစ်ပါတယ်။ တိုက်ပွဲသတင်းတွေမှတော့ မြဝတီနဲ့ ကော့ကရိတ်အစပ်က သင်္ဃန်းညီနောင်မှာ စစ်ကောင်စီရဲ့ စခန်းတွေ ပူးပေါင်းတပ်ဖွဲ့ကသိမ်းခဲ့သလို စစ်ရဟတ်ယာဉ်တစ်စီး ပစ်ချနိုင်ခဲ့တဲ့သတင်းနဲ့ မြဝတီကုန်သွယ်ရေးဇုန်မှာဖြစ်တဲ့ သတင်းတွေ ထိပ်တန်းရောက်ခဲ့ပါတယ်။

****************************************

 

“အာဏာသိမ်း သုံးနှစ်ပြည့်”

 

ဒီတစ်ပတ်ထဲ သတင်းထူးတာတွေ အမြောက်အမြားရှိခဲ့ပေမဲ့ အဲဒီထဲက အထူးခြားဆုံးသတင်းကတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီက အာဏာသိမ်းထားတာ ဖေဖော်ဝါရီ ၁ ရက်မှာ သုံးနှစ်ပြည့်သွားတဲ့သတင်းက အထူးခြားဆုံးပါပဲ။

 

အာဏာသိမ်းသုံးနှစ်ပြည့်မှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ဦးဆောင်ပြီး အသံတိတ်သပိတ်နဲ့ အဖြူရောင်သပိတ်တွေကို ဆင်နွှဲခဲ့ရာမှာ အောင်မြင်မှုရခဲ့တာကို CJ Platform သတင်းရင်းမြစ်တွေရဲ့ သတင်းပေးပို့ချက်တွေနဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြချက်တွေအရ သိရပါတယ်။

 

ဒီသပိတ်ကို စစ်ကောင်စီ လက်အောက်ခံတွေကလည်း ဝင်ရောက်နှောင့်ယှက်မှုတွေ ရှိခဲ့ပေမဲ့ လူနည်းစုသာဖြစ်တာကြောင့် အရသာမဲ့သွားအောင်အထိ မလုပ်နိုင်ခဲ့ပါဘူး။

****************************************

 

“ရန်ကုန်အပါအဝင် မြို့ကြီးတွေ တိတ်ဆိတ်”

 

ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ သတ်မှတ်ထားတဲ့ သပိတ်ကို အောင်အောင်မြင်မြင် ဆင်နွှဲခဲ့ကြသလို အဖြူရောင်သပိတ်ကိုလည်း အွန်လိုင်းပေါ်ကနေ လူအများစု ဆင်နွှဲခဲ့ကြတာပါ။

 

ရန်ကုန်လို အမြဲတမ်း ကားကြပ်လေ့ရှိတဲ့ လမ်းတွေဟာ ၈၀ ရာခိုင်နှုန်းသော လမ်းတွေပေါ်မှာ ကားမရှိလို့ ကတ္တရာ၊ ကွန်ကရစ်တွေအတွတ် ဝန်တစ်ရက် ပေါ့သွားခဲ့ရတဲ့ အထိပါပဲ။

 

အလားတူ မန္တလေး၊ ပဲခူးတို့လိုမြို့ကြီးတွေ အပါအဝင် ဧရာဝတီတိုင်းက မြို့တွေမှာတောင် လူသူကင်းမဲ့နေတဲ့လမ်းတွေရဲ့ ပုံတွေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့တာပါ။

****************************************

 

“ကိုယ့်ရှုး ကိုယ်ပတ်”

 

အဲဒီထဲ ထူးထူးခြားခြားဖြစ်ရပ်အနေနဲ့ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်က ထွေ/အုပ်ဝန်ထမ်းတွေဟာ အသံတိတ်သပိတ်ကို ဖျက်ဆီးဖို့ ပြုလုပ်ခဲ့ပေမဲ့ အဖြူရောင်သပိတ်ကို ဝင်ရောက်ဆင်နွှဲပြီးသား ဖြစ်ခဲ့ရပါတယ်။

 

ဖြစ်စဉ်ကတော့ လစာထုတ်ရက်လည်း ဖြစ်တဲ့အပြင် ရုံးတွင်းအစည်းအဝေးရှိတဲ့အတွက် လည်ကတုံးအဖြူရောင်တွေ ဝတ်ဆင်လာခဲ့တာကြောင့် အသံတိတ်သပိတ်ကို ဝင်ရောက်နှောင့်ယှက်ချိန်မှာ အင်္ကျီအပိုမပါလာတဲ့အတွက် ကိုယ်ရှူးကိုယ်ပတ်ခဲ့ကြတာ ဖြစ်ပါတယ်။

 

ဒါကြောင့် မြို့ခံတွေဟာ ငိုအားထက် ရယ်အားသန်ခဲ့ကြပြီး မြောင်းမြထွေ/အုပ်တွေအဖြစ်ကို သနားမိတယ်လို့ ဒေသခံတွေက CJ Platform ကို ပြောခဲ့ပါတယ်။

 

ဒါကြောင့် အာဏာသိမ်းတာ သုံးနှစ်ပြည့်သွားလို့ ပြည်သူတွေ သွေးအေးသွားပြီလို့ ထင်မှတ်ခဲ့တာကနေ အခုလို အသံတိတ်သပိတ်နဲ့ အဖြူရောင်သပိတ်တွေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ခဲ့တာကြောင့်   သက်သေပြခဲ့ကြပါတယ်။

****************************************

 

“ပိုဆိုးလာတဲ့ ချင်းပြည်အကွဲအပြဲ”

 

ချင်းပြည်မှာတော့ အောင်ပွဲမရသေးပေမဲ့ တော်လှန်ရေးအဖွဲ့တွေကြား ICNCC နဲ့ Chinland Council(CC) ဆိုပြီး နှစ်ဖွဲ့ကွဲမှုဟာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။

 

CDF ကန်ပက်လက်နဲ့ မရာအဖွဲ့တွေက CC ကနေခွဲထွက်ပြီး ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)ရဲ့ ချင်းညီနောင်အဖွဲ့ကို ဇန်နဝါရီ ၃၁ ရက်မှာ ပူးပေါင်းလိုက်ကြောင်း အသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။

 

အဲဒီနောက် အာဏာသိမ်းသုံးနှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာပဲ Chinland Council က အစိုးရဖွဲ့လိုက်တဲ့အကြောင်း ကြေညာလာခဲ့တာပါ။

 

ဒီနှစ်ဖွဲ့မှာ ICNCC ဟာ အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်ကစလို့ ဖွဲ့စည်းထားရှိခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဲဒီကနေ CC ဆိုပြီး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ခွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

 

CC ဟာ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး စတဲ့ဝန်ကြီးဌာနတွေ အပါအဝင် ၁၅ ခုနဲ့အတူ ဝန်ကြီးချုပ် တစ်ဦး၊ တရားသူကြီးချုပ်နဲ့ နှစ်ဦးပါဝင်တဲ့ တရားလွှတ်တော်ချုပ်အပြင် စာရင်းစစ်ချုပ်ရုံးတွေပါ ပါဝင်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

 

ဒီမိုကရေစီအရေး၊ တန်းတူညီမျှရေး၊ တစ်ဦးနဲ့တစ်ဦး လေးစားမှုရှိစေရေးတို့ကို ရည်ရွယ်ဖွဲ့စည်းခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ယူနစ်တစ်ခုအနေနဲ့ ဖွဲ့စည်းခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နောက်ပြီး အခုအစိုးရအဖွဲ့ဟာ တော်လှန်ရေးကာလအတွက်သာ ရည်ရွယ်တာဖြစ်လို့ တော်လှန်ရေးအောင်ပြီးရင် နောက်ထပ်အသစ်ပြုလုပ်သွားမယ်လို့ ချင်းပြည်ကောင်စီ အတွင်းရေးမှူး ဆလိုင်းပေါလ်က CJ Platform နဲ့ သီးသန့်မေးမြန်းခန်းမှာ ထည့်သွင်းပြောကြားထားပါတယ်။

 

ICNCC နဲ့ ဆွေးနွေးဖို့ရှိမရှိနဲ့ပတ်သက်ပြီးတော့ ပြောကြားရာမှာ ICNCC က အစိုးရမဖွဲ့ခင်အထိ ဆွေးနွေးကြမယ်ဆိုရင် ဆွေးနွေးဖို့ရှိပေမဲ့ အစိုးရဖွဲ့ပြီးသွားရင်တော့ ပေါင်းစည်းရေး မဆွေးနွေးတော့ဘူးဆိုတဲ့သဘော ပြောထားပါသေးတယ်။

 

သူတို့လည်း သူတို့နေရာဒေသမှာရှိတဲ့ ပြည်သူတွေကို ကောင်းကောင်းမွန်မွန်အုပ်ချုပ်၊ ကျွန်တော်တို့လည်း ကျွန်တော်တို့နေရာမှာရှိတဲ့ ပြည်သူတွေကို ကောင်းကောင်းမွန်မွန်အုပ်ချုပ်မယ်ဆိုရင် ဘာပြဿနာမှာ ရှိလာမှာမဟုတ်ဘူးလို့ ဆလိုင်းပေါ်လ်က CJ Platform ကို ထည့်သွင်း ပြောကြားသွားခဲ့ပါသေးတယ်။

 

ICNCC ဘက်ကလည်း အစိုးရဖွဲ့ဖို့ စိုင်းပြင်းနေတာတွေ ရှိနေတဲ့အကြောင်း ထုတ်ပြောထားပါတယ်။

 

ချင်းလူမျိုးစုတွေထဲက တစ်ခုဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ မတူမျိုးနွယ်စုတွေဘက်ကလည်း အတင်းအဓမ္မ အစိုးရဖွဲ့မယ်ဆိုရင် လက်မခံဘဲ ကန့်ကွက်သွားမယ်လို့ ပြောထားပါတယ်။

 

ဒီလို ချင်းအစိုးရနှစ်ခုဖြစ်နေတဲ့အပေါ် ပေါင်းစည်းဖို့ရည်ရွယ်ပြီး Chin Civil Movement ဆိုတဲ့ လူထုတ်လှုပ်ရှားမှုတစ်ခု ဇန်နဝါရီလထဲပြုလုပ်ခဲ့ပြီး ပေါင်းစည်းကြဖို့ တိုက်တွန်းခဲ့ကြပေမဲ့ အခုထိ အလုပ်ဖြစ်တာ မတွေ့ရသေးပါဘူး။

 

ချင်းပြည်ကောင်စီဘက်က အစိုးရဖွဲ့ပြီးတဲ့အထိ ICNCC နဲ့ နှစ်ဖက်တွေ့ဆုံညှိနှိုင်းဖို့ဆိုတာနဲ့ ပတ်သက်လို့လည်း ဘာသတင်းမှ မထွက်လာသေးပါဘူး။ CJ Platform ရဲ့ နှစ်ဖက်တွေ့ဆုံရေးမေးမြန်းမှုတွေကို တိတိပပ အဖြေပေးတာမျိုး မရှိသေးပါဘူး။

 

ဒီလိုနဲ့ မခွဲခင် ကွဲနေတဲ့ချင်းပြည်မှာ အစိုးရနှစ်ရပ်ကြား ချင်းပြည်သူတွေ ခေါင်းကိုက်နေကြရတယ်။

 

ဒီအကွဲအပြဲဟာ အခုဆိုရင် ပိုလို့ဆိုးလာနေပြီး သွေးထွက်သံယိုဖြစ်တဲ့အထိ ဖြစ်ပေါ်လာမှာကို ချင်းပြည်သူတွေကြား စိုးရိမ်မှုမြင့်တက်နေကြပါတယ်။