ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ? (နိုဝင်ဘာ ၁၃ မှ ၁၈ အထိ)

Author ကိုထားဝယ်
Categories
Published on Nov 18, 2023

ယခုအပတ်(နိုဝင်ဘာ ၁၃ မှ ၁၈ အထိ)အတွင်း ကရင်နီ(ကယား)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်ပြည်တို့က စစ်ဆင်ရေးအောင်ပွဲတွေအပြင် ပဲခူးနဲ့ အညာဒေသ၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းလိုနေရာတွေမှာပါ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ခဲ့ပါတယ်။

****************************************

 

“အညာဒေသက ပထမဆုံးစခန်းသိမ်းတိုက်ပွဲ”

 

မန္တလေးတိုင်းထဲ ပထမဆုံးစခန်းသိမ်းတိုက်ပွဲအနေနဲ့ မြင်းခြံမြို့နယ် ကိုင်းရွာက စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ ၁၇ ရက်နေ့က မိနစ်ပိုင်းအတွင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စစ်ကောင်စိတပ်သား ၃၀ ခန့်ဟာ တိုက်ပွဲဖြစ်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ စခန်းကိုစွန့်ခွာထွက်ပြေးသွားခဲ့ကြတာပါ။ ထိုတိုက်ပွဲအတွင်း စစ်ကောင်စိတပ်သာအများအပြားဒဏ်ရာရခဲ့ကြသလို စစ်သုံ့ပန်းအမျိုးသမီးတစ်ဦးနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပါတယ်။

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ကျားတက်ကျေးရွာက စစ်ကောင်စီအထိုင်ချ ရဲစခန်းတစ်ခုကိုလည်း Union Liberation Front(ULF) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာလ (၁၅) ရက်နေ့မှာ  သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲကနေ လက်နက်ခဲယမ်းအချို့ သိမ်းယူနိုင်ခဲ့ပါတယ်။

 

စစ်ကောင်စီ လက်အောက်ခံတပ်သား ၈၅ ဦးခန့်နဲ့ အထိုင်ချ တပ်စွဲထားတဲ့ ကျားတက်ကျေးရွာ ရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ (၁၃)နဲ့(၁၄)ရက်နေ့ နှစ်ရက်တာ စောင့်ကြည့်တိုက်ခိုက်ခဲ့ရာမှာ နိုဝင်ဘာ (၁၄)ရက်နေ့ နံနက် (၆) နာရီလောက်မှာ မုံရွာမြို့ နမခတပ်က Mi-35 Attack ဟယ်လီကော်ပတာနဲ့ နှစ်ကြိမ်တိုင် ပစ်ကူပေးခဲ့ပေမယ့် တော်လှန်ရေးအဖွဲ့တွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် နိုဝင်ဘာ(၁၅) ရက် နေ့လယ်(၁)နာရီမှာ စစ်ကောင်စီဘက်က ကျားတက် စခန်းကို စွန့်ခွာပြီး ပုလဲမြို့ပေါ်သို့ ထွက်ပြေးသွားခဲ့ကြပါတယ်။

 

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျူချောင်ရွာက တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ ၃၅၁ တပ်ရင်းအခြေစိုက် တောင်ခြေစခန်းတစ်ခုကို နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)တို့ပါဝင်တဲ့ မဟာမိတ်တပ်တွေက ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ကြပါတယ်။

 

မိနစ်ပိုင်းသာကြာတဲ့ တိုက်ပွဲအတွင်း ရန်သူ့တပ်သားတွေဟာ စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

****************************************

 

“စခန်းတွေ သိမ်းနေဆဲ ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး”

 

အောက်တိုဘာ ၂၇ ကနေ ၁၀၂၇ စစ်ဆင်ရေးဆိုတဲ့ အမည်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့စခဲ့တဲ့ စစ်ဆင်ရေးဟာ ဒီရက်သတ္တပတ် စနေနေ့ဆိုရင် ၂၃ ရက်မြောက်ပါပြီ။ ဒီ ၂၃ ရက်ထဲ မြောက်ပိုင်း ၃ ဖွဲ့ပေါင်း စစ်ကောင်စီရဲ့ စခန်း၊ ကြီး/ငယ် ၁၇၀ ကျော်၊ မရေမတွက်နိုင်တဲ့ လက်နက်ခဲယမ်းတွေ၊ နဲ့ သံချပ်ကာကား၈ စီးနဲ့အတူ မြို့ ၇ ခုကို သိမ်းပိုက်ထားနိုင်ပါတယ်။

 

ယခု အပတ်ထဲမှာလည်း ညီနောင်အဖွဲ့တွေဟာ ရှမ်းမြောက်ဒေသထဲ နေ့စဉ်ဆိုသလို စခန်းသိမ်းအောင်ပွဲများ ရရှိနေခဲ့သလို ဗုဒ္ဓဟူးနေ့က ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း(၈)ခု အထိ ထပ်မံသိမ်းယူနိုင်ခဲ့ပြီး ယင်းဒေသအတွင်း အရေးပါသော ဟုန်အိုင်-မော်ထိုက် လမ်းကြောင်းကို ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ပါတယ်။

 

နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် MNDAA မှ ရှင်းဖျင်ကိုင် လျှံဖုန်ရွှေ၊ မော်ထိုက်စိုင်းကျောက်ရှမ်နှင့် တလင်ကဲ တောင်ကုန်းရှိ စစ်ကောင်စီစခန်းနှင့် ဗျူဟာကုန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး ကိုးကန့်ခရိုင် ဟုန်ရှင်း(မော်ထိုက်ဒေသ)၊ မော်ထိုက်ကျေးရွာအနီးရှိ စစ်ကောင်စီစခန်းများကို သိမ်းပိုက်ခဲ့ကာ ဟုန်အိုင် လွတ်မြောက်ဒေသနှင့် မော်ထိုက်ဒေသကြားရှိ စစ်ကောင်စီတပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တဲ့အတွက် လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ပါတယ်။

 

မော်ထိုက် တာလျံတောင်က စစ်ကောင်စီစခန်းကို သိမ်းပိုက် နိုင်ခဲ့တာကြောင့် မော်ထိုက်ဒေသရှိ စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့သလို ဟုန်ရှင်းဒေသ ချုံကန်အထိ နယ်မြေချဲ့ထွင်နိုင်ခဲ့ပြီလို့ MNDAA က ဝံ့ကြွားပါတယ်။

 

အလားတူ တအောင်းတပ် TNLA ကလည်း သိန္နီမြို့က မန်လွင် ပြည်သူ့စစ်စခန်းကို နိုဝင်ဘာ ၁၅ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြန်ပါတယ်။ ဒါ့အပြင် နမ့်ခမ်းမြို့က နောင်အင်ကျေးရွာရှိတပ်စခန်းကိုလည်း နိုဝင်ဘာ ၁၆ ရက်မှာ ထပ်သိမ်းသလို တပ်မဟာ ၆ စစ်ဒေသ လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းသို့ စစ်ကောင်စီမှ ထောက်ပို့လေယာဉ်နဲ့ချပေးတဲ့ ဆေးဝါးတွေနဲ့ ခဲယမ်းတွေပါဝင်တဲ့ သေတ္တာ ၁၃ လုံးကို TNLA တပ်တွေ ကြားဖြတ် ရယူနိုင်ခဲ့ပါတယ်။

 

အဲဒီလိုပဲ နိုဝင်ဘာ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ ကိုးကန့်ဒေသက စစ်ကောင်စီစခန်းတွေဖြစ်တဲ့ ခုတ်ထန်တပ်စခန်း၊ ရှင်းဖောက်လုပ်တပ်စခန်းနဲ့ ချင်ချိုင်ထန်ရွာတပ်စခန်းတွေကို MNDAA က သိမ်းပိုက်နိုင်ခဲ့ပါတယ်။

****************************************

 

“စစ်ကောင်စီက ကိုးကန့်မှာ ဗိုလ်မှူးချုပ်တစ်ဦး အားဖြည့်”

 

လောက်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်တော့မယ်လို့ ကိုးကန့်တပ် MNDAA က ကြေညာအပြီးမှာတော့ စစ်ကောင်စီက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အုပ်ချုပ်ရေးအပြောင်းအလဲ လုပ်လိုက်ပါတယ်။

 

လက်ရှိ ကိုးကန့်ဦးစီးဥက္ကဋ္ဌ ဦးမြင့်ဆွေကို အနားပေးလိုက်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်ကို ခေတ္တဥက္ကဋ္ဌ ခန့်လိုက်တယ်လို့ နိုဝင်ဘာ ၁၅ ရက်ညမှာ စစ်ကောင်စီက ကြေညာပါတယ်။

 

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ လောက်ကိုင်မြို့နယ်နဲ့ ကုန်းကြမ်းမြို့နယ် တွေကို နိုဝင်ဘာ ၁၃ ရက်က စစ်အုပ်ချုပ်ရေးထုတ်ထားပါတယ်။

 

ဒါကြောင့် စစ်ကောင်စီဟာ လောက်ကိုင်မြို့ကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစမှူး) ဗိုလ်မှူးချုပ် မိုးကျော်သူ နဲ့ အတူ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့် ကိုပါ အားဖြည့်လိုက်တာဖြစ်ပါတယ်။

 

ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်ဟာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)မှာ ဒုတိယ ဒကစမှူး တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ကွမ်းလုံဇာတိ ဖြစ်ပါတယ်။

 

လောက်ကိုင်မြို့ကို ဝန်းရံထားတဲ့ အနေအထားရှိနေပြီး ဝင်တိုက်ဖို့အချိန်တန်ပြီလို့ ကိုးကန့်တပ် MNDAA ပြောခွင့်ရသူ လီကျားဝင်းက ဘီဘီစီကို ပြောထားပါတယ်။

 

လောက်ကိုင်မြို့ကို ဝင်တဲ့အခါ မြို့ထဲမှာရှိနေတဲ့ လူထုတွေနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း – ကျားဖြန့်ထဲမှာရှိနေတဲ့ ဓားစာခံတွေရဲ့ အသက်ဘေး အထိအခိုက်နည်းဖို့နဲ့ ကယ်ထုတ်ရေးအတွက် ဒီလိုကြေညာတာဖြစ်ပြီး လိုအပ်တာတွေကို ပြင်ဆင်ဆောင်ရွက်သွားမယ်လို့ လည်း သူကပြောပါတယ်။

 

လောက်ကိုင်တိုက်ပွဲအတွက် စစ်ကောင်စီရော ကိုးကန့်တပ်ကပါ ပြင်ဆင်ထားလို့ ပြင်းထန်တဲ့ တိုက်ပွဲဖြစ်လာနိုင်တယ်လို့ အကဲခတ်တွေ သုံးသပ်နေကြပါတယ်။

 

ကိုးကန့်ဒေသမှာ ၂၀၀၉ ခုနှစ် နဲ့ ၂၀၁၅ ခုနှစ်က တိုက်ပွဲတွေကြီးတွေ ဖြစ်ပွားခဲ့ဖူးပြီး အဲဒီတုန်းက MNDAA က အရေးနိမ့်ခဲ့ပေမဲ့ ၁၀၂၇စစ်ဆင်ရေးမှာတော့ ကိုးကန့်တပ်ဘက်က အရေးသာနေတာဖြစ်ပါတယ်။

****************************************

 

“ကရင်နီက ၁၁.၁၁ စစ်ဆင်ရေး အောင်ပွဲ”

 

၁၀၂၇ စစ်ဆင်ရေးက စတဲ့ ကြီးမားတဲ့ အောင်ပွဲတွေဟာ ကရင်နီဒေသကိုလည်း ကူးစက်လာခဲ့ပါပြီ။ ကရင်နီ(ကယား)ပြည်၊ လွိုင်ကော်မြို့ရှိ စစ်ကောင်စီရဲ့ ခမရ ၄၂၅ တပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူး အပါအဝင် ၁၁၀ ဦးကျော် သေဆုံးပြီးနောက် တပ်ခွဲမှူးအပါအဝင် စစ်သုံ့ပန်း ၄၀ နီးပါး လက်နက်ချ အညံ့ခံခဲ့ကြပါတယ်။

 

KNDF က လွိုင်ကော်တက္ကသိုလ်ထဲက စစ်ကြောင်းနှစ်ခုကို နိုဝင်ဘာ ၁၃၊ ၁၄ နှစ်ရက်ဆက် တိုက်ခိုက်ပြီးနောက်မှာ ခမရ ၆ ရဲ့ တပ်ရင်း တစ်ဝက်နီးပါးအထိ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပါတယ်။

 

အဲဒီနောက် လွိုင်ကော်တက္ကသိုလ်ကို ကရင်နီကာကွယ်ရေးတပ်က ထိန်းချုပ်လိုက်ပါတယ်။ အဲဒီတက္ကသိုလ်က Non-CDM ပညာရေးဝန်ထမ်း ၁၇၀ ကျော်ကိုလည်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF က ကယ်ထုတ်ထားပါတယ်။

 

လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်းတပ်စွဲထားတဲ့ တပ်မ(၆၆)လက်အောက်ခံ ခမရ (၄၂၅) နဲ့ ခမရ (၆) တပ်ရင်းတို့ကို အပြီးသတ်ချေမှုန်းပြီးတဲ့နောက် နောက်ဆုံးလက်ကျန် တပ်ဖွဲ့ဝင် ၃၈ ဦးက လက်နက်ချအညံ့ခံခဲ့လို့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

 

စစ်ကောင်စီရဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကရင်နီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေက ပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးဖို့ကြိုးစားတာကြောင့် လွိုင်ကော်တက္ကသိုလ်က ပညာရေးဝန်ထမ်းတွေကို ကယ်ထုတ်ဖို့လုပ်ဆောင်ခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်က ဝန်ထမ်း ၂၇ ဦး ပြန်လည်လွတ်မြောက်လာတယ်လို့ ပြောဆို ထုတ်ပြန်ပါတယ်။

 

ဒါ့အပြင် ကရင်နီပြည်ထဲ ၁၁၁၁ စစ်ဆင်ရေးအဖြစ် တိုက်ခိုက်နေတဲ့ မိုးဗြဲ၊ ဖယ်ခုံဒေသတွေမှာလည်း တော်လှန်ရေးအင်အားစုနဲ့ စစ်ကောင်စီကြား တိုက်ပွဲဆက်ပြင်းထန်နေဆဲပါ။ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း ၃ ၊ ပွဲကုန်း ၁ ၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား ၂ စတဲ့ရွာတွေမှာရှိတဲ့ စစ်ကောင်စီခြေကုပ်စခန်းတွေကိုသိမ်းယူနိုင်ခဲ့သလို မိုးဗြဲမြို့က စစ်ကောင်စီရဲ့ စစ်ရေးအချက်အချာနေရာဖြစ်တဲ့ “စက်တော်ရာ” စခန်းကိုလည်း သိမ်းယူနိုင်ပြီလို့ တော်လှန်ရေးအင်အားစုတွေက သိရပါတယ်။

****************************************

 

“စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဗုံးဒဏ်ကြောင့် ကရင်နီက အရပ်သား ၅၀ ခန့်သေဆုံးခဲ့ရ”

 

ကရင်နီ(ကယား)ပြည်နယ်ထဲမှာ စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ လေယာဥ်ကနေ ဗုံးကြဲချမှုတွေကြောင့် ၁၁.၁၁ စစ်ဆင်ရေးကာလ တစ်ပတ်အတွင်း အရပ်သား ၅၀ ခန့် သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။ ကရင်နီပြည်မှာ ၁၁၁၁ စစ်ဆင်ရေး စတင်ခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အကြား တိုက်ပွဲပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်ကနေ ကရင်နီပြည်နယ်နဲ့ ရှမ်း-ကယားနယ်စပ်မြို့တွေဘက်ကို တိုက်လေယာဥ်၊ လက်နက်ကြီး စတာတွေနဲ့ ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်နေခဲ့တာပါ။

 

ဒေသခံတွေ သေဆုံးတာနဲ့ ပတ်သက်ပြီး ကရင်နီလူ့အခွင့်အရေး ထုတ်ပြန်ချက်တွေအရ လွိုင်ကော်၊ မိုးဗြဲနဲ့ ဖယ်ခုံမြို့တွေမှာ နိုဝင်ဘာ ၁၁ ရက်ကနေ ၁၃ ရက်အတွင်း ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံပြည်သူ ၂၀ ကျော် လက်နက်ကြီးထိမှန်သေဆုံးပြီး နောက်ထပ် ၁၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

နိုဝင်ဘာ ၁၄ ရက်နေ့က လွိုင်ကော်မြို့မှာ စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်သတ်တာတွေကြောင့် ဒေသခံပြည်သူ ၁၄ ဦးသေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

 

ဒါ့အပြင် မနေ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာလည်း စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ ၁၂၀ မမ လက်နက်ကြီး ၃ လုံး လွိုင်ကော်မြို့ အရှေ့ခြမ်းက ကျေးရွာထဲကို ကျရောက်လို့ နမ့်ကွတ်ကျေးရွာဘက်ကနေ စစ်ရှောင်လာတဲ့ လူငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

 

အဲဒီတစ်နေ့တည်းမှာပဲ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်ထဲ လက်နက်ကြီးကျခဲ့တာကြောင့် သားအမိ ၂ ဦး သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

****************************************

 

“လွိုင်ကော်တစ်မြို့လုံး စစ်ရှောင်”

 

ဒီလို ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ကြားက တိုက်ပွဲတွေကြောင့် လွိုင်ကော်တမြို့လုံး နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါပြီ။

 

“နေ့စဉ်လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့နဲ့ လာပစ်နေတာ။ ကိုယ့်ခေါင်းပေါ် ဘယ်အချိန်ကျလာမယ်မှန်း မသိဘူး။ အဲဒါကြောင့် မနေရဲတော့လို့ အိမ်ကို မစွန့်ခွာချင်ဘဲ စွန့်ခွာခဲ့ရပါတယ်။ လာရာလမ်းတစ်လျှောက်မှာလည်း တစ်မြို့လုံးလိုလို လူသူကင်းမဲ့နေပါတယ်” လို့ လွိုင်ကော်ကနေ တောင်ကြီးမြို့သို့ စစ်ရှောင်လာသူတစ်ဦးက ပြောပါတယ်။

 

နိုဝင်ဘာ ၁၁ ရက်နေ့ စစ်ဆင်ရေး စတင်ကတည်းက လွိုင်ကော်မြို့ အဝင်အထွက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ခဲ့တာကြောင့် ဒေသခံတွေ ပိတ်မိခဲ့ကြပြီး မြို့ပေါ်တိုက်ပွဲထဲ လေကြောင်း၊ လက်နက်ကြီး အလုံးအရင်း အသုံးပြုမှုကြောင့် ခုနစ်ရက်အတွင်း အရပ်သားသေဆုံးမှု အယောက် ၅၀ နီးပါးရှိခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

ဒီလို လွိုင်ကော်ကနေ တောင်ကြီးကို စစ်ရှောင်လာသူတွေကို လက်မခံကြဖို့ စစ်ကောင်စီနဲ့ မိတ်ဖက် ပအို့ဝ်အဖွဲ့ PNO က လိုက်လံတားမြစ်နေပါတယ်။ စစ်ကောင်စီခန့်သက်ဆိုင်ရာရပ်ကွက်လူကြီးတွေကတစ်ဆင့် ၂/(ကယားမှတ်ပုံတင်) ကိုင်ဆောင်ထားသူတွေ ရှိမရှိ ဧည့်စာရင်းစစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုမှုတွေ တောင်ကြီးမြို့ခံတွေ ခံနေရပါတယ်။ ဒါကြောင့် ကယားစစ်ရှောင်အချို့ဟာ ရရာနေရာတွေမှာ ဖြစ်သလိုနေထိုင်နေရတယ်လို့ သိရှိရပါတယ်။

****************************************

 

“ချင်းမှာလည်း မြို့သိမ်း၊ စခန်းသိမ်းနိုင်ခဲ့”

 

စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးမှာ အစဉ်တစိုက်ပါဝင်လာတဲ့ ချင်းပြည်နယ်က တော်လှန်ရေးအဖွဲ့တွေဟာ ယခုရက်သတ္တပတ်ထဲ ဖလမ်းခရိုင်ထဲက ရိခေါဒါရ်မြို့နဲ့ ဖလမ်းမြို့ထဲက စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

နိုဝင်ဘာ ၁၃ နဲ့ ၁၄ ရက်နေ့တွေက ရိခေါ်ဒါရ်မြို့အနီး စစ်ကောင်စီရဲ့ Tio စခန်း နဲ့ Rih စခန်းတို့ကို သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီ စခန်းတွေကနေ လက်နက်ကြီး၊ လက်နက်ငယ် အမြောက်အများနဲ့ ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ပါတယ်။

 

မြန်မာ – အိန္ဒိယ နယ်စပ် ရိခေါ်ဒါရ်မြို့ဟာ နှစ်နိုင်ငံကုန်သွယ်ရေးမြို့တစ်မြို့ဖြစ်ပြီး ချင်းကာကွယ်ရေးတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် နယ်စပ်အဝင်တံတားမှာ ချင်းအမျိုးသားအလံ စိုက်ထူလိုက်ပါတယ်။

 

ချင်းကာကွယ်ရေးတပ်တွေ သိမ်းထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ်အနီး ရိခေါဒါရ်မြို့မှာ ချင်းအမျိုးသားတပ်မတော် – CNA ဦးဆောင်တဲ့ ချင်းကာကွယ်ရေးတပ်ပေါင်းစုတွေက နယ်မြေရှင်းလင်းရေးလုပ်ပြီး မြို့ကို ထိန်းချုပ်ထားလိုက်ပါပြီ။

 

ဒါ့အပြင် ဖလမ်းမြို့က သီးဘွာလ်စစ်ကောင်စီစခန်းကို နိုဝင်ဘာ ၁၅ ရက်နေ့က ချင်းအမျိုးသားကာကွယ်ရေးတပ်(CNF)နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပါတယ်။

 

နိုဝင်ဘာ ၁၇ ရက် ညပိုင်းမှာ အဲဒီစခန်းသိမ်းတိုက်ပွဲကရတဲ့ လက်နက်ခဲယမ်းအမြောက်အမြားကို CNDF က ထုတ်ဖော်ပြသလာခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂ ဦးသေပြီး ကျန်သူတွေ စခန်းစွန့်ခွာထွက်ပြေးခဲ့ကြပါတယ်။ ကာကွယ်ရေးတပ်တွေဘက်က CNDF ရဲဘော် ၂ ဦး(မစိုးရိမ်ရ)ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။

 

ချင်းပြည်နယ်ထဲ နိုဝင်ဘာ လဆန်းပိုင်းထဲ ခမ်းပတ်မြို့ကို ချင်းကာကွယ်ရေးတပ်တွေက သိမ်းထားသလို ချင်းထဲက ခွဲထုတ်လိုက်တဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က မြောက်စီးရဲစခန်းကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

****************************************

 

“ကလေးငယ် ၈ ဦးအပါအဝင် လူဆယ်ချီသေခဲ့ရဲ့ မတူပီမြို့ လေယာဉ်ဗုံးကြဲခံရမှု”

 

နှစ်ဖက်တိုက်ပွဲတွေကြားက လက်နက်မဲ့ မြေစာပင် အရပ်သားတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သေကြပျက်စီး နေခဲ့ရပါတယ်။

 

ယခုရက်သတ္တပတ်ရဲ့ ဗုဒ္ဓဟူးနေ့မှာလည်း ချင်းပြည်နယ်၊ မတူပီ မြို့နယ်ထဲက ဝေလူးကျေးရွာကို စစ်ကောင်စီရဲ့ ဂျက်လေယာဥ်နဲ့ ဗုံးကြဲခံရလို့ ကလေး ၈ ဦး အပါအဝင် ဒေသခံအရပ်သား ၁၁ ဦးသေဆုံးခဲ့ရပါတယ်။

 

ဗုဒ္ဓဟူးနေ့ နိုဝင်ဘာ ၁၅ ရက် ည ၇ နာရီမှာ ဗုံးကြဲခဲ့တဲ့ဗုံးဟာ ဝေလူးရွာထဲက စာသင်နေတဲ့ အိမ်တစ်အိမ်ပေါ်ကို ကျခဲ့တာကြောင့် စာသင်ကြားပေးနေတဲ့ကျောင်းဆရာ အပါအဝင် စာသင်သား ကလေးငယ် ၈ ဦးလည်း နေရာမှာပဲသေဆုံးခဲ့ရပါတယ်။

 

လက်ရှိမှာ သေဆုံးသူတွေအပြင် အပြင်းအထန် ဒဏ်ရာရသူ ၄ ဦးလည်းရှိပြီး အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းက နေအိမ်နဲ့ ဘာသာရေးအဆောက်အဦတွေ ပျက်စီးသွားရပါတယ်။

 

အိမ်ခြေ(၉၀)ကျော်ရှိပြီး ဝေလူးကျေးရွာဟာ မတူပီမြို့ကနေ မိုင်(၄၀)ခန့်အကွာမှာရှိပြီး ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေကြားမှာ တိုက်ပွဲတစ်ကြိမ်တစ်ခါမျှ ဖြစ်ပွားမှု မရှိတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။

****************************************

 

“ရခိုင်က စခန်းသိမ်းတိုက်ပွဲတွေအကြောင်း”

 

၁၀၂၇ စစ်ဆင်ရေး ညီနောင်အဖွဲ့ထဲက ရခိုင့်တပ်တော် AA ရဲ့ ရခိုင်ပြည်မှာလည်း တိုက်ပွဲတွေဆင်နွှဲနေတာ တစ်ပတ်လောက်ရှိပါပြီ။ အဲဒီမှာ စစ်ကောင်စီရဲ့ ပေါက်တောမြို့မရဲစခန်းအပါအဝင် စခန်းကြီး၊ ငယ် ၄၀ လောက်ကို AA ဘက်က သိမ်းပိုက်ထားနိုင်ခဲ့ပါပြီ။

 

စခန်းအများစုက စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးကြသလို လက်နက်ချ အညံ့ခံခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

 

နိုဝင်ဘာ ၁၆ ရက်နေ့က AA ဘက်က လက်နက်ချအညံ့ခံဖို့ ပြောပေမယ့် မချတဲ့ မောတောမြို့က စစ်ကောင်စီ လက်အောက်ခံ ဒုံးညိုနယ်ခြားစောင့်တပ်ကိုတော့ ၂၇ နာရီအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဒုံးညိုစခန်းကို နိုဝင်ဘာ ၁၆ နံနက် ၁၀ နာရီက စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီမှာ စစ်ကောင်စီရဲ့ လေကြာင်းနဲ့ လက်နက်ကြီးပစ်ကူမှုတွေကြားထဲက မိုးထဲရေထဲအပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲထဲ စစ်သုံ့ပန်း ၁၈ ဦးနဲ့ လက်နက် ၄၀ နဲ့အတူ စစ်အသုံးအဆောင်အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သလို နှစ်ဖက်အကျအဆုံးရှိခဲ့တယ်လို့ သိရပေမယ့် အတိအကျစာရင်းတွေကိုတော့ AA ဘက်က ထုတ်ပြန်တာမျိုးမရှိခဲ့ပါဘူး။

 

နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း ရခိုင်ပြည်မြောက်ပိုင်းက ပေါက်တောမြို့မရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ၊ ငွေကြေးအချို့နဲ့ စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းတွေကို AA ဘက်က သိမ်းပိုက်ရရှိခဲ့ပါတယ်။

 

အဲဒီစခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီက အင်အားပြန်လည် ဖြည့်တင်းခဲ့သလို ပေါက်တောမြို့ပေါ်ကို လေကြောင်းရော၊ ရေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

****************************************

 

“ပေါက်တောက အရပ်သားတွေကို စစ်ကောင်စီ ပစ်သတ်”

 

အဲဒီလို အသိမ်းခံရပြီးနောက် ပေါက်တောမြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ လောကထိပ်ပန်ဘုရား တောင်ကုန်းပေါ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲခဲ့ကြပြီး စစ်ရှောင်ပြည်သူတွေကို ပစ်ခတ်ခဲ့တာကြောင့် လူဆယ်နဲ့ချီ သေဆုံးခဲ့ရပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်မစွဲခင်က ဘုရားကုန်းပေါ်က ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်ပြည်သူတွေ ခိုလှုံနေခဲ့တာပါ။ စစ်ရှောင်တွေဟာ စစ်ကောင်စီတပ်သားတွေရောက်လာတာနဲ့ ဗုံးခိုကျင်းတွေထဲ ဝင်ရောက်ပုန်းရှောင်နေခဲ့ကြရာမှာ ကြာသာပတေးနေ့ နိုဝင်ဘာ ၁၆ ရက်နေ့လယ်ပိုင်း စစ်ကောင်စီတပ်တွေ ဘုရားကုန်းပေါ်ရောက်လာချိန်မှာတော့ ရှောင်တိမ်းနေတဲ့အရပ်သားတွေကို တွေ့ရှိခဲ့ပြီး ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ကြရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဒေသခံသတင်းဌာနတွေကို ပြောပြချက်အရ သိရပါတယ်။

 

ဒီလောကထိပ်ပန်ဘုရားကုန်းမှာ စစ်တိမ်းရှောင်ဖို့ကျန်ရစ်ခဲ့သူတွေထဲ ကလေးသူငယ်တွေလည်း ပါဝင်တယ်လို့သိရပြီး ဒေသတွင်း မီဒီယာတစ်ခုဖြစ်တဲ့ Western News ရဲ့ ဖော်ပြချက်အရတော့ စစ်ရှောင်ပြည်သူ အယောက် ၂၀ အသတ်ခံလိုက်ရကြောင်း စုံစမ်းရရှိထားတယ်လို့ ပြောပါတယ်။

****************************************

 

“အရပ်သား သတ်ဖြတ်မှုတွေကို လက်တုံ့ပြန်မယ်”

 

ဒီဖြစ်ရပ်ဟာ စစ်ရာဇဝတ်မှုကျူးလွန်တာလို့ အေအေက သတ်မှတ်ပြီး လက်တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်မယ်လို့ ကြာသာပတေးနေ့ ညတွင်းချင်းမှာပဲ AA ဘက်က သတင်းထုတ်ပြန်ပါတယ်။

 

အခုလိုသေဆုံးခဲ့ရတဲ့ ပေါက်တောမြို့က အရပ်သားပြည်သူတွေအတွက်ဝမ်းနည်းရပြီး ဒီဖြစ်ရပ် အတွက် ကျူးလွန်သူတွေကို လက်တုံ့ပြန်တိုက်ခိုက်မယ်လို့ အေအေက ပြောပါတယ်။

 

စစ်ကောင်စီဘက်ကတော့ ပေါက်တောမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းသာ ဖော်ပြခဲ့ပြီး အခုလို အရပ်သားပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့တော့ တစုံတရာထည့်သွင်းပြောကြားတာမတွေ့ရပါဘူး။ ဒါပေမဲ့ ပေါက်တောမြို့ပေါ်ကို စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်တွေ နိုဝင်ဘာ ၁၆ ရက်နေ့လယ်ပိုင်းကတည်းက ရောက်ရှိခဲ့တယ်ဆိုတာကိုတော့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ဖော်ပြထားပါတယ်။

 

အခုတော့ ရခိုင်မြောက်ပိုင်းတိုက်ပွဲတွေကြောင့် ပေါက်တောမြို့အပါအဝင် မောင်တော၊ ရသေ့တောင်၊ မင်းပြား နဲ့ မြောက်ဦး တို့က ဒေသခံအများစုနီးစပ်ရာကို ရှောင်တိမ်းနေရပြီး စစ်ကောင်စီကလည်း ရေကြောင်း၊ ကုန်းကြောင်းသွားလာခွင့် တွေကို တိုက်ပွဲစဖြစ်တဲ့ရက်ကတည်းက ပိတ်ဆို့ထားခဲ့ပါတယ်။