“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (နိုဝင်ဘာ ၂၀ မှ ၂၆ အထိ)

Author ကိုထားဝယ်
Categories
Published on Nov 25, 2023

ယခု နိုဝင်ဘာတတိယပတ် (နိုဝင်ဘာ ၂၀ မှ ၂၆ အထိ)အတွင်း ကရင်နီဒေသမှာ လေယာဉ်ပစ်ချနိုင်မှုရဲ့ အကောင်းဆုံး သက်သေအဖြစ် လေယာဉ်မှူးကို ဖမ်းဆီးလိုက်နိုင်တဲ့သတင်း၊ ရှမ်းမြောက်မှာ စစ်ကောင်စီရဲ့ အခိုင်အမာစခန်းတစ်ခုဖြစ်တဲ့ မိုင်းကျက်တပ်စခန်းကို တအာင်းအဖွဲ့သိမ်းလိုက်နိုင်တဲ့သတင်း၊ ရခိုင်မှာ စစ်ကောင်စီရဲ့ လူသားဒိုင်းလုပ်ခံထားရသူ ၂၀၀ ကျော်ကို ရခိုင့်တပ်တော်က ကယ်ထုတ်လိုက်နိုင်တဲ့ သတင်းတွေက ထိပ်တန်းရောက်ခဲ့ပါတယ်။ ဒီလိုတိုက်ပွဲသတင်းတွေကြောင့် စစ်ကောင်စီဟာ ရန်ကုန်ကို ဖိနှိပ်ဖို့ကြိုးပမ်းနေပြီး စစ်သားစုဆောင်းရေးအသွင်ဆောင်တဲ့ တစ်ရပ်ကွက်ကို လူ ၂၀ ဖမ်းပေးရမယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေတဲ့ သတင်းတွေကိုလည်း လူထုက အာရုံစိုက်ခဲ့ကြပါတယ်။

****************************************

 

“ဆွမ်းခံရင်း ငှက်သင့်ခဲ့ရသူ”

 

စစ်ကောင်စီ လေတပ်ဗိုလ်မှူး ခိုင်သန့်မိုးတစ်ယောက် နိုဝင်ဘာ ၁၁ ရက်နေ့က ကရင်နီ(ကယား)ဒေသမှာ သူမောင်းနေကျ K-8 လေယာဉ်နဲ့ ဗုံးကြဲချနေရင်း ရုတ်တရက် ပစ်ချခံလိုက်ရပါတယ်။

 

သို့ပေမယ့် လေယာဉ်မြေပြင်မရောက်မီ လေထီးနဲ့ ခုန်ထွက်လိုက်တာကြောင့် အသက်တော့ မသေဆုံးခဲ့ပါဘူး။ သူဟာ (၈) ရက်လောက် ကရင်နီဒေသထဲ လှည့်ပတ်ပုန်းခိုနေရင်း နိုဝင်ဘာ (၁၉) ညနေပိုင်းမှာတော့ ကရင်နီတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။

 

လေတပ်ရာထူးအဆင့်တွေအရ မြေပြင်အကြီးတန်းအရာရှိအဆင့်ရှိတဲ့ ဗိုလ်မှူးခိုင်သန့်မိုးဟာ ၂၀၂၁ ခုနှစ် အစောပိုင်းကာလတွေမှာ နည်းပြတစ်ယောက်အဖြစ်နဲ့ပဲ ရှိနေခဲ့တာပါ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ လက်တစ်ဆုပ်စာသာသာပဲရှိတဲ့ စစ်အုပ်စုတစ်စုကြောင့် တိုက်ခိုက်ရေးထဲ ပါလာခဲ့ရတာ ဖြစ်ပါတယ်။

 

 

သူဟာ အာဏာမသိမ်းခင်က မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ရှမ်းတဲရွာအနီးမှာရှိတဲ့ လေကြောင်း အတတ်သင် လေတပ်စခန်းဌာနချုပ် (ရှမ်းတဲ) မှာK-8 တိုက်ခိုက်ရေးလေယာဉ်နည်းပြ လုပ်ခဲ့တာပါ။ အဲဒီကနေ တောင်ငူလေတပ်ကိုရောက်ပြီး စစ်ခေါင်းဆောင်ရဲ့ ပြည်သူသတ်စစ်ဆင်ရေးထဲ ပါဝင်လာခဲ့တာပါ။

 

စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်မှုအားကောင်းတဲ့ ကရင်နီပြည်နယ်မှာ အပေါ့စား တိုက်ခိုက်ရေး လေယာဉ်အမျိုးအစားဖြစ်တဲ့ K-8 ဒါမှမဟုတ် အဆင့်မြှင့်ထားတဲ့ K-8W တွေနဲ့ စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်မှုအများဆုံးပြုလုပ်လေ့ရှိပါတယ်။

 

အဲဒီမှာ စစ်တက္ကသိုလ်အပတ်စဉ် ၄၄ ဆင်း အသက် ၄၂ နှစ် အရွယ် ဗိုလ်မှူးခိုင်သန့်မိုးဟာ တောင်ငူလေတပ်မှာ တာဝန် ထမ်းဆောင်ပြီး လွိုင်ကော်မြို့တဝိုက် ဗုံးကြဲချိန် လေယာဉ်ပစ်ချခံရကာ တော်လှန်ရေးအင်အားစုရဲ့ ဖမ်းဆီးတာ ကြုံခဲ့ရပါတယ်။

 

ကနဦးနှုတ်ဆိတ်နေတဲ့ စစ်ကောင်စီသတင်းပြန်ကြားရေးအဖွဲ့ဟာ ရက်ပိုင်းအကြာမှာတော့ မမှန်သတင်းလွှင့်ခဲ့ပါတယ်။

 

အဲဒါကတော့ “လေယာဉ်က ပစ်ချခံခဲ့ရတာမဟုတ်ဘဲ လေ့ကျင့်ပျံသန်းနေရင်း ပျက်ကျတာ” လို့ ထုတ်ပြန်ခဲ့တာပါ။

 

လေယာဉ်မှူး၊ တွဲဖက်လေယာဉ်မှူး နှစ်ဦးတို့နဲ့လည်းအဆက်အသွယ်ရပါပြီ လို့ စစ်ကောင်စီသတင်းထုတ် ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက လီဆယ်ထုတ်ပြန်ခဲ့ပါသေးတယ်။

 

ဒါပေမဲ့ နိုဝင်ဘာ ၁၉ ညနေပိုင်း KNDF ရဲ့ ထုတ်ပြန်ချက်အပြီးမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းတစ်ယောက် ဆွံအသွားစေခဲ့ပါတယ်။

 

အခုတော့ စစ်လေယာဉ်မှူးနဲ့ တွဲဖက်မောင်းနှင်ခဲ့သူကိုလည်း ကရင်နီတပ်ဖွဲ့တွေက လိုက်လံရှာဖွေနေပါတယ်။

 

လေ့ကျင့်သင်ကြားရေးဘက်ကနေလာတဲ့ စစ်လေယာဉ်မှူး ခိုင်သန့်မိုးဟာ အခုတော့ ကရင်နီတပ်တွေရဲ့ စစ်ကြောရေးလုပ်ခံနေရပါပြီ။ သူဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားမှာ အသေအချာပဲဖြစ်ပါတယ်။

 

ဒါကြောင့် သူဟာ “ဆွမ်းခံရင်း ငှက်သင့်ခဲ့ရသူ” တစ်နည်း လေ့ကျင့်သင်ကြားရေးပဲ လုပ်နေခဲ့မယ်ဆိုရင် ဒါမှမဟုတ် ပြည်သူ့ရင်ခွင်ခိုလှုံခဲ့မယ်ဆိုရင် သူဟာ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ရမှာမဟုတ်ပါဘူး။ အခုတော့ သူဟာ အရေးယူခံရတော့မှာဖြစ်ပါတယ်။

 

ဗိုလ်မှူးခိုင်သန့်မိုးကို စစ်ဘက်ဆိုင်ရာ စစ်ဆေးမှုတွေလုပ်နေကြပြီး တရားစီရင်ရေးအတွက်ကိုတော့ ရဲဘက်ကို လွှဲပြောင်းသွားဖို့ရှိတဲ့အပြင် ထိုက်သင့်တဲ့ပြစ်ဒဏ်တွေပေးမယ်လို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်ပြောကြားထားပါတယ်။

****************************************

 

“သိမ်းမြဲသိမ်းဆဲ ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး”

 

ညီနောင်အဖွဲ့တွေဟာ ယခုအပတ် ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးအဖြစ် တိုက်ပွဲများ နေ့စဉ်ဆင်နွှဲခဲ့ပြီး သုံးဖွဲ့ပေါင်း စစ်ကောင်စီ စခန်း ၁၀ ခုထက်မနည်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

ဒါကြောင့် ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ရေးစတင်ကတည်းက နိုဝင်ဘာ ၂၄ အထိ စစ်ဆင်ရေး ၂၉ ရက်တာကာလအတွင်း ရခိုင်ဒေသအပါအဝင် စခန်းပေါင်း ၂၆၀ အထိ သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ပါတယ်။

 

အဲဒီထဲ ကိုးကန့်တပ် MNDAA က အများဆုံးအနေနဲ့ စစ်ကောင်စီစခန်းကြီး/ငယ် ၁၇၀ နီးပါးနဲ့ မြို့ ၇ ခု ထိန်းချုပ်ထားပြီး တအာင်းတပ် TNLA က စခန်း ၅၀ နီးပါးနဲ့ နမ့်ခမ်းမြို့ကို ထိန်းချုပ်ထားနိုင်ပါတယ်။ ရက္ခိုင့်တပ်တော် AA ကတော့ ရခိုင်ဒေသမှာ နိုဝင်ဘာ ၁၃ ကမှ စစ်ဆင်ရေးစတင်ခဲ့ပေမယ့် စစ်ကောင်စီခြေကုပ်စခန်း ၄ ခုနဲ့ စခန်း ၄၀ ကျော် သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲတွေထဲ စစ်သုံ့ပန်းတွေနဲ့ လက်နက်ချအညံ့ခံသူတွေအပါအဝင် မရေတွက်နိုင်တဲ့ လက်နက်ခဲယမ်းပေါင်းများစွာကို ညီနောင်အဖွဲ့တွေသိမ်းဆည်းရမိခဲ့ပါတယ်။

****************************************

 

“စစ်ကောင်စီကြောင့် အရပ်သားတွေ သေဆုံးနေရဆဲ”

 

မြေပြင်မှာမယှဉ်နိုင်တဲ့ စစ်ကောင်စီဟာ ဝေဟင်ကနေ လေယာဉ်နဲ့ ဗုံးကြဲခြင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သားတွေထိမှန်ပြီး သေဆုံးနေရပါတယ်။ ဒီတစ်ပတ်ထဲမှာလည်း စစ်ကောင်စီကြောင့် အရပ်သား ၁၀ ဦးထက်မနည်း ရှမ်းမြောက်ဒေသမှာ လက်နက်ကြီးနဲ့ ဗုံးထိမှန်သေဆုံးခဲ့ရတာကို ညီနောင်အဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

 

“ယုတ်မာမှုအပေါင်း သရဖူဆောင်းတဲ့ စစ်ကောင်စီ”

 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က ပြည်သူတွေရဲ့ဆန္ဒကိုမျက်ကွယ်ပြုပြီး မတရား အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ အခုတော့ သူတို့ရဲ့ ဘီလူးခေါင်းကို တစ်ခုပြီးတစ်ခု လှစ်ဟာပြလို့နေဆဲ ဖြစ်ပါတယ်။

 

သူတို့အထိနာနေတဲ့ ရှမ်းမြောက်ဒေသထဲ ယုတ်မာမှုအပေါင်း သရဖူဆောင်းမှုအနေနဲ့ စစ်ပွဲတွေမှာ တားမြစ်ထားတဲ့ ဓာတုအဆိပ်ဗုံးတွေ ကြဲချတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

 

နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းမှာ ကိုးကန့်တပ် (MNDAA) များ သိမ်းပိုက်ထားတဲ့ နမ့်စလပ် တောင်ကုန်းစခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဓာတု(အဆိပ်)ဗုံး လေးလုံးလာကြဲခဲ့တာဖြစ်ပါတယ်။ ဒါဟာ ပထမဆုံးအကြိမ်တောင် မဟုတ်တော့ပါဘူး။ သုံးကြိမ်မြောက် ဖြစ်ပါတယ်။

 

ပထမဆုံးအနေနဲ့ နိုဝင်ဘာလ (၄) ရက်က လားရှိုးမြို့နယ် စစ်ကောင်စီ မိုင်းကျက်တပ်စခန်းကို တိုက်ခိုက်စဥ် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်ခဲ့သေးတဲ့အပြင် နမ့်ခမ်းမြို့နယ်ရှိ စခန်းသစ် လုံခြုံရေးကုန်းကို တအာင်းတပ်မတော်က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် နိုဝင်ဘာ (၁၈) ရက်နေ့ကလည်း ဓာတုဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

 

ဒီလိုအဆိပ်ငွေ့ဗုံးကြောင့် ကိုးကန့်တပ်ဖွဲ့ဝင်အချို့ အဆိပ်ငွေ့များ ရှူမိပြီးနောက် ခေါင်းမူးခြင်း၊ အော့အန်ခြင်းဝေဒနာတွေ ခံစားခဲ့ရတယ်လို့ TNLA နဲ့ MNDAA တို့က ထုတ်ပြန်ထားပါတယ်။

****************************************

 

“လေကြောင်းနဲ့ လက်နက်ကြီး အကြိမ် ၁၀၀ ကျော်ပစ်ကူခဲ့သော်ငြားလည်း မကယ်လိုက်နိုင်ရှာတဲ့ မိုင်းကျက်တပ်စခန်း”

 

တအောင်းတပ် TNLA ဟာ စစ်ဆင်ရေးစကတည်းက တိုက်နေခဲ့တဲ့ လားရှိုးမြို့ရှိ မိုင်းကျက်တပ်စခန်းကို ကျားကုပ်ကျားခဲကြိုးပမ်းပြီး ဒီတစ်ပတ်ထဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

တိုက်ခိုက်မှု ၂၉ ရက်အကြာ နိုဝင်ဘာ ၂၄ ရက် သောကြာနေ့ သန်းခေါင်ယံအချိန် ၁၂ နာရီကျော်မှာမှ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ ဒါဟာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး အကြာဆုံးတိုက်ခိုက်ပြီးမှ သိမ်းပိုက်နိုင်ခဲ့တဲ့ စခန်းတစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

 

စစ်ကောင်စီဘက်ကလည်း သူတို့ရဲ့စစ်ရေးအရ အရေးပါလှတဲ့ မိုင်းကျက်စခန်းကို မဆုံးရှူံးရရေး လေယာဉ်၊ လက်နက်ကြီးတို့နဲ့ အကြိမ် ၁၀၀ ကျော်ပစ်ကူခဲ့ပေမယ့် တအာင်းတပ်တွေကို အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

 

ဒီအကြောင်းနဲ့ပတ်သက်လို့ တအာင်းအဖွဲ့ ပြောခွင့်ရပြဂ္ဂိုလ် ဗိုလ်မှူးကြီး တာအိုက်ကျော်က

“ဒီစခန်းက စစ်ဆင်ရေးစတဲ့နေ့တည်းက တိုက်ခဲ့တဲ့စခန်းပေါ့။ မနေ့ညကမှ အကုန်ရှင်းလင်းသိမ်းပိုက်မိတယ်။ စခန်းထဲမှာတော့ ဟောင်ဝှစ်ဇာနဲ့ လက်နက်ကြီးတွေသိမ်းမိတယ်ပေါ့။ အတိအကျစာရင်းတော့မရသေးဘူး။ တိုက်ပွဲမှာပဲ စစ်တပ်က အကြိမ် ၁၀၀ လောက်အထိ လေကြောင်းရော၊ လက်နက်ကြီးရောသုံးခဲ့တာပေါ့” လို့ CJ Platform ကို ပြောကြားခဲ့ပါတယ်။

 

အဲဒီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့တယ်လို့ သိထားရပေမယ့် အသေးစိတ်ကိုတော့ TNLA ဘက်က ထုတ်ပြန်မလာသေးပါဘူး။

****************************************

 

“ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေဖြတ်တောက်ခံလိုက်ရတဲ့ လွိုင်ကော်”

 

ဒီတစ်ပတ်ထဲ ကရင်နီဒေသ လွိုင်ကော်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပေမယ့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ စစ်ကောင်စီက ဖြတ်တောက်လိုက်တာကြောင့် သတင်းတွေ လျော့ပါးသွားခဲ့ရပါတယ်။

 

ဒါကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)နဲ့ ကရင်နီတပ်ပေါင်းစုတွေဘက်က သတင်းထုတ်ပြန်ခြင်းမျိုး မလုပ်နိုင်ခဲ့သလို မီဒီယာတွေဘက်ကလည်း သတင်းလိုက်ရာမှာ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

****************************************

 

“လွိုင်ကော်တက္ကသိုလ်က Non-CDM တွေကို အိမ်ပြန်ပို့”

 

ကရင်နီတော်လှန်ရေး အင်အားစုများက တိုက်ပွဲကြားမှ ကယ်ထုတ်ထားတဲ့ Non CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင် (၂၀၄) ဦးအနက် ခံဝန်ကတိ လက်မှတ်ရေးထိုးပြီးသော Non CDM ဝန်ထမ်း (၇၀) ဦးနဲ့ မိသားစုဝင် (၃၇) ဦး စုစုပေါင်း (၁၀၇) ဦးတို့ကို နေရပ်ပြန်နိုင်ဖို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC -Karenni State)က စီစဉ်ပေးခဲ့ပါတယ်။

 

နေရပ်ပြန်ပို့မယ့်သူတွေကို အသေးစိတ် စစ်ဆေးမေးမြန်းထားသလို စစ်ကောင်စီနဲ့ ထပ်မံမပတ်သက်ဖို့လည်း မှာကြားထားပြီး အဓိကအနေနဲ့ ယခု နေရပ်ပြန်သူတွေဟာ ကရင်နီဒေသက မဟုတ်တဲ့သူတွေဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ အတွင်းရေးမှူး(၁) ဖြစ်သူ ဇူးပဒုမ္မာက CJ Platform သို့ပြောပါတယ်။

 

 

အခု Non CDM ဝန်ထမ်းနဲ့ မိသားစုဝင်တွေဟာ လွိုင်ကော်တက္ကသိုလ်နဲ့ စက်မှုလက်မှုသိပ္ပံကျောင်းမှဖြစ်ပြီး စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ရဲ့ လွိုင်ကော်တိုက်ပွဲအတွင်း ပိတ်မိနေခဲ့တဲ့အတွက် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေက ဘေးလွတ်ရာသို့ ကယ်ထုတ်ထားခဲ့တာဖြစ်ပါတယ်။

 

ကျန်ရှိနေသူများကိုလည်း စုံစမ်းစစ်ဆေးပြီးပါက နေရပ်ပြန်နိုင်ရန် စီစဉ်ပေးမယ်လို့ သိရပါတယ်။

****************************************

 

“စစ်သားစုဆောင်းရေးအသွင်နဲ့ ရန်ကုန်ကိုဖိနှိပ်လာတဲ့ စစ်ကောင်စီ”

 

လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအားကောင်းတဲ့နေတွေမှာ စစ်ကောင်စီတပ်သားတွေ အတုန်းအရုံးသေဆုံးနေရပြီးနောက် လက်နက်မဲ့ ရန်ကုန်လို မြို့ပြက အရပ်သားတွေကို ဖိနှိပ်ဖို့ စစ်ကောင်စီက ရည်ရွယ်လုပ်ဆောင်လာခဲ့ပါတယ်။

 

ဒဂုံလေးမြို့နယ်အပါအဝင် ရွှေပြည်သာ၊ လှိုင်သာယာကဲ့သို့ ဆင်ခြေဖုံးမြို့တွေမှာ တစ်ရပ်ကွက်ကို လူ ၂၀ ဦး ဖမ်းပေးရမယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေပါတယ်။

 

အဲဒီလို သတင်းတွေ ထွက်ပေါ်လာနေချိန်မှာ ဆင်ခြေဖုံးမြို့တွေမှာ လူငယ်တွေ ညအစောပိုင်းတွေမှာတင် ဖမ်းခံနေရတာ၊ ပျောက်ဆုံးတယ်ဆိုတဲ့သတင်းတွေ ရန်ကုန်မှာ ခပ်စိပ်စိပ်ဆိုသလို လူမှုကွန်ရက်တွေမှာ တွေ့မြင် လာနေရပါတယ်။

 

လူဖမ်းပေးဖို့နဲ့ပတ်သက်လို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရာအိမ်မှူးတစ်ဦးက  “ကျွန်တော်တို့ဆီကိုလူ ၂၀  ဖမ်းပေးရမယ်ဆိုပြီး တောင်းတယ်။ ဥက္ကဋ္ဌက ပေးလို့မရနိုင်ဘူးပြောတော့ ည ကိုးနာရီနောက်ပိုင်း သူတို့ဘာသာဖမ်းရင် ဝင်မပါဖို့ပြောတယ်။ တခြားရပ်ကွက်တွေလည်း အဲဒီလိုတောင်းတယ်တော့ ကြားထားတယ် ” လို့ CJ Platform ကို ပြောထားပါတယ်။

 

အဲဒီလိုပဲ ရွှေပြည်သာမြို့နယ်ထဲမှာလည်း လူဖမ်းပေးရမယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့ကို ပြောကြားထားတဲ့အကြောင်း မြို့ခံအချို့က ပြောပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ လူဖမ်းဆီးမှုအတွင်း ဖမ်းမိသူများကိုငွေကျပ် အနည်းဆုံး ငါးသိန်းမှစတင်ကာ ဆယ်ဂဏန်းအထိ ငွေညှစ်တောင်းယူကာ ရွေးယူနိုင်သူများကိုသာ ပြန်လည်လွှတ်ပေးတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

 

ယခုလို စစ်ကောင်စီတပ်ရဲ့ လူသစ်စုဆောင်းမှုအပေါ် စစ်ကောင်စီတပ် ခမရ ၅၂၈ မှ CDM ဗိုလ်ကြီး လင်းထက်အောင်က CJ Platform သတင်းဌာနကို အခုလိုပြောပြပါတယ်။

 

“ဒီကာလအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မြို့ပြတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်မှုအခြေအနေတွေက တော်တော်လေးကိုများလာတယ်ပေါ့။ အဲဒီတော့ စစ်တပ်အနေနဲ့ကတော့ နိုင်ငံအနှံ့မှာ သူတို့ရဲ့ စစ်အင်အားဖြန့်ခွဲထားမှုမှာ အကန့်အသတ်ရှိလာပြီ။ ရွှေ့ပြောင်းနိုင်မှုမှာလည်း အကန့်အသတ်ရှိလာပြီ။ ဒီအခြေနေမှာ သူတို့အမိအရ ထိန်းချုပ်ထားနိုင်တဲ့ မြို့ပြတွေရဲ့ လုံခြုံရေးအတွက် အင်အားကို သူတို့တပ်အင်အားရဲ့ အင်အားကနေ သေချာမပေးနိုင်တော့  ရပ်ကွက်တွေကနေ လူအင်အားတောင်းတယ်လို့ ကျနော်တို့ ထင်တယ်ပေါ့။ သူတို့ရဲ့ နယ်မြေထိန်းချုပ်နိုင်မှု အနေအထားက တစ်နိုင်ငံလုံးအနေအထားမှာ ယုတ်လျော့လာတာ မျက်မြင်ပဲပေါ့။ ဒီအခြေအနေကနေ စစ်တပ်ရဲ့အင်အားချိနဲ့မှုကိုပါ မြင်လာတာပေါ” လို့ ဆိုပါတယ်။

 

အခုလို စစ်ကောင်စီတပ်ရဲ့ လုပ်ဆောင်နေမှုတွေနဲ့ပတ်သက်လို့ လူထုဟာ ကြောက်လန့်စိုးရိမ်နေကြပြီး ရန်ကုန်မှာ ညမထွက်ရအမိန့်မထုတ်ထားပေမယ့် ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သူ မရှိသလောက် ရှားပါးနေတဲ့ အခြေအနေ ဖြစ်ပေါ်နေရပါတယ်။