“ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ” (ဒီဇင်ဘာ ၂၄ မှ ၃၀ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Dec 30, 2023

ဒီတစ်ပတ်(ဒီဇင်ဘာ ၂၄ မှ ၃၀ ရက်အထိ)ဟာ ၂၀၂၃ ခုနှစ်ကြီးကို စွန့်ခွာရမယ့် ရက်သတ္တပတ် ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၃ ခုနှစ်ထဲက အစ္စရေး-ဟားမက်စ်စစ်ပွဲကြီးကတော့ နောက်နှစ်ထဲကို ခေါ်ဆောင်သွားတော့မှာပါ။ အစ္စရေးက ဟားမက်စ်စစ်ဆင်ရေးတွေ ပိုတိုးလုပ်လာတာကြောင့် အရပ်သား ထိခိုက်သေကြေမှုတွေ ထပ်တိုးလာနေတဲ့အကြောင်း “ဂါဇာပျောက်ရင်တောင် ဟားမက်စ်ပျောက်ပါ့မလား” ဆိုတဲ့ခေါင်းစဉ်နဲ့ ဖော်ပြထားသလို “ပစ္စတို ဘုရင်ကြီး ဂက်စ်တွန် ဂလော့ ကွယ်လွန်တဲ့သတင်းတွေကို ရွေးချယ် ဖော်ပြထားပါတယ်။

****************************************

 

“ပစ္စတို ဘုရင်ကြီး ကွယ်လွန်”

 

Glock ပစ္စတိုလို့ပြောလိုက်ရင် လက်နက်နဲ့ရင်းနှီးသူမဆိုနဲ့ မရင်းနှီးသူတွေတောင် သိတဲ့အမည်နာမတစ်ခု ဖြစ်ပါတယ်။ အဲဒီ Glock ဆိုတာ လူနာမည် Gaston Glock(ဂက်စတန် ဂလော့ခ်)ကို အစွဲပြုမှည့်ခေါ်ထားတာပါ။ ကမ္ဘာကျော် Glock ပစ္စတိုတွေ တီထွင်ဖန်တီးသူ ဂက်စတန် ဂလော့ခ်ဟာ သူချစ်တဲ့သေနတ်တွေနဲ့ မိသားစုကို ခွဲခွာသွားခဲ့ရပါပြီ။ သူဟာ ဒီဇင်ဘာ ၂၇ ရက် ဗုဒ္ဓဟူးနေ့မှာ အသက် ၉၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

 

အင်ဂျင်နီယာဘွဲ့ရ တစ်ဦးဖြစ်တဲ့ ဂက်စ်တန် ဂလော့ဟာ ကျောင်းပြီးပြီးချင်း လက်ကိုင် Drill ဖောက်စက်တွေ ထုတ်လုပ်သည့် ကုမ္ပဏီမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီးနောက် ၁၉၆၀ ခုနှစ်မှာ ခန်းဆီးကြိုးတန်းများ ဖြန့်ချိသူအဖြစ် လုပ်ဆောင်ခဲ့ပါတယ်။

 

၁၉၇၀ မှာ ဩစတီးယားစစ်တပ်အတွက် စစ်ဘက်သုံးဓားတွေ တင်သွင်းသူအဖြစ် တာဝန်ယူခဲ့သူပါ။ ဒါပေမဲ့ သူဟာ အသက် ၅၂ နှစ်အရွယ်အထိ လက်နက်ပိုင်းဆိုင်ရာ ဒီဇိုင်းရေးဆွဲ တီထွင်မှုတွေကို မလုပ်လိုခဲ့သူလို့ ဆိုပါတယ်။

 

သူဟာ ၁၉၈၀ ခုနှစ်မှာ ဩစတြေးလျစစ်တပ်အတွက် စစ်ဘက်သုံးဓားတွေ တီထွင်ထုတ်လုပ် ဖြန့်ချိပေးခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၁ ခုနှစ်မှာပဲ ပထမဆုံး Glock 17 ကို ထုတ်နိုင်ခဲ့ပါတယ်။

 

အဲဒီနောက် Glock 17 ဟာ ဩစတီးယားစစ်တပ်အတွက် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ခဲ့တဲ့အပြင် အနောက်နိုင်ငံတော်တော်များများကပါ သူတို့စစ်တပ်က အထူးတပ်သား ကွန်မန်ဒိုတွေအတွက် Glock ပစ္စတိုတွေ မှာယူပေးခဲ့ကြပါတယ်။

 

အဲဒီကစလို အောင်မြင်ခဲ့တဲ့ ဂလော့ဟာ မီလျံနာ သူဋ္ဌေးဘဝအထိ ရောက်တဲ့အထိ အောင်မြင် ကျော်ကြားခဲ့ပါတယ်။

 

နောက်ပိုင်း Glock ပစ္စတိုရဲ့ အောင်မြင်ကျော်ကြားမှုဟာ ကမ္ဘာ့အကျော်ကြားဆုံးထဲကတစ်ဦးဖြစ်သူ Snoop Dogg တို့လို ကမ္ဘာကျော် အမေရိကန် Rapper တွေရဲ့ သီချင်းတွေထဲထိ ဝင်ရောက်နေရာယူနိုင်ခဲ့တာပါ။

 

အဲဒီနောက် ဂက်စ်တန်ဟာ Glock 18၊ Glock 19 ဆိုပြီး နောက်ဆက်တွဲ Glock စီးရီးတွေကို ဆက်လက်ထုတ်လုပ်ခဲ့ရာမှာလည်း အောင်မြင်မှုအပေါင်း သရဖူဆောင်းကာ ၂၀ ရာစုရဲ့ Hand Gun လောကကို မင်းမူခဲ့ပြီး ဘီလျံနာ လူချမ်းသာဘဝကိုပါ ရရှိခဲ့ပါတယ်။

 

ယနေ့အချိန်ထိ ကမ္ဘာ့အင်အားကြီး စစ်တပ် အရာရှိကြီးများ၊ အထူးတပ်သားများ၊ ရဲအရာရှိများနဲ့ လုံခြုံရေးများ၊ သက်တော်စောင့်များနဲ့ လက်နက်ကိုင်ဆောင်ခွင့် တရားဝင်ရရှိထားတဲ့ နိုင်ငံတွေမှာ Glock ပစ္စတိုဟာ အသုံးအတွင်ကျယ်ဆုံးဖြစ်နေဆဲဖြစ်ပါတယ်။

 

ဂက်စတန် ဂလော့ခ်ဟာ ၁၉၂၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ဩစတီးယားနိုင်ငံ ဗီယင်နာ Vienna မြို့မှာ မွေးဖွားခဲ့ပြီး သူသေဆုံးချိန်မှာ အသက်(၉၄)နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။

 

သူသေဆုံးမှုနဲ့ပတ်သက်ပြီး Glock ကုမ္ပဏီရဲ့ထုတ်ပြန်ချက်ထဲ “Glock ပစ္စတိုတွေရဲ့ ရှေ့ဆောင်လမ်းပြသူရဲ့ ကြိုးစားခဲ့မှုတွေနဲ့ စိတ်ဝိညာဉ်ဟာ ဆက်လက်တည်ရှိသွားမှာပါ” လို့ ဂက်စတန် ဂလော့ခ်ကို ဂုဏ်ပြုခဲ့ပါတယ်။

****************************************

 

“ဂါဇာ ကုန်မှ ဟားမက်စ် ပျောက်မလား”

 

အစ္စရေး-ဟားမက်စ် တိုက်ခိုက်မှုတွေက အခုမှ စတာမဟုတ်ပါဘူး။ သမိုင်းအစဉ်အဆက်နဲ့ချီပြီး ပဋိပက္ခတွေက ဒီအုပ်စုနှစ်ခု၊ လူမျိုးစုနှစ်ခုကြား သန္ဓေတည်နေခဲ့တာပါ။ ဒါပေမဲ့ အောက်တိုဘာ ၇ ရက် ဟားမက်စ်ရဲ့ အစ္စရေးအပေါ် ရန်စတိုက်ခိုက်မှုကြောင့် စစ်ပွဲကြီး တစ်ခုသဖွယ် ဖြစ်လာခဲ့ရပါပြီ။

 

အစ္စရေးရဲ့ လက်တုံ့ပြန်မှုဟာ ဟားမက်စ်စစ်သွေးကြွအုပ်စုအပေါ်လို့ပြောပေမယ့် ကြားထဲက မြေစာပင်တွေကတော့ ပါလက်စတိုင်း အရပ်သားပြည်သူတွေပဲ ဖြစ်ပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာရှိတဲ့ မြို့တွေနဲ့ ဒုက္ခသည်စခန်းတွေကို အစ္စရေးက ကြာသပတေးနေ့ညမှာ လေကြောင်းရော ကုန်းကြောင်းပါ ၂ ခုစလုံးကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။ ဟားမက်စ်အဖွဲ့ကို ထိုးစစ်ဆင်နေတဲ့ အစ္စရေးတပ်ဖွဲ့တွေဟာ အခုဆိုရင် ဂါဇာက နေရေစုံကို တိုက်ခိုက်နေတာကြောင့် ထောင်ပေါင်းများစွာသော ပါလက်စတိုင်း ပြည်သူတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

 

မက်ဂါဇီဒုက္ခသည်စခန်းကို ထိမှန်ခဲ့တဲ့ တနင်္ဂနွေနေ့က လေကြောင်းတိုက်ခိုက်မှုမှာ စစ်ပွဲမှာ ပါဝင်ပတ်သက်မှုမရှိတဲ့ အရပ်သားတွေ ထိခိုက်နစ်နာခဲ့ရတာကို ဝမ်းနည်းကြောင်း အစ္စရေးစစ်တပ်က ကြာသပတေးနေ့မှာ ပြောပါတယ်။ အစ္စရေးတို့ ဟားမက်စ်စစ်သွေးကြွတွေကို ဆင်နွှဲတဲ့စစ်ဆင်ရေးတွေမှာ အရပ်သားတွေပဲ ထိခိုက်သေကြေနေရတဲ့သဘောပါ။

 

ဒါပေမဲ့ အစ္စရေးဘက်ကတော့ “အရပ်သားတွေ မရည်ရွယ်ဘဲ ထိခိုက်ခဲ့တာ”လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဒါပေမဲ့ အစ္စရေးရဲ့ အဲဒီတိုက်ခိုက်မှုတွေထဲ အနည်းဆုံး လူ ၇၀ သေဆုံးခဲ့ရတယ်လို့ ဟားမက်စ် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ဒါ့အပြင် ဂါဇာတောင်ပိုင်း Khan Younis ဘက်မှာလည်း နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ဂါဇာကမ်းမြောင်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး မကြာခဏ ဆက်သွယ်ရေးပြတ်တောက်ကာ လမ်းတွေပိတ်ဆို့၊ လောင်စာဆီတွေလည်း ပြတ်တောက်နေလို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်လာနေကြောင်းကိုလည်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ကြာသပတေးနေ့မှာပဲ သတိပေးထားပါတယ်။

 

အစ္စရေးဘက်ကတော့ ဂါဇာမှာ ဟားမက်စ်အဖွဲ့ အမြစ်ပြတ်တဲ့အထိ စစ်ပွဲဆင်နွှဲသွားမယ်လို့ ကြေညာထားပါတယ်။ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း West Bank ဒေသမှာလည်း အစ္စရေးစစ်တပ်က ကြာသပတေးနေ့မှာပဲ စီးနင်းခဲ့ရာမှာ ဟားမက်စ်ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူ ၂၁ ဦးကို ဖမ်းဆီးခဲ့သလို အစ္စရေးငွေကြေး ၁၀ သန်းနဲ့ချီကို သိမ်းဆည်းခဲ့ပြန်ပါတယ်။

 

လက်ရှိအချိန်ထိ အစ္စရေး- ဟားမက်စ် စစ်ပွဲကြောင့် အခုချိန်ထိ လူပေါင်း နှစ်သောင်းကျော် သေဆုံးခဲ့ရပြီး ဂါဇာမှာရှိတဲ့ လူဦးရေ ၂ ဒသမ ၃ သန်းရဲ့ ၈၅ ရာခိုင်နှုန်းဟာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ အခုလို အစ္စရေးရဲထိုးစစ်တွေကြောင့် ကျန်နေသူတွေဟာလည်း ဆက်လက်ထွက်ခွာရဖွယ်ရှိနေပြီး သေဆုံးမှုတွေလည်း မြင့်တက်လာနိုင်ပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင် မြောက်ဘက်အခြမ်းမှာရှိတဲ့ အဆောက်အဦး အားလုံးနီးပါး ပျက်ဆီး ပြိုကျကုန်ပြီး ပြင်ပနဲ့လည်း အဆက်အသွယ်တွေ ပြတ်တောက်နေပါတယ်။ မကြာခင်မှာ ဂါဇာတောင်ပိုင်းဟာလည်း အလားတူ ဆိုးရွားတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။

 

ဟားမက်စ်အဖွဲ့ကို အပြီးတိုင် ပျက်ဆီးသွားအောင် လုပ်ပစ်မယ်လို့ အစ္စရေးက ပြောဆိုထားပေမယ့် ဟားမက်စ်ကတော့ ဂါဇာ တောင်ပိုင်းမှာတောင် အခုချိန်ထိ အစ္စရေးတပ်ဖွဲ့တွေကို ခုခံတိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

 

ဂါဇာမှာရှိတဲ့ အရပ်သားတွေ စားနပ်ရိက္ခာ ပြတ်တောက်ပြီး အငတ်ဘေးနဲ့ ရင်ဆိုင်နေရတာကြောင့် နိုင်ငံတကာက အကူအညီတွေ ပေးနိုင်ရေးအတွက် အပစ်ရပ်ဖို့ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကို အစ္စရေးက ပယ်ချလိုက်ပြီး အဲဒီလို အပစ်ရပ်လိုက်တာဟာ ဟားမက်စ်အဖွဲ့ကို အနိုင်ပေးလိုက်တာနဲ့တူတယ်လို့ တုံ့ပြန် ပြောဆိုထားပါတယ်။

 

အစ္စရေးအတွက် အရေးပါတဲ့ အကူအညီတွေပေးနေတဲ့ အမေရိကန်ပြည်ထောင်စုကလည်း အရပ်သားတွေ ထိခိုက်သေဆုံးမှုနည်းအောင် သတိထား လုပ်ဆောင်ဖို့နဲ့ အကူအညီတွေ ဂါဇာကို ပို့ခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။

 

အစ္စရေးရဲ့ ဟားမက်စ်စစ်ဆင်ရေးဟာ ဂါဇာ မြောက်ပိုင်းဒေသကို ဦးတည်တိုက်ခိုက်နေစဉ်မှာပဲ ဂါဇာ တောင်ပိုင်းက အစ္စရေးတပ်တွေကို ဟားမက်စ်တွေက ပြန်ခုခံတိုက်ခိုက်နေပြန်ပါတယ်။ အဲဒါကြောင့် အစ္စရေးဟာ အမှုန့်ကြေသလို အလုံးစုံပျက်စီးသွားတဲ့ မြောက်ပိုင်းပြီးတော့ တောင်ပိုင်းကို အမှုန့်ထပ်ချေဖို့လုပ်နေပြန်ပါပြီ။ ဒါကြောင့် ဂါဇာဒေသကတော့ ပျောက်သွားဖွယ်ရှိနေပေမယ့် အီရန်ကျောထောက်နောက်ခံရှိနေတဲ့ ဟားမက်စ်ကတော့ ပျောက်နိုင်ဖွယ်မမြင်ပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အီရန်မှာ ပြန်ပေါ်လာနိုင်ဖွယ်ရှိပါတယ်။