“ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ” (ဒီဇင်ဘာ ၁၇ မှ ၂၃ အထိ)

Author ကိုထားဝယ်
Categories
Published on Dec 23, 2023

ဒီတစ်ပတ် (ဒီဇင်ဘာ ၁၇ မှ ၂၃ အထိ) အတွင်း ဂါဇာမှာ အစ္စရေး-ဟားမက်စ် စစ်ပွဲဆက်ဖြစ်လို့ အရပ်သားတွေ ထိခိုက်သေဆုံးနေရဆဲ ဖြစ်သလို အစ္စရေးဘက်က ဓားစာခံတွေပြန်လွတ်ဖို့ ကြိုးပမ်းလာမှုတွေလည်း ရှိနေပြန်ပါတယ်။ ဒီတစ်ပတ်ထဲ ထူးထူးခြားခြားအနေနဲ့ တောင်ကိုရီးယားမှာ အခက်ဆုံးနဲ့ အရေးပါဆုံး စာမေးပွဲ ဖြေချိန် စက္ကန့် ၉၀ စော ခေါင်းလောင်းတီးမှုကြောင့် အစိုးရကို ကျောင်းသားတွေက တရားစွဲလိုက်တဲ့သတင်း၊ ချက်နိုင်ငံမှာ သမိုင်းတလျှောက် အဆိုးရွားဆုံး ပစ်ခတ်မှုဖြစ်တဲ့သတင်းတွေအပါအဝင် ထိပ်တန်းရောက် သတင်းတွေကို စုစည်းဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

****************************************

 

အစ္စရေးအကြံ ဟားမက်စ်လက်ခံမလား

 

ပါလက်စတိုင်းနိုင်ငံ ဂါဇာထဲထိ ဟားမက်စ်စစ်ဆင်ရေးတိုက်ပွဲတွေ ဝင်ဆင်နွှဲနေတဲ့ အစ္စရေးဟာ အခုတစ်ပတ်ထဲ သူတို့ရဲ့ဓားစာခံတွေ ထပ်မံလွတ်မြောက်ဖို့ ကြံစည်နေပြန်ပါတယ်။ ဒါကို ဟားမက်စ်ဘက်ကတော့ အပစ်ရပ် သေချာမှ လက်ခံမယ်လို့ တုံ့ပြန်ပါတယ်။

 

ပထမတစ်ကြိမ် အောက်တိုဘာ ၇ ရက်က ဟားမက်စ်တို့ဖမ်းထားတဲ့ အစ္စရေး ဓားစာခံနဲ့ အစ္စရေးထဲက ပါလက်စတိုင်း အကျဉ်းသားတွေ လဲလှယ်ခဲ့စဉ် အစ္စရေးဘက်က နိုဝင်ဘာ (၂၄)ရက်မှ (၃၀)ရက်နေ့အထိ တစ်ပတ်ကြာ အပစ်ရပ်ပေးခဲ့ပါတယ်။

 

အဲဒီနောက် အစ္စရေးဘက်က ချက်ချင်းဆိုသလို ဂါဇာဒေသအတွင်း စစ်ရေးဖော်ဆောင်မှုတွေ ပြန်လည်စတင်ပြီး အခု သီတင်းပတ်(၃)ပတ်အကြာမှာ အခုလို ဒုတိယအကြိမ် ဓားစာခံလဲလှယ်ဖို့ အစ္စရေးဘက်က ဖွင့်ဟလာတာပါ။

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ဂါဇာဒေသတွင်း အပစ်ရပ်စဲပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများပို့ဆောင်ရန် အစည်းအဝေးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ တနင်္လာနေ့က ခေါ်ယူခဲ့ပေမယ့် အမေရိကန်ဘက်က ဗီတိုအာဏာသုံး ငြင်းဆန်ထားမှုကြောင့် ကြန့်ကြာနေရပါတယ်။

 

ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းမှာ ထပ်မံမဲခွဲမှုများပြုလုပ်ပြီး ဂါဇာဒေသထဲ အပစ်ရပ်စဲပြီး အကူအညီများ ပို့ဆောင်ရေး ဆောင်ရွက်မှာဖြစ်ပေမယ့် အင်္ဂါနေ့မှာ အမေရိကန်ရဲ့ အကြောင်းပြန်ချက်ထဲမှာတော့ အမေရိကန်ဘက်က စဉ်းစားသုံးသပ်ဆဲဖြစ်တယ်လို့ သိရပါတယ်။

 

အဲဒီလို အပစ်ရပ်ရေးကြန့်ကြာနေတာကြောင့် ဟားမက်စ်ဘက်လည်း သေချာမှုကို စောင့်ဆိုင်းနေပါတယ်။

 

အခု ဒုတိယအကြိမ် ဓားစာခံနဲ့ အကျဉ်းသားလဲလှယ်ရေးမှာလည်း အစ္စရေးဘက်က အရင်ပြုလုပ်ခဲ့တဲ့ လဲလှယ်မှုအတိုင်း အစ္စရေးဓားစာခံ ၄၀ ကိုပြန်လွှတ်ပေးရင် တစ်ပတ် အပစ်အခတ်ရပ်စဲမှာဖြစ်တဲ့အပြင် ထပ်လောင်း သဘောတူညီမှုတွေရှိလာနိုင်တယ်လို့ သဘောထားထုတ်ဖော်ခဲ့ပေမယ့် ဟားမက်စ်စစ်အုပ်စုဘက်က အပစ်ရပ်စဲဖို့ သေချာမှသာ လက်ခံစဉ်းစားပေးမယ်လို့ တုံ့ပြန်ပါတယ်။

 

အစ္စရေး-ဟားမက်စ် စစ်ပွဲကြောင့် ဂါဇာဒေသထဲက အရပ်သားပြည်သူ ၂ သန်းခန့် ငတ်မွတ်ခေါင်းပါးနေရကြောင်း WFP က ဆိုသလို “ဂါဇာဒေသထဲကို ဖြတ်သန်းရောက်ရှိသွားတဲ့ အကူအညီတွေဟာ တကယ်လိုအပ်နေမှုရဲ့ပမာဏ အနည်းလောက်သာရှိပါတယ်။ ပြည်သူတချို့ဆိုရင် အစ္စရေးရဲ့ ဗုံးကြဲမှုကြောင့် ဘာမှကို မစားလိုက်ရတဲ့နေ့တွေ မနည်းတော့ပါဘူး” လို့ ကုလသမဂ္ဂ၏ World Food Programme (WFP)ရဲ့ ထုတ်ပြန်ပါတယ်။

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှဦးဆောင်ကျင်းပနေတဲ့ဆွေးနွေးပွဲအတွင်း အပစ်ရပ်စဲရေးနဲ့ ဓားစာခံလဲလှယ်ရေး သဘောတူညီမှုရရှိခဲ့မယ်ဆိုရင် တစ်ပတ်လောက် နှစ်ဖက်ပစ်ခတ်ရပ်စဲမှုအတွင်း ဂါဇာဒေသတွင်းသို့ အမြောက်အမြား ကူညီထောက်ပံ့မှုများ ထပ်မံဝင်ရောက်နိုင်မှာဖြစ်ပြီး ဂါဇာပြည်သူတွေရဲ့ ဆာလောင်မှုကို ဖြေဖျောက်ပေးနိုင်မှာ ဖြစ်တဲ့အကြောင်း WFP က ဆိုပါတယ်။

 

အောက်တိုဘာ (၇)ရက်နေ့မှစတင်တဲ့ အစ္စရေး -ဟားမက်စ် စစ်ပွဲအတွင်း ဟားမက်စ်စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးပြည်သူ ၁၄၀ဝ ခန့် သေဆုံးခဲ့ရပြီး ဓားစာခံ ၂၄၀ ခန့် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပါတယ်။ အစ္စရေးရဲ့ ပြန်လည်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ နှစ်သောင်းနီးပါးသေဆုံးခဲ့ရာမှာ (၈,ဝ၀ဝ)ကျော်ဟာ ကလေးသူငယ်တွေဖြစ်ပါတယ်။

****************************************

 

စက္ကန့်တိုင်း အရေးပါတဲ့စာမေးပွဲ ကျောင်းသားတွေ အစိုးရကို တရားစွဲ

 

တောင်ကိုရီးယားနိုင်ငံမှာ ကျော်ကြားပြီး အောင်မြင်ဖို့ရန် ခက်ခဲလွန်းလှလို့ ကျောင်းသားတိုင်း အောင်မြင်လိုကြတဲ့ စာမေးပွဲတစ်ခုရှိပါတယ်။ အဲဒီစာမေးပွဲနာမည်က Suneung(ဆူနန်း) စာမေးပွဲလို့ ခေါ်ပါတယ်။ အဲဒီစာမေးပွဲကို အခုနှစ်ထဲ တောင်ကိုရီးယားက ကျောင်းသား ငါးသိန်းကျော် ဝင်ရောက် ဖြေဆိုနေတာပါ။

 

အဲဒီလို ခက်ခဲလှတဲ့စာမေးပွဲမှာ အချိန်တိုင်း၊ စက္ကန့်တိုင်းဟာ ကျောင်းသားတိုင်းအတွက် အရေးပါလှပါတယ်။ ဒါကြောင့် အခုနှစ် အဲဒီစာမေးပွဲကျင်းပနေချိန် ကျောင်းသား ငါးသိန်းလောက် ဝင်ရောက်ဖြေဆိုနေချိန်မှာပဲ စာမေးပွဲခေါင်းလောင်းဟာ တစ်မိနစ်ခွဲ(စက္ကန့် ၉၀) စောပြီးတီးခဲ့တဲ့အတွက် ကျောင်းသားတိုင်းအတွက် နစ်နာခဲ့ရပါတယ်။

 

ဒါကြောင့် တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုလ်းမြို့က ကျောင်းသားတွေဟာ ဒီဇင်ဘာလ (၁၉)ရက် အင်္ဂါနေ့က အစိုးရကို တရားစွဲဆိုလိုက်ကြပါတယ်။

 

စာမေးပွဲဖြေဆိုခဲ့တဲ့ ကျောင်းသား ငါးသိန်းကျော်ထဲက (၃၉)ယောက်က ပထမဆုံးဘာသာရပ် ဖြေဆိုနေစဉ်မှာ ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တရားစွဲခဲ့ကြတာပါ။ ဒီလို ခေါင်းလောင်းစောတီးမှုကြောင့် ဖြေဆိုထားတဲ့ အဖြေတွေကို ပြန်စစ်ချိန်မရခဲ့ဘဲ စာရွက်တွေကို သိမ်းဆည်းခံခဲ့ရတယ်လို့ အဲဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေက ပြောပါတယ်။

 

“ကျောင်းသားတွေက သူတို့ရဲ့ကျန်ရှိတဲ့အချိန်အတွင်း အာရုံစိုက်ခွင့်မရရှိခဲ့တာကြောင့် ဒေါသ ထွက်နေကြပါတယ်။ တချို့က အလျှော့ပေး အိမ်ပြန်ခဲ့ကြတယ်” လို့ အဲဒီရှေ့နေက ဒေသတွင်း မီဒီယာတစ်ခုဖြစ်တဲ့ Yonhap မီဒီယာကို ပြောခဲ့ပါတယ်။

 

ကျောင်းသားတွေဟာ သူတို့ရဲ့ နစ်နာမှုအတွက် စာမေးပွဲဖြေဆိုဖို့အတွက် ပြန်လည်တက်ရောက်ရမယ့် တစ်နှစ်စာ ပညာရေးကုန်ကျစရိတ်အဖြစ် တစ်ဦး ကိုရီးယားဝမ် သန်း ၂၀(အမေရိကန် ဒေါ်လာအားဖြင့် ၁၅,၄၀ဝ၊ စတာလင်ပေါင်အားဖြင့် ၁၂,ဝ၀ဝ)ကို တောင်းဆိုထားကြပါတယ်။

 

အဲဒီကိစ္စရပ် ဖြစ်ဖြစ်ပြီးချင်း ကျောင်းသားတချို့က ဆန္ဒပြခဲ့ကြပေမယ့် စာမေးပွဲခန်းကြီးကြပ်သူများက သူတို့ရဲ့အဖြေလွှာတွေကို သိမ်းဆည်းခဲ့ကြပါတယ်။ အဲဒီနောက် ဆရာမများက ပြဿနာကိုသိရှိခဲ့ပြီးနောက်  နောက်ထပ်ဘာသာရပ် မဖြေဆိုခင် နေ့လယ်စာနားချိန်မှာ တစ်မိနစ်ခွဲကို အစားထိုးပေးရန် စီစဉ်ပေးခဲ့ပေမယ့် ဖြေဆိုထားတာတွေကို ပြန်လည်ပြင်ဆင်ခွင့်မပေးခဲ့ဘဲ ချန်ထားခဲ့တဲ့ နေရာလွတ်တွေကိုသာ ဖြည့်သွင်းဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီဖြစ်စဉ်ကို ပညာရေးအာဏာပိုင်တွေက တောင်းပန်ခဲ့ခြင်းမရှိဘူးလို့ ကျောင်းသားတွေရဲ့ ရှေ့နေတွေက ပြောသလို အာဏာပိုင်တွေရဲ့ပြောကြားမှုအရ စာမေးပွဲစစ်ဆေးရာစင်တာရဲ့ တာဝန်ရှိသူက အချိန်မှား ကြည့်မိခြင်းဖြစ်တယ်လို့ KBS သတင်းဌာနက ဖော်ပြပါတယ်။

 

အခုလို ကျောင်းသားတွေက အစိုးရကို တရားစွဲဆိုမှုဟာ တောင်ကိုရီးမှာ ဒါဟာ ပထဆုံးအကြိမ် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၁ ဆူနန်း စာမေးပွဲဖြေဆိုချိန်အတွင်း ၂ မိနစ်စော ခေါင်းလောင်းတီးခဲ့မှုကြောင့် တရားစွဲဆိုခဲ့တဲ့ ကျောင်းသားတွေကို ဝမ် ၇ သန်း နစ်နာကြေးပေးခဲ့ရတဲ့ ဖြစ်ရပ်မျိုးရှိခဲ့ဖူးသလို ၂၀၁၂ ခုနှစ်တုန်းကလည်း တရုတ်နိုင်ငံမှာ အမျိုးသားကောလိပ် ဝင်ခွင့်စာမေးပွဲဖြေဆိုချိန်အတွင်း ၄ မိနစ်နဲ့ ၄၈ စက္ကန့်စော ခေါင်းလောင်းတီးခဲ့မှုကြောင့် ပညာရေးနယ်ပယ်က အမျိုးသားတစ်ဦး တစ်နှစ်တိတိ တာဝန်ကနေ ရပ်ဆိုင်းခံခဲ့ရဖူးပါတယ်။

****************************************

 

သမိုင်းတစ်လျှောက် အဆိုးရွားဆုံးပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ချက်နိုင်ငံ

 

အေးအေးချမ်းချမ်းရှိနေတဲ့ ဥရောပရဲ့ ချက်သမ္မတနိုင်ငံမှာ ဒီဇင်ဘာ ၂၁ ရက် ကြာသာပတေးနေ့ နေ့လယ်ပိုင်းမှာ ဆိုးရွားတဲ့ သမိုင်းမှတ်တမ်းတင် ပစ်ခတ်မှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုထဲ လူတွေ ဂယောက်ဂယက်နဲ့ ထွက်ပြေးခဲ့ကြရပြီး လဲကျသူလဲကျ၊ ပုန်းသူပုန်းနဲ့ အတော်လည်း ဒုက္ခဖြစ်ခဲ့ရပါတယ်။

 

ချက် နိုင်ငံသမိုင်းတစ်လျောက် အဆိုးဝါးဆုံး ပစ်ခတ်မှုအတွင်း လူ(၁၄)ဦး သေဆုံးပြီး (၂၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

 

ချက်နိုင်ငံ စံတော်ချိန် မွန်းလွဲ(၃)နာရီမှာ မြို့တော် Prague(ပရပ်ဂ်)က ချာလ်းအနုပညာတက္ကသိုလ်ထဲ အသက် (၂၄)နှစ်အရွယ်ရှိ ကျောင်းသား တစ်ဦးက သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်တာဖြစ်ပါတယ်။

 

ကျောင်းသားသေနတ်သမားဟာ ကျောင်းထဲ ဝင်လာပြီး လျှောက်လမ်းတစ်လျောက်နဲ့ စာသင်ခန်းတွေထဲကို ပစ်ခတ်ခဲ့သလို မျက်စိရှေ့မြင်သမျှ ပစ်ခတ်ခဲ့တာပါ။ သူဟာ ပစ်မှတ် တိတိကျကျမထားရှိခဲ့ပါဘူး။

 

ကျောင်းသားတချို့နဲ့ ဆရာတွေက အခန်းထဲ မဝင်ရောက်နိုင်အောင် အခန်းတံခါးဝတွေမှာ စာသင်ခုံတွေ၊ ထိုင်ခုံတွေနဲ့ ပိတ်ဆို့ခဲ့ကြရပါတယ်။

 

အခင်းဖြစ်ပွားချိန်မှာ သေနတ်သံကြောင့် ကျောင်းသားတချို့ ထွက်ပြေးခဲ့ကြပြီး စာသင်ခန်းတွေထဲမှာရှိနေတဲ့ ကျောင်းတွေကတော့ ထွက်ပြေးဖို့မလွယ်တာကြောင့် ပြတင်းပေါက်တွေနဲ့ အပြင်မှာထွက်နေတဲ့ နံရံအစွန်းတွေမှာ အသက်မသေရေး ခက်ခက်ခဲခဲ တွယ်ကပ်နေကြရတာကို CCTV မှတ်တမ်းတွေအရ တွေ့ရပါတယ်။

 

ပထမဆုံး သေနတ်သံနှစ်ချက်ကြားလိုက်ရတယ်။ အစကတော့ အနီးမှာလည်း ရိုက်ကွင်းတစ်ခုရှိလို့ အဲဒီကလာတယ်ပဲ ထင်တာပေါ့။ ပြီးတော့မှ ကျောင်းသားတွေနဲ့ ဆရာတွေပြေးထွက်လာတော့ သူတို့နဲ့ ရောပြီးပြေးလိုက်ရတယ်။ ဒါပေမဲ့ ဘာဖြစ်မှန်းမသိသေးဘူး။ ပြီးမှ အထဲမှာ ပစ်ခတ်မှုဖြစ်နေမှန်းသိတာ။ ရဲတွေကလည်း ပြေးလို့အော်နေတာ လို့ မျက်မြင် ကျောင်းဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

 

ပစ်ခတ်မှုဖြစ်ပွားပြီး မကြာမီ ရဲများရောက်ရှိလာခဲ့ပြီး ကျူးလွန်သူ သေနတ်သမားကို ပစ်ခတ်ရှင်းလင်းခဲ့ကြပါတယ်။ သေနတ်သမား ပစ်ခတ်မှုကြောင့် (၁၄)ဦးသေဆုံးပြီး (၂၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့လို့ နီးစပ်ရာဆေးရုံတွေကို ပို့ဆောင်ခဲ့ကြပါတယ်။

 

အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ချက် သမ္မတ Petr Pavel(ပီတာ ပါဗယ်)က လွန်စွာ ဝမ်းနည်းဖွယ်ကောင်း၍ မလိုအပ်ဘဲ ဆုံးရှုံးသွားရသည့်အသက်များအတွက် အကူအညီမပေးနိုင်ခဲ့မှုအပေါ် ဒေါသထွက်ရကြောင်း နိုင်ငံပိုင် မီဒီယာတစ်ဆင့် ထွက်ပြောသလို စနေ့နေ့ကို သေဆုံးခဲ့ရသူများအတွက် နိုင်ငံလုံးဆိုင်ရာ ပူဆွေးမှုနေ့အဖြစ် ကြေညာခဲ့ပါတယ်။

 

ချက်နိုင်ငံသမိုင်းမှာ အရင်က အခုလိုပစ်ခတ်မှုမျိုး ၂၀၁၉ ခုနှစ် နိုင်ငံအရှေ့ပိုင်းရှိ ဆေးရုံတစ်ခုမှာ အမျိုးသားတစ်ဦးက လူ(၆)ဦးကို ပစ်သတ်ခဲ့သလို ကိုယ်တိုင် အဆုံးစီရင်ခဲ့တဲ့ဖြစ်စဉ်၊ ၂၀၁၅ ခုနှစ်မှာ ယူဟာစကိုင်းမြို့မှာ အမျိုးသားတစ်ဦးက စားသောက်ဆိုင်တစ်ခုထဲက လူ(၈)ဦးကို ပစ်ခတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်အဆုံးစီရင်ခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။

****************************************

 

တရုတ်နဲ့ ကုန်းတွင်းပိုင်းလမ်းဖောက်ဖို့ စီစဉ်နေတဲ့ ထိုင်း

 

မြန်မာရဲ့ အနီးဆုံး အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်းကတော့ တရုတ်နဲ့ ဆက်သွယ်မှုပြုဖို့ ကြံဆနေကြပါတယ်။

 

ထိုင်းနိုင်ငံ တောင်ဘက်အစွန်း ထိုင်းပင်လယ်ကွေ့ကနေ ကပ္ပလီပင်လယ်ပြင်ကို ဖြတ်ပြီး ရထားလမ်းနဲ့ မိုင် ၅၀ ကျော်ရှည်တဲ့ ကုန်တွင်းပိုင်းတံတား ဖြတ်ဖောက်ရေး ရင်းနှီးမြှုပ်နှံကြဖို့ စီစဉ်နေတာဖြစ်ပါတယ်။

 

ကုန်တင်သင်္ဘောတွေ ပစိဖိတ်သမုဒ္ဒရာနဲ့ အိန္ဒိယသမုဒ္ဒရာကို ဖြတ်ပြီးသွားရတဲ့အချိန်ကို လျှော့ချပြီး စင်ကာပူနဲ့ Malacca (မာလက်ကာ)ရေလက်ကြားကို ရှောင်သွားနိုင်မယ့်လမ်းကို ထိုင်းနိုင်ငံက မဟာဗျုဟာမြောက် စဉ်းစားနေပြီး ဒီလမ်းအတွက် အရေးကြီးတဲ့တံတားဆောက်ဖို့ ပြင်ဆင်နေတာပါ။

 

ဒေါ်လာ ၂၈ ဘီလျံ ကုန်ကျမယ့် ဒီစီမံကိန်းအလားအလာနဲ့ပတ်သက်လို့ တရုတ်နိုင်ငံဘက်ကတော့ အခုအထိ တရားဝင် သဘောထားမှတ်ချက်ပေးတာ မရှိသေးပါဘူး။ တရုတ်နိုင်ငံကတော့ သူ့သင်္ဘောတွေ ထိုင်းနိုင်ငံကို ဖြတ်ပြီး ရေနက်ပိုင်း Suez (စူးအက်)တူးမြောင်းပုံစံ လမ်းကြောင်းနဲ့ သွားဖို့ကို သမိုင်းအစဉ်အဆက် လိုလားနေခဲ့တာပါ။

 

တရုတ်နိုင်ငံဟာ မဟာဗျူဟာမြောက် စဉ်းစားသူဖြစ်ပြီးဖြစ်ပြီး တခြားရင်းနှီးမြုပ်နှံသူတွေကို မတွေ့သမျှ သူ့ဘက်က ရပ်တည်ချက်ကို ပြောင်းမှာ မဟုတ်တဲ့အကြောင်း တံတားတွေနဲ့ ပတ်သက်ပြီး လေ့လာနေတဲ့ Chulalongkorn တက္ကသိုလ် ပါမောက္ခ  Sompong Putivisutisak (ဆွန်ပေါင် ပူတီဗီဆူတီဆတ်) က သုံးသပ်ပါတယ်။ ငွေကြေး အမြတ်အစွန်းအပြင် ပထဝီဝင်နိုင်ငံရေးအရ နှစ်ချက်ကို အဓိကစဉ်းစားမယ်လို့ VOA ကို ပြောပါတယ်။