ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ? (ဒီဇင်ဘာ ၄ မှ ၉ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Dec 09, 2023

ဒီတစ်ပတ်(ဒီဇင်ဘာ ၄ မှ ၉ ရက်အထိ)အတွင်း ဂါဇာမှာ တိုက်ပွဲတွေပြန်လည်ပြင်းထန်လာနေသလို ပါလက်စတိုင်းအရပ်သားတွေ အသေအပျောက်မြင့်တက်နေပါတယ်။ အစ္စရေး-ဟားမက်စ်စစ်ပွဲဟာ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်လို့ ကုလအတွင်းရေးမှူးချုပ် သတိပေးလိုက်တဲ့သတင်း၊ ယူကရိန်းအတွက် အကူအညီတွေပါတဲ့ အသုံးစရိတ်ဥပဒေကြမ်း ကန်အောက်လွှတ်တော် ပယ်ချလိုက်တဲ့သတင်း၊ အာကာသoတင်းတွေဘက်မှာ ကမ္ဘာမြေပေါ်ကနေ အာကာသထဲကို လေဆာရောင်ခြည်နဲ့ ဆက်သွယ်လို့ရနိုင်တဲ့ နည်းပညာသစ်တစ်ခု ဩစတြေးလျသိပ္ပံပညာရှင်တွေ ဖန်တီးလိုက်တဲ့သတင်း၊ ၂၀၂၃ ခုနှစ်အတွက် အထူးခြားဆုံး ပုဂ္ဂိုလ် 2023 Person of the Year Time မဂ္ဂဇင်းက တေလာဆွိစ်ကို ရွေးချယ်လိုက်တဲ့ သတင်းတွေအပြင် တခြား ထိပ်တန်းရောက်သတင်းတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

****************************************

 

အပြင်းအထန်ပြန်ဖြစ်နေတဲ့ အစ္စရေး-ဟားမက်စ်စစ်ပွဲ

 

အစ္စရေး ဓားစာခံတွေနဲ့ ပါလက်စတိုင်းအကျဉ်းသားတွေ လဲလှယ်မှု တစ်ပတ်တာ ကာလအပြီးက စပြီး တိုက်ပွဲပြန်စတဲ့ အစ္စရေး-ဟားမက်စ်တိုက်ပွဲတွေ ဒီတစ်ပတ်ထဲ အပြင်းအထန်ပြန်ဖြစ်လို့ နေပါတယ်။ ဒါကြောင့် ပါလက်စတိုင်း အရပ်သားတွေ ဆက်လက်သေဆုံးနေရသလို ရှင်ကျန်နေသူတို့ အတွက်လည်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေရဖို့ ပိုမိုခက်ခဲလာနေပါတယ်။  အစ္စရေးစစ်တပ်ကတော့ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ပစ်မှတ် ၄၅၀ ခန့်ကို ပြီးခဲ့တဲ့ ရက်တွေက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

 

တနင်္လာနေ့ မွန်းလွဲပိုင်းကစလို့ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ပြင်းထန်တဲ့ မြေပြင်တိုက်ပွဲတွေ၊ ဒုံးကျည်တိုက်ခိုက်မှုတွေနဲ့အတူ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း သိသိသာသာ ပြင်းထန်လာတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။ ဂါဇာတောင်ပိုင်းက ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Khan Younis(ခန် ရိုနစ်) မြို့ကိုလည်း အစ္စရေးစစ်တပ်က ဝိုင်းထားပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသထဲက မြောက်ပိုင်းမှာရှိတဲ့ ဂါဇာမြို့နဲ့ Khan Younis မြို့တွေမှာ အစ္စရေးစစ်တပ်နဲ့ ပါလက်စတိုင်း ဟားမက်စ်စစ်သွေးကြွအဖွဲ့ကြား တိုက်ပွဲတွေပြင်းထန်နေတာနဲ့အတူ ပါလက်စတိုင်းပြည်သူတွေ ဘေးလွတ်ရာ ထပ်ပြီး ပြေးနေကြရပါတယ်။ ဟားမက်စ်စစ်သွေးကြွအဖွဲ့ ခေါင်းဆောင် Yahya Sinwar ပုန်းနေတဲ့နေရာနား အစ္စရေးစစ်တပ်တွေရောက်ဖို့နီးနေပြီလို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကပြောကြားခဲ့ပြီး သူ့ကို မကြာခင်ရှာတွေ့တော့မယ်လို့ ပြောပါတယ်။

 

ဂါဇာတောင်ဖက်စွန်း အီဂျစ်နဲ့နယ်စပ်ဖြစ်တဲ့ Rafah မြို့ကို အခုရက်ပိုင်းအတွင်း စစ်ဘေးရှောင် သောင်းနဲ့ချီရောက်လာကြပြီး အဲဒီမြို့ကို ညပိုင်းမှာ အစ္စရေးက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့သလို Rafah နားကနေ စစ်သွေးကြွတွေက Rocket ဒုံးတွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်ဘက်က ပြောပါတယ်။

 

ဂါဇာကမ်းမြောင်က အကြီးဆုံးမြို့ကြီးတွေမှာရှိတဲ့ ဟားမက်စ်စစ်သွေးကြွတွေကို အစ္စရေးက ကြာသာပတေးနေ့ စစ်ဆင်တိုက်ခိုက်မှုမှာ လူ ၃၅၀ သေဆုံးပြီး ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းအရပ်သားတွေဟာ စစ်ပွဲလွတ်ရာနေရာတွေကို ရှာဖွေနေကြရပါတယ်။ အီဂျစ်နဲ့နယ်ချင်းစပ်နေတဲ့ တောင်ပိုင်း Rafah ကို ဂါဇာဒေသခံအတော်များများ စုံပြုံရောက်ရှိလာကြပါတယ်။ ဟားမက်စ်တို့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ ညလုံးပေါက် အစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၃၇ ဦးထက်မနည်း သေဆုံးတယ်လို့ပဲ သတင်းထုတ်ပြန်ထားပါတယ်။

 

လက်ရှိ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း အရပ်သား ၁၇,၂၀၀ နီးပါးအထိရှိလာခဲ့ပြီဖြစ်ပြီး အစ္စရေးဘက်ကတော့ ၁၄၀၀ ကျော်နဲ့ ဓားစာခံ ၁၅၀ လောက်ကျန်ရှိနေပါသေးတယ်။ နှစ်ဖက် သေဆုံးမှုနှုန်းဟာ ၁၀ ဆကျော်အထိ ကွာဟသွားခဲ့တာဖြစ်ပါတယ်။

****************************************

 

အစ္စရေး၊ ဂျော်ဒန်ခေါင်းဆောင်တွေနဲ့ ကန် သမ္မတ အစ္စရေး-ဟားမက်စ်အရေးဆွေးနွေး

 

အစ္စရေး-ဟားမက်စ်စစ်ပွဲအရေး တွေးပူနေတဲ့ အမေရိကန်ပြည်ထောင်စု သမ္မတ ဂျိုး ဘိုင်ဒင်ဟာ သူ့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ အစ္စရေး၊ ဂျော်ဒန်တို့နဲ့ တယ်လီဖုန်းကနေတစ်ဆင့် ဆက်သွယ် ဆွေးနွေးခဲ့ကြပါတယ်။

 

ဘိုင်ဒင်ဟာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု Benjamin Netanyahu၊ ဂျော်ဒန်ဘုရင် အက်ဘ်ဒူလာ Abdullah တို့နဲ့ ဖုန်းပေါ်မှာ သီးခြားစီ ဆက်သွယ်ဆွေးနွေးခဲ့တာပါ။ ပါလက်စတိုင်း ဟားမက်စ် စစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ ဓါးစာခံတွေ လွတ်မြောက် မလာသေးတာ စိုးရိမ်စရာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ်နဲ့ ကြာသပတေးနေ့ ဆွေးနွေးချိန်မှာ မစ်စတာ ဘိုင်ဒင်က ပြောသလို ဂါဇာဒေသထဲကို လူသားချင်းစာနာတဲ့ အကူအညီတွေ မပြတ် ရေရှည်ပို့ပေးနိုင်ဖို့နဲ့ အရပ်သားတွေကို ကာကွယ်ဖို့ အရေးကြီးတာကိုလည်း သမ္မတက အလေးထားပြောကြားခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

 

ဂါဇာမြောက်ပိုင်းကနေ တောင်ပိုင်းကိုပါ တိုးချဲ့စစ်ဆင်နေတဲ့ အစ္စရေးအနေနဲ့ ပါလက်စတိုင်းအရပ်သားတွေ မထိခိုက်အောင် ကာကွယ်မယ်လို့ ပြောထားပေမယ့် လက်တွေ့အပြောနဲ့ အလုပ် မညီဘူးလို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း ကြာသပတေးနေ့က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

 

အစ္စရေးနဲ့ Hamas အဖွဲ့ကြားဖြစ်နေတဲ့ စစ်ပွဲ ၃ လပြည့်သွားပါပြီ။ လူဦးရေ ၂ သန်းရှိတဲ့ ဂါဇာဒေသမှာ နေသူ ၈၅ ရာခိုင်နှုန်းလောက် အိုးအိမ်ပစ် ဘေးလွတ်ရာ ပြေးနေကြရပြီး တချို့ဆို တစ်ကြိမ်မက စစ်ဘေးလွတ်မယ့်နေရာတွေကို သွားရောက်ပုန်းခိုနေကြရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

****************************************

 

ဂါဇာစစ် ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှုဖြစ်လာနိုင်တယ်လို့ ကုလအတွင်းရေးမှူးချုပ်သတိပေး

 

အစ္စရေး-ဟားမတ်စ် စစ်ပွဲက ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်လာတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က လုံခြုံရေးကောင်စီကို ဒီဇင်ဘာ ၆ ရက် ဗုဒ္ဓဟူးနေ့က တရားဝင် သတိပေး ပြောကြားလိုက်ပါတယ်။

 

လုံခြုံရေးကောင်စီကိုပေးပို့တဲ့ ဂူတာရက်စ်ရဲ့စာထဲမှာ ဂါဇာစစ်ပွဲက နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် လက်ရှိခြိမ်းခြောက်မှုတွေကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ရေးထားပါတယ်။ ကုလသမဂ္ဂ ပဋိညာဉ် ပုဒ်မ ၉၉ အရ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းရာမှာ ခြိမ်းခြောက်နိုင်တဲ့ ကိစ္စမှန်သမျှကို လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်စေဖို့ အတွင်းရေးမှူးချုပ်အနေနဲ့ လုပ်ပိုင်ခွင့်ပြုထားကြောင်းလည်း ဖော်ပြထားပါတယ်။

 

ဒါပေမဲ့ ဒီပြဌာန်းချက်ကို အသုံးမပြုခဲ့တာက ဆယ်စုနှစ်များစွာ ကြာနေပြီဖြစ်ကြောင်းလည်း ဒီပေးစာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီ ဒူဂျာရစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အာရပ်နိုင်ငံတွေက အပစ်အခတ်ရပ်စဲရေးအတွက် လုံခြုံရေးကောင်စီကို တွန်းအားပေးဖို့ ကြိုးပမ်းနေချိန်မှာ ကုလ အကြီးအကဲက အခုလို ပြောလိုက်တာပါ။

 

ဒါ့အပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟာ ဂါဇာဒေသမှာ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းကြီး ဆိုက်ရောက်နေပြီလို့ ထပ်ပြောပါတယ်။ ဒါ့ကြောင့် အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုကြဖို့ကိုလည်း လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို သူက တိုက်တွန်းပါတယ်။

 

အပစ်အခတ်ရပ်စဲရေးတောင်းဆိုထားတဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို အာရပ်သံတမန်တွေက ပြင်ဆင်နေကြောင်း ပါလက်စတိုင်းဆိုင်ရာ ကုလသမဂ္ဂသံအမတ် Riyad Mansour က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဆုံးဖြတ်ချက်တစ်ခုအတွက် အနည်းဆုံး ထောက်ခံမဲ(၉)မဲ လိုအပ်သလို အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေက ဗီတိုအာဏာနဲ့ မကန့်ကွက်ဖို့လည်း လိုပါတယ်။ ဒီနေ့ ဒီဇင်ဘာ(၇)ရက်၊ ကြာသပတေးနေ့ မှာ အာရပ်ဝန်ကြီးတွေဟာ ဝါရှင်တန်ကို လာပြီး ဒီကိစ္စ အမေရိကန်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမယ်လို့လည်း Mansour က ပြောပါတယ်။ ထိပ်တန်းဦးစားပေး အစီအစဉ်ကတော့ ဒီစစ်ပွဲကို ရပ်ဖို့ဖြစ်ပြီး အပစ်အခတ် ရပ်စဲရေး ချက်ချင်းလုပ်ရမယ် လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

 

အပစ်ရပ်လိုက်ရင် ဟားမက်စ် စစ်သွေးကြွတွေဘက်က အလေးသာသွားမယ်လို့ ယုံကြည်ထားလို့ လုံခြုံကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံထဲမှာ ဗီတိုအာဏာရှိတဲ့ အမေရိကန်ကတော့ အပစ်အခတ်ရပ်စဲရေးကို ဆန့်ကျင်ထားတာပါ။ ဒါပေမဲ့ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်ရဲ့ အစ္စရေးကို တိုက်ခိုက်မှုအတွင်း ဟားမတ်စ်ဘက်က ဖမ်းခေါ်သွားခဲ့တဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးနိုင်ဖို့နဲ့ အရပ်သားတွေကို ကာကွယ်နိုင်ရေး လူသားချင်းစာနာထောက်ထားမှု ယာယီအပစ်ရပ်ဖို့ကိုတော့ အမေရိကန်က ထောက်ခံထားပါတယ်။

****************************************

 

ယူကရိန်းနဲ့ အစ္စရေးတို့ရဲ့ အထောက်အပံ့ဥပဒေကြမ်း ကန်လွှတ်တော်ပယ်ချ

 

ယူကရိန်းနဲ့ အစ္စရေးနိုင်ငံတို့အတွက် ငွေကြေးအထောက်အပံ့ အပါအဝင် ဒေါ်လာ ဘီလီယံ ၁၁၀ သုံးစွဲမယ့် အမေရိကန်လုံခြုံရေး အသုံးစရိတ်မူကြမ်းကို အထက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန် Republican အမတ်တွေက ပယ်ချလိုက်ပါတယ်။ ဒီဥပဒေကြမ်း အတည်ပြုနိုင်ဖို့ အထက်လွှတ်တော်မှာ ထောက်ခံမဲ ၆၀ လိုအပ်ပေမယ့် ဗုဒ္ဓဟူးနေ့က မဲခွဲရာမှာ ထောက်ခံမဲ ၄၉ မဲ၊ ကန့်ကွက်မဲ ၅၁ မဲနဲ့ ရှုံးနိမ့်ခဲ့တာပါ။

 

ယူကရိန်းအတွက် အကူအညီပေးဖို့ ထောက်ခံပေမယ့် နိုင်ငံတောင်ပိုင်း လုံခြုံအောင်ဆောင်ရွက်မယ့် မူဝါဒအပြောင်းအလဲတွေ မပါတဲ့အတွက် ကန့်ကွက်ကြဖို့ အထက်လွှတ်တော် Republican ခေါင်းဆောင် Mitch McConnell က Republican အမတ်တွေကို မဲ မခွဲခင်မှာ ပြောကြားခဲ့ပါတယ်။

 

အမေရိကန်ပြည်ထောင်စုတောင်ဘက်ခြမ်း မက္ကဆီကိုနဲ့ နယ်စပ်ကနေ တရားမဝင် နိုင်ငံထဲဝင်လာသူတွေကို တားနိုင်အောင် တင်းကြပ်တဲ့ ထိန်းချုပ်မှုတွေ မလုပ်မချင်း အတည်မပြုနိုင်ဘူးလို့ Republican အမတ်တွေကလည်း ပြောကြားပြီး မူကြမ်းကို ပယ်ချခဲ့ကြပါတယ်။

 

ယူကရိန်းစစ်ပွဲ ထောက်ပံ့ဖို့နဲ့ နယ်စပ်လုံခြုံရေးအတွက် သုံးစွဲဖို့ ဒေါ်လာ ၁၀၆ ဘီလီယံနီးပါး အတည်ပြုပေးဖို့ သမ္မတ ဂျိုးဘိုင်ဒင်က လွှတ်တော်ကို တောင်းဆိုထားတာပါ။ ယူကရိန်းအတွက် နောက်ထပ် လက်နက်အကူအညီတွေ မပေးနိုင်ရင် ရုရှား သမ္မတကို အမေရိကန်က အကောင်းဆုံးလက်ဆောင်ပေးသလို ဖြစ်လိမ့်မယ်လို့ ဘိုင်ဒင်က ဗုဒ္ဓဟူးနေ့က မဲမခွဲခင်အထိ ပြောကြားပြီး အထောက်အပံ့တွေကို အတည်ပြုပေးဖို့ တိုက်တွန်းခဲ့တာပါ။

 

တချိန်ထဲမှာပဲ အမေရိကန်အစိုးရက ယူကရိန်းအတွက် လက်နက်ကြီးကျည်တွေ၊ တင့်ကားဖျက်လက်နက်တွေနဲ့ တခြားစစ်လက်နက်တွေပါဝင်တဲ့ လုံခြုံရေးအကူအညီတွေ ပို့ပေးမယ်လို့ နိုင်ငံခြားရေးဌာနက ကြေညာခဲ့ပါတယ်။ ယူကရိန်းအတွက်သုံးစွဲဖို့ အရင်ထဲက ညွှန်ကြားထားတဲ့ လက်ကျန် အသုံးစရိတ်ထဲက ဒေါ်လာ ၁၇၅ သန်းဖိုး အကူအညီတွေ ပေးတာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ထုတ်ပြန်ပါတယ်။ သမ္မတတောင်းဆိုထားတဲ့ အမျိုးသားလုံခြုံရေးအသုံးစရိတ်ကို လွှတ်တော်မှာ အတည်မပြုနိုင်ရင် ယူကရိန်းအတွက် အခုပေးပို့တဲ့ အကူအညီတွေနောက်ဆုံး ဖြစ်လိမ့်မယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

****************************************

 

အာကာသထဲကို လေဆာရောင်ခြည်နဲ့ ဆက်သွယ်နိုင်ပြီ

 

သိပ္ပံခေတ်ကြီးထဲ မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုတဲ့ စကားအတိုင်း မိုင်ပေါင်းများစွာ ဝေးလံလွန်းတဲ့ ကမ္ဘာမြေပေါ်ကနေ အာကာသထဲကို လေဆာရောင်ခြည်နဲ့ ဆက်သွယ်လို့ရသွားပါပြီ။

 

ဒီနည်းပညာသစ်ကို ဩစတြေးလျ သိပ္ပံပညာရှင်အဖွဲ့က တီထွင်လိုက်တာပါ။ သူတို့ဟာ အမေရိကန် အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီ(NASA) နဲ့ တခြားသူတွေ အာကာကို စူးစမ်းလေ့လာနိုင်ဖို့နဲ့ အင်္ဂါဂြိုဟ်ကို ဘေးကင်းစွာ ရောက်ရှိနိုင်ရေးကို အထောက်အကူဖြစ်စေအောင် မြေပြင်ကနေလှမ်းကြည့်နိုင်မယ့် ဌာနတစ်ခုကို ဩစတြေးလျ အမျိုးသားတက္ကသိုလ်က တည်ဆောက်လိုက်တာဖြစ်ပါတယ်။

 

ဒီနည်းပညာသစ်က လနဲ့ ကမ္ဘာကြား လွှတ်တင်ထားတဲ့ ဆက်သွယ်ရေးဂြိုဟ်တုတွေနဲ့ ဒီဂြိုဟ်တုတွေ ပတ်နေတဲ့ လမ်းကြောင်းထက် ပိုဝေးတဲ့နေရာကို သွားမယ့် NASA ရဲ့ အာကာသယာဉ်မှူးတွေအနေနဲ့လည်း ဆက်သွယ်လို့ ရနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီစီမံကိန်းကိုတော့ ဩစတြေးလျ အာကာသအေဂျင်စီရဲ့ Moon to Mars – လကမ္ဘာမှသည် အင်္ဂါဂြိုဟ်သို့ – လို့ အမည်ပေးထားတဲ့ အစီအစဉ်က ပံ့ပိုးကူညီပေးထားတာပါ။

 

ဒီနည်းပညာသစ်ဟာ လူတွေရဲ့ သာမန်မျက်စိနဲ့မြင်လို့မရနိုင်တဲ့ အားပြင်းတဲ့ လေဆာရောင်ခြည်ကို အခြေခံ တီထွင်ထားတာဖြစ်ပြီး အာကာသ ဆက်သွယ်ရေးနည်းပညာကို ပြောင်းလဲပစ်နိုင်မယ်လို့ ဩစတြေးလျ အမျိုးသားတက္ကသိုလ် အာကာသဌာနက ပူးတွဲ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ကိတ် ဖာဂူဆန် Kate Ferguson က ဗွီအိုအေသတင်းဌာနကို ပြောခဲ့ပါတယ်။ အခု ဩစတြေးလျက တီထွင်လိုက်တဲ့ နည်းပညာသစ်ဟာ NASA က အသုံးပြုနေတဲ့ နည်းပညာတွေနဲ့လည်း အသုံးတည့်မယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

****************************************

 

ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ခံရတဲ့ ထိုင်း ဆုန်ခရန် သင်္ကြန်ပွဲတော်

 

ထိုင်းနိုင်ငံက ရိုးရာရေကစားပွဲတော်ဖြစ်တဲ့ ဆုန်ခရန်လို့ခေါ်တဲ့ သင်္ကြန်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ UNESCO က ဒီဇင်ဘာ ၆ ရက် ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။

 

အာဖရိကနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဘော့ဆွာနာက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပနေတဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ UNESCO ရဲ့ အစိုးရအဖွဲ့များ အစည်းအဝေးမှာ အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ထိုင်းရိုးရာနှစ်သစ်ကူးပွဲတော်ကို ကမ္ဘာရဲ့ ရှေးဟောင်းအမွေအနှစ်အဖြစ် UNESCO က အသိအမှတ်ပြုလိုက်တဲ့အတွက် ထိုင်းအစိုးရနဲ့ ပြည်သူတွေကိုယ်စား ကျေးဇူးတင်ကြောင်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin (ဆတ်ရတ်ထာ ထာဝီဆင်)က ပြောကြားခဲ့ပါတယ်။

 

အခုလို ဆုန်ခရန် အပါအဝင် ထိုင်းနိုင်ငံက ရှေးဟောင်းရိုးရာအမွေအနှစ်တွေကို UNESCO က အသိအမှတ်ပြုထားတဲ့ စာရင်းအရဆိုရင် လေးကြိမ်မြောက်ရှိသွားပါပြီ။ ဒီမတိုင်ခင် ၂၀၁၈ ခုနှစ်က Khon လို့ခေါ်တဲ့ မျက်နှာဖုံးစွပ်အကပြဇာတ်၊ ၂၀၁၉ ခုနှစ်က Nuad Thai(ရိုးရာအနှိပ်)နဲ့ ၂၀၂၁ ခုနှစ်မှာ Nora (တောင်ပိုင်း အကပြဇာတ်)တို့ကို ကမ္ဘာ့အမွေအနှစ်အဖြစ် UNESCO က သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

****************************************

 

အခုနှစ်အတွက် Time မဂ္ဂဇင်းရဲ့ အထူးခြားဆုံးလူသားဆုရသွားတဲ့ တေလာဆွိစ်

 

၂၀၂၃ ခုနှစ်အတွက် အထူးခြားဆုံး ပုဂ္ဂိုလ် 2023 Person of the Year အဖြစ် ကမ္ဘာကျော် အမျိုးသမီး တေးသံရှင် အမေရိကန် ပေါ့ပ် အဆိုတော် တေလာဆွိဖ် Taylor Swift ကို Time တိုင်းမ် မဂ္ဂဇင်းက ရွေးချယ်လိုက်ပါတယ်။ ဗြိတိန်ဘုရင် ချားလ်စ်နဲ့ အထူးအောင်မြင်တဲ့ ဘာဘီရုပ်ရှင်ကား၊ ဟောလီးဝုဒ်မှာ သပိတ်မှောက်ဆန္ဒပြနေသူများ၊ ဒီလို စကာတင်ရွေးချယ်သူတွေထဲကမှ တေလာဆွိဖ်ကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

 

လူသန်း ၈၀ဝ၀ နေတဲ့ ကမ္ဘာကြီးကနေ လူတစ်ဦးတည်းကို ရွေးချယ်ဖို့ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ ပျော်ရွှင်မှုဆိုတာကို ကိုယ်စားပြုတဲ့သူကို ရွေးချယ်လိုက်ပါတယ်။ ကမ္ဘာကို အလင်းရောင် ဆောင်ကျဉ်းပေးနိုင်တဲ့ သူပါ လို့ တိုင်းမ် မဂ္ဂဇင်း စာတည်းမှူးက NBC ရုပ်သံကို ပြောသွားပါတယ်။

 

သူက ရာသီဥတုလိုပါပဲ။ နေရာအနှံ့မှာ ရောက်ရှိနေသူပါ လို့လည်း ပြောသွားပါတယ်။

 

တိုင်းမ်မဂ္ဂဇင်းက အခုလို ကမ္ဘာမှာ တစ်နှစ်တာအတွင်း အကောင်း၊ အဆိုး သတင်းထိပ်တန်းကိုနေရာယူထားတဲ့ အထူးခြားဆုံး ပုဂ္ဂိုလ်၊ အုပ်စု၊ အကြောင်းအရာကို ရွေးချယ်တာက ၁၉၂၇ ခုနှစ်ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ အရင်နှစ်တွေ ရွေးချယ်ခံရသူတွေထဲမှာတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ရုရှားသမ္မတ ပူတင်၊ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေးခေါင်းဆောင် မာတင်လူသာကင်းနဲ့ ဆွီဒင်က ဥတုရာသီဖောက်ပြန်ရေးတားဆီးသူ ဂရာတာ သွန်းဘတ်က်တို့လည်း ပါဝင်ခဲ့ပါတယ်။

 

တေလာဆွိဖ်ရဲ့  ဒီနှစ် ၂၀၂၃ ခုနှစ်အတွင်း Eras Tour ဖျော်ဖြေရေးခရီးစဉ်ဟာ အရင်ကတစ်ခါမှ မရှိဘူးတဲ့ အတိုင်းအတာနဲ့ အောင်မြင်ခဲ့ပြီး သူ ၂၀၁၄ မှာ ထွက်ပြီးသား 1989 တေးအယ်လ်ဘမ်ကို ပြန်အသံသွင်း ထုတ်ဝေတော့လည်း အရောင်းစံချိန် ချိုးခဲ့ပါတယ်။ သူနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာကျော် ဟားဗက်တက္ကသိုလ်က အတန်းတစ်ခုအဖြစ် သင်ကြားမှာ ဖြစ်ပါတယ်။