“ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ”(မတ်လ ၁၀ မှ ၁၆ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Mar 16, 2024

ဒီတစ်ပတ် (မတ်လ ၁၀ မှ ၁၆ ရက်အထိ) အတွင်း ရုရှားရွေးကောက်ပွဲသတင်းတွေ ရှေ့ရောက်ခဲ့သလို အမေရိကန်ရဲ့ ပါတီတွင်းသမ္မတလောင်းရွေးကောက်ပွဲမှာ ဘိုင်ဒင်နဲ့ ထရမ့် ဆက်နိုင်တဲ့သတင်း၊ မြောက်ကိုရီးယားရန်ကို အံတုဖို့ကြိုးစားနေတဲ့ ကန်-တောင်ကိုရီးယား လေကြောင်းစစ်ရေး လေ့ကျင့်မှုပြီးဆုံး၊ အိန္ဒိယက လယ်သမားတွေ ကန့်သတ်ချက်တွေနဲ့အတူ အစိုးရကို ဆန္ဒပြ၊ အရေးပေါ်အကူအညီတွေ တင်ဆောင်လာတဲ့ ထရပ်ကားတွေ ဂါဇာဒေသထဲရောက်လာတဲ့ သတင်းတွေနဲ့အတူ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို စုစည်းဖော်ပြပေးသွားပါမှာ ဖြစ်ပါတယ်။

****************************************

 

“မပြိုင်ခင် နိုင်နှင့်ပြီးသား ရုရှားသမ္မတရွေးကောက်ပွဲ စတင်”

 

လက်ရှိသမ္မတ ပူတင်စိတ်ကြိုက်ရေးထားတဲ့ ဥပဒေတွေနဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲတွေ ရုရှားမှာ မတ်လ ၁၅ ရက် သောကြာနေ့က စတင်ကျင်းပနေပါပြီ။ ရုရှားရွေးကောက်ပွဲဟာ သုံးရက်ကြာမြင့်မှာဖြစ်ပြီး မတ် ၁၇ တနင်္ဂနွေနေ့မှာ ပြီးဆုံးမှာပါ။

 

ဗလာဒီမာ ပူတင်ရဲ့ နောက်ထပ်သမ္မတသက်တမ်း ၆ နှစ် ထပ်ရဖို့ သေချာနေတဲ့ရွေးကောက်ပွဲအတွက် ရုရှားပြည်သူတွေ မဲပေးနေကြပါတယ်။

 

ရုရှားနိုင်ငံရေးမှာ ပူတင်ရဲ့ ထိန်းချုပ်မှုကို မေးခွန်းထုတ်မယ့် သီးခြားလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ လူသိများတဲ့ အတိုက်အခံတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေကို ရက်စက်စွာနှိမ်နှင်းပြီးရွေးကောက်ပွဲ ကျင်းပနေတာဖြစ်ပါတယ်။

 

ပူတင်ရဲ့အဓိကအတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ နာဗယ်ညီဟာလည်း ပြီးခဲ့တဲ့လပိုင်းအတွင်းမှာပဲ ထောင်တွင်းမှာ သံသယဖြစ်ဖွယ်သေဆုံးခဲ့ပါတယ်။

 

Putin ရဲ့ခေါင်းဆောင်မှုကို စိန်ခေါ်သူတွေ အသတ်ခံ၊ ထောင်ချခံရသလို အများအပြားပြည်ပမှာ တိမ်းရှောင်နေချိန်မှာ သူထပ်ပြီး အနိုင်ရမယ်ဆိုရင် ဆိုဗီယက်ခေတ်အာဏာရှင် စတာလင်ထက် သက်တမ်းရှည်တဲ့ ရုရှားခေါင်းဆောင် ဖြစ်လာပါလိမ့်မယ်။

 

ရွေးကောက်ပွဲလေ့လာသူတွေက ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပွင့်လင်းမှု မရှိသလောက်ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

 

ဥရောပကောင်စီ(EU)ဥက္ကဋ္ဌ ချားလ်စ် မိုက်ကယ်ကတော့ “ဗလာဒီမာပူတင် ရွေးကောက်ပွဲ အပြတ်အသတ်အနိုင်ရတဲ့အတွက် ဂုဏ်ယူတယ်” လို့ ရုရှားမှာ ရွေးကောက်ပွဲစတင်ပြီး မကြာခင်မှာပဲ သူ့ရဲ့ X(အရင် Twitter)လူမှုကွန်ရက်ပေါ်မှာ ရွဲ့ပြီး ရေးတင်ခဲ့ပါတယ်။ အတိုက်အခံ မပါ၊ လွတ်လပ်မှု မရှိ၊ ရွေးချယ်စရာ မရှိလို့ ‌EU အကြီးအကဲက ရေးသားခဲ့ပါတယ်။

 

မဲပြားပေါ်မှာ Putin အပါအဝင် တခြားရွေးချယ်စရာ များများစားစားမရှိတဲ့အပြင် သီးခြားလွတ်လပ်တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေလည်း မရှိသလောက်ပါပဲ။

 

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်ညီရဲ့ဇနီး ယူလီယာ နာဗယ်နာယာက ရုရှားရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ အနောက်နိုင်ငံတွေကို တောင်းဆိုထားပါတယ်။

 

ဒေသစံတော်ချိန် အချိန် ၁၁ မျိုးကွဲနေတဲ့ ရုရှားနိုင်ငံမှာ ရွေးကောက်ပွဲကို မတ်လ ၁၇ ရက် တနင်္ဂနွေနေ့အထိ ကျင်းပမှာဖြစ်ပါတယ်။

****************************************

 

“အမေရိကန်ပြည်နယ်သုံးခုမှာ ထပ်နိုင်တဲ့ ဘိုင်ဒန်နဲ့ ထရမ့်”

 

ပါတီတွင်းရွေးကောက်ပွဲတွေမှာ နိုင်ပွဲဆက်နေကြတဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်းတို့ဟာ မတ်လ ၁၃ ရက် အင်္ဂါနေ့က ပြည်နယ်သုံးခုသမ္မတလောင်းရွေးပွဲမှာ ထပ်မံအနိုင်ရခဲ့ပြန်ပါတယ်။

 

ဒီနှစ်ထဲကျင်းပဖို့ရှိနေတဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ပါတီကြီးနှစ်ခုဖြစ်တဲ့ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန်တို့က ပါတီတွင်းသမ္မတလောင်းရွေးချယ်မှုတွေ စတင်လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီမိုကရက်တစ်ဘက်က ဘိုင်ဒန် ပြန်ရွေးကောက်ခံဖို့ အလားအလာကောင်းနေသလို ရီပတ်ဘလစ်ကန်ဘက်မှာ သမ္မတဟောင်းထရန့် ပြန်ပြိုင်ဖို့ အလေးသာနေပါတယ်။

 

ဂျိုးဘိုင်ဒန်ဟာ အင်္ဂါနေ့ည ပါတီတွင်းရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့ လိုအပ်တဲ့ကိုယ်စားလှယ်မဲအရေအတွက် ရရှိထားသလို သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာလည်း လိုအပ်တဲ့ကိုယ်စားလှယ်မဲတွေ ထပ်မံရရှိလိုက်တာကြောင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကလို တကျော့ပြန် ယှဉ်ပြိုင်ကြရဖို့ ရှိနေပါတယ်။

 

သူတို့နှစ်ယောက်ဟာ ဂျော့ဂျီယာ၊ မစ္စစပီနဲ့ ဝါရှင်တန်ပြည်တွေမှာ အင်္ဂါနေ့ ပါတီတွင်း သမ္မတလောင်းရွေးပွဲတွေမှာ အသီးသီး အနိုင်ရလိုက်ကြတာပါ။

 

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ရာမှာ သမ္မတဘိုင်ဒင်ဟာ မဆိုသလောက် အတိုက်အခံတွေနဲ့သာ ရင်ဆိုင်နေရတာပါ။ သမ္မတဟောင်း ထရမ့်ကတော့ နောက်ဆုံးပြိုင်ဘက်ဖြစ်ခဲ့တဲ့ ကုလသမဂ္ဂသံအမတ်ကြီးဟောင်း နစ်ကီဟေလီ သမ္မတလောင်း ရွေးပွဲက နုတ်ထွက်သွားပြီးနောက် ပြိုင်ဘက်မရှိ တဦးတည်းသာ ကျန်တော့တာပါ။

 

သမ္မတ ဘိုင်ဒင်နဲ့ သမ္မတဟောင်း ထရမ့်တို့ နှစ်ဦးစလုံးကတော့ သက်ဆိုင်ရာ ပါတီတွေရဲ့ သမ္မတလောင်းတွေအဖြစ် တရားဝင် ရွေးချယ်မှုတွေ မပြီးသေးခင် လွန်ခဲ့တဲ့ ၈ လလောက်ကတည်းက ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွေကို စတင်နေကြတာဖြစ်ပါတယ်။

****************************************

 

‘ကန်-တောင်ကိုရီးယား ငါးရက်ကြာလေကြောင်းစစ်ရေးလေ့ကျင့်မှုပြီးဆုံး”

 

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုအကြီးအကျယ်ခံနေရတဲ့ တောင်ကိုရီးယားဟာ မဟာမိတ်ကြီး အမေရိကန်နဲ့အတူ အခုအပတ်ထဲ မတ်လ ၁၁ ရက်ကနေ ၁၅ ရက်အနေ့အထိ ငါးရက်ကြာ လေကြောင်းစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

 

လေ့ကျင့်မှုတွေထဲ တောင်ကိုရီးယား F-35A တိုက်လေယာဉ်တွေ၊ အမေရိကန် U.S A-10 နဲ့ U.S F-16 တိုက်လေယာဉ်တွေအပါအဝင် ဂျက်တိုက်လေယာဉ် အစင်း ၄၀ ပါဝင်ပါတယ်။

 

ရန်သူဘက်က တိုက်ခိုက်လာတဲ့ ပဲ့ထိန်းဒုံးကျည်နဲ့ တခြားတိုက်ခိုက်မှုတွေကို ကြားဖြတ်ဟန့်တား တိုက်ခိုက်နိုင်စွမ်းရည်တိုးမြှင့်ဖို့ ရည်ရွယ်ပြီး အခုလေကြောင်းလေ့ကျင့်မှုကို လုပ်ခဲ့တာပါ။

 

အခုလေ့ကျင့်မှုဟာ တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့တွေ ပူးပေါင်းပြီး နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Freedom Shield(လွတ်လပ်ခြင်းဒိုင်း)ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။

 

မတ်လ ၁၅ ရက် သောကြာနေ့က မြေပြင်စစ်ရေး လေ့ကျင့်မှုတွေမှာလည်း တောင်ကိုရီးယားတပ်ဖွဲ့ဝင် ၃၀ဝ ကျော်နဲ့ တောင်ကိုရီးယား တင့်ကား ၂၀ ကျော် ပါဝင်ပြီး ပစ်မှတ်ပေါင်း ရာချီကို ကျည်အစစ်တွေသုံးပြီး ပစ်ခတ် လေ့ကျင့်ခဲ့ကြပါတယ်။

 

ဒီစစ်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်လို့ မြောက်ကိုရီးယားကတော့ သူ့နိုင်ငံကို ကျူးကျော်တိုက်ခိုက်ဖို့ ရည်ရွယ်လုပ်နေတာလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

****************************************

 

“အိန္ဒိယလယ်သမားတွေ ကန့်သတ်ချက်တွေနဲ့အတူ နယူးဒေလီမှာဆန္ဒပြ”

 

လနဲ့ချီကြာ အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီကို တက်ပြီး ဝန်ကြီးချုပ် နာရန်ဒါ မိုဒီအစိုးရကို ဆန္ဒပြဖို့ကြိုးပမ်းနေတဲ့ ဖိနှိပ်ခံလယ်သမားတွေဟာ ကန့်သတ်ချက်တချို့နဲ့အတူ ဆန္ဒပြခွင့်ရသွားကြပါပြီ။

 

ယခုသီတင်းပတ်ထဲ မတ်လ ၁၄ ရက်နေ့က တုတ်၊ ဓား၊ လက်နက် မကိုင်ဆောင်ရအပါအဝင် လူ ငါးထောင်ဦးထက်မပိုရဆိုတဲ့ကန့်သတ်ချက်တွေနဲ့ ဆန္ဒပြနေကြတာပါ။

 

ထောင်ပေါင်းများစွာသော တောင်သူလယ်သမားတွေဟာ သူတို့ စိုက်ပျိုးရောင်းချတဲ့ သီးနှံဈေးနှုန်းတွေ အမြတ်အစွန်းရစေရေး အာမခံတဲ့ ဥပဒေတစ်ရပ် ပေါ်ပေါက်လာဖို့ အဓိကရည်ရွယ်ပါတယ်။ ဒါ့အပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေအတွက် လျှပ်စစ်မီး အခမဲ့ပေးရေး တောင်းဆိုထားတဲ့ ဆိုင်းဘုတ်တွေကိုလည် ဆန္ဒပြသူတွေက ကိုင်ဆောင်ထုတ်ဖော်ခဲ့ကြပါတယ်။

 

လယ်သမားကြီးတွေဟာ လယ်ထွန်စက်မျိုးစုံနဲ့ ဒေလီမြို့ထဲဝင်ဖို့ ကြိုးစားပေမဲ့ ဒေလီအစိုးရက အမျိုးမျိုးပိတ်ဆို့ဟန့်တားခဲ့ကြတာကြောင့် နောက်ဆုံးမှာ ထွန်စက်တွေကို မသုံးတော့ဘဲ ဘတ်စ်ကားနဲ့ ရထားအပါအဝင် နည်းလမ်းမျိုးစုံနဲ့ မြို့တော် ဒေလီကို စုဝေးရောက်ရှိလာကြတာပါ။

 

အိန္ဒိယနိုင်ငံမှာ လာမယ့်ဧပြီနဲ့ မေလတွေမှာ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိနေတဲ့ အရေးပါတဲ့အချိန်ကို ရွေးပြီး လယ်သမားတွေက အခုလို တောင်းဆိုဆန္ဒပြကြတာပါ။ ဒီရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ဝန်ကြီးချုပ် Narendra Modi ရဲ့ပါတီက အပြတ်အသတ်အနိုင်ရလိမ့်မယ်လို့ အကဲခတ်တွေက ခန့်မှန်းနေကြပါတယ်။

****************************************

 

“ဂါဇာဒေသခံတွေအသက်ဆက်ဖို့ ရိက္ခာထရပ်ကားတွေရောက်”

 

အရေးပေါ်အကူအညီများစွာလိုအပ်နေတဲ့ ဂါဇာဒေသထဲ စားနပ်ရိက္ခာ အထောက်အပံ့တွေ တင်ဆောင်လာတဲ့ ထရပ်ကားတွေ မတ်လ ၁၄ ရက် ဗုဒ္ဓဟူးနေ့က ရောက်ရှိလာပါတယ်။

 

အစ္စရေးနိုင်ငံတောင်ပိုင်း Kerem Shalom နယ်စပ်ဂိတ်မှာ စစ်ဆေးမှုတွေခံယူပြီးနောက် ဂါဇာထဲကို ဖြတ်သန်း ဝင်ရောက်လာနေတဲ့ပုံတွေ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။

 

ဂါဇာမှာရှိနေတဲ့ ပါလက်စတိုင်းအရပ်သားတွေအတွက် စားနပ်ရိက္ခာတွေ အလျင်အမြန်ရောက်မလာရင် အငတ်ဘေးကြီးနဲ့ ရင်ဆိုင်ရနိုင်တာကြောင့် အစ္စရေးအနေနဲ့ စားနပ်ရိက္ခာတွေ ပို့ခွင့်ပြုဖို့ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တောင်းဆိုမှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာချိန်မှာပဲ အခုလို ထရပ်ကားတွေ ဝင်ခွင့်ရခဲ့တာပါ။

 

မတ်လ ၁၃ ရက် ဗုဒ္ဓဟူးနေ့က အမေရိကန်လေတပ်မှ ဂါဇာဒေသအပေါ် စားနပ်ရိက္ခာတွေ အမေရိကန်စစ်တပ်က လေယာဉ်နဲ့ ကြဲချပေးခဲ့ပါတယ်။

 

ဂါဇာမှာ လတ်တလော ရင်ဆိုင်နေရတဲ့ ငတ်မွတ်မှုသက်သာစေရေးအတွက် အမေရိကန်နဲ့ တခြားနိုင်ငံတချို့က လေကြောင်းကနေ စားနပ်ရိက္ခာတွေ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ကြဲချပေးခဲ့ကြပါတယ်။

 

ဒါပေမဲ့ ရိက္ခာတွေကို လေကြောင်းက ကြဲချပေးတာနဲ့ သင်္ဘောနဲ့ သယ်လာပေးတဲ့ အစီအစဉ်တွေဟာ ထရပ်ကားတွေနဲ့ နယ်စပ်ဖြတ်ကျော် သယ်ဆောင်လာတဲ့ အစီအစဉ်လောက် ထိရောက်မှုမရှိဘူးလို့ ကူညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

 

မတ်လ ၁၃ ရက် အင်္ဂါနေ့က ဂါဇာကမ်းမြောင်တောင်ပိုင်းမှာရှိတဲ့ ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာ ဖြန့်ဖြူးရေးစင်တာတစ်ခု အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုခံခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်ခံရမှုအတွင်း ဝန်ထမ်းတစ်ဦးအပြင် အခြားလူ လေးဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဂါဇာကျန်းမာရေး တာဝန်ရှိသူတွေကပြောခဲ့ပါတယ်။