“ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ” (ဖေဖော်ဝါရီ ၄ မှ ၁၀ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Feb 10, 2024

ဒီတစ်ပတ် (ဖေဖော်ဝါရီ ၄ မှ ၁၀ ရက်အထိ) အတွင်း ကမ္ဘာ့သတင်းလွှာထဲ ယူကရိန်းစစ်ဦးစီးချုပ် ပြောင်းလိုက်တဲ့သတင်းက ထိပ်ရောက်ခဲ့သလို အစ္စရေးရဲ့ ဟားမက်စ်ကျူးကျော်မှုကို တုံ့ပြန်မှုနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတရဲ့ “လွန်နေပြီ”လို့ ထုတ်ပြောလာတဲ့ သတင်း၊ သမ္မတဟောင်း ထရန့် အမေရိကန်ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ကြိုးပမ်းရာမှာ ပြည်နယ်သုံးခုဆက် အနိုင်ရတဲ့သတင်းတွေကို ရွေးချယ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။

****************************************

 

“ယူကရိန်း စစ်ဦးစီးချုပ် အပြောင်းအလဲပြုလုပ်”

 

ရုရှားကျူးကျော်ခံ ယူကရိန်း စစ်တပ်ဦးဆောင်သူကို သမ္မတ ဇလန်းစကီးက အခုရက်သတ္တပတ်ထဲ အပြောင်းအလဲ တစ်ခုပြုလုပ်ခဲ့ပါတယ်။

 

ယူကရိန်းစစ်တပ်တွင်းက အခြေအနေတွေနဲ့ပတ်သက်ပြီး ရက်အတော်ကြာ ခန့်မှန်းပြောဆိုနေရာကနေ ဖေဖော်ဝါရီ ၈ ရက် ကြာသပတေးနေ့မှာတော့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ယူကရိန်းစစ်တပ် ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဗလယ်ရီ ဇာလောဇနီနေရာမှာ ဗိုလ်ချုပ်ကြီး အလက်ဇန်ဒရာ စိုင်ရာစကီကို အစားထိုး ခန့်အပ်လိုက်ပါတယ်။

 

ကြာသာပတေးနေကတော့ အသစ်ခန့် ဗိုလ်ချုပ်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း သမ္မတ ဇလန်းစကီးက ကြေညာချက်ထုတ်ပြန်ခဲ့သလို အခုအချိန်ဟာ စစ်တပ်အတွင်း ခေါင်းဆောင်မှုအပြောင်းအလဲ လုပ်ရမယ့် အချိန်ရောက်ပြီဖြစ်တဲ့အကြောင်း သူ့ဆိုရှယ်မီဒီယာမှာ ရေးပါတယ်။

 

ဒါ့အပြင် စစ်တပ်ထဲမှာပဲ ဆက်ပြီး တာဝန်ထမ်းဆောင်ဖို့ ဇာလောဇနီကို ပန်ကြားခဲ့တယ်လို့လည်း ပြောပါတယ်။ ဇာလောဇနီ ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာတော့ သမ္မတ ဇလန်းစကီးနဲ့ အရေးကြီးတဲ့ ဆွေးနွေးပြောဆိုမှုတွေ လုပ်ခဲ့ကြောင်းနဲ့ အခုရခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ စစ်ပွဲရဲ့နည်းဗျူဟာနဲ့ မဟာဗျူဟာအတွက် အပြောင်းအလဲတွေ ဖြစ်လာစေဖို့ လုပ်ဆောင်တာဖြစ်ကြောင်း ပြောပါတယ်။

 

၂၀၂၂ မှာ လုပ်ရမှာတွေဟာ ၂၀၂၄ နဲ့ မတူတဲ့အတွက် အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ ပြောင်းလဲရမှာဖြစ်သလို ဒါဟာ အောင်မြင်ဖို့အတွက်လည်းဖြစ်ကြောင်း ဖြုတ်ချခံ ဗိုလ်ချုပ်ကြီးက ဆိုထားပါသေးတယ်။

 

စစ်သည် ၈ သိန်းလောက်နဲ့အတူ ရုရှားကျူးကျော်မှုကို ၂ နှစ်လောက် ဦးဆောင်တုံ့ပြန်ခဲ့တဲ့ ဖြုတ်ချခံ ဗိုလ်ချုပ်ကြီး ဇလောဇနီကို နိုင်ငံတော်သူရဲကောင်းတစ်ဦးအဖြစ် ယူကရိန်းတချို့ သတ်မှတ်ထားကြပါတယ်။

 

ယူကရိန်း အသစ်ခန့် ဗိုလ်ချုပ်ကြီး အလက်ဇန်ဒရာ စိုင်ရာစကီကတော့ ဒီစစ်ပွဲ အောင်မြင်ဖို့အတွက် ယူကရိန်းတပ်တွေဘက်က နည်းလမ်းသစ်တွေ ရှာရမှာဖြစ်တယ်လို့ ဖေဖော်ဝါရီ ၉ ရက် သောကြာနေ့က ထုတ် ပြောပါတယ်။

 

သူက ရုရှားကျူးကျော်စစ်ကို အောင်နိုင်ဖို့ ဒရုန်း၊ လျှပ်စစ်သုံး စစ်ပစ္စည်းတို့လို နောက်ဆုံးပေါ် နည်းပညာသုံး လက်နက်တွေကို သုံးမှာဖြစ်တဲ့အကြောင်း ပြောသလို တပ်သားတွေ ရှေ့တန်းမှာ အလှည့်နဲ့ တာဝန်ချမှုကို ပိုကောင်းအောင် ချက်ချင်းလုပ်ဆောင်မယ်လို့လည်း လူထုကို ပြောကြားပါတယ်။ သူ့ရဲ့ပြောကြားမှုဟာ သမ္မတ Volodymyr Zelenskyy ရဲ့ ယူကရိန်းတပ်တွေ ပုံစံပြောင်းပြီး ရုရှားကျူးကျော်မှုကို တုံ့ပြန်တိုက်ခိုက်မယ့် ဆန္ဒနဲ့ ကိုက်ညီနေတာပါ။

 

ယူကရိန်းဟာ သူ့ရဲ့ ရုရှားကျူးကျော်စစ် တွန်းလှန်မှုတွေ ရှေ့မတိုးနိုင်ဘဲ ဖြစ်နေသလို အဓိက အကူညီပေးနေတဲ့ အမေရိကန်ဆီက စစ်ရေးအကူညီထပ်ရဖို့လည်း မရေမရာဖြစ်နေပြီး စိန်ခေါ်မှုတွေကြုံနေရချိန်မှာ သမ္မတ ဇလန်းစကီးက အခုလို စိုင်ရာစကီကို ဦးဆောင်ဖို့ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

 

တချိန်ထဲမှာပဲ အမေရိကန် ပါတီကြီး နှစ်ရပ်စလုံးက အထက်လွှတ်တော်အမတ်တွေ ပါဝင်တဲ့အဖွဲ့ဟာ သောကြာနေ့မှာ ယူကရိန်းသမ္မတနဲ့တွေ့ဆုံပြီး ယူကရိန်းအတွက် စစ်ရေးအကူညီ ထပ်ပေးနိုင်အောင် ကြိုးပမ်းမှာဖြစ်ကြောင်း အာမခံ ပြောကြားခဲ့ပါတယ်။

****************************************

 

“အစ္စရေး လွန်နေပြီလို့ ထုတ်ပြောလာတဲ့ မဟာမိတ်ကြီး အမေရိကန်”

 

ဟားမက်စ်အပေါ်  အစ္စရေးရဲ့ လက်တုန့်ပြန် တိုက်ခိုက်မှုတွေဟာ အလွန်အကျူး ဖြစ်နေဖြစ်နေပြီလို့ အစ္စရေးရဲ့ အကြီးမားဆုံး မဟာမိတ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဖေဖော်ဝါရီ ၈ ရက် ကြာသာပတေးနေ့မှာ ထုတ်ပြောလိုက်ပါတယ်။

 

တစ်ဆက်တည်း ဟားမက်စ်တို့ ဖမ်းဆီးသွားတဲ့ ဓားစာခံတွေ လွတ်မြောက်နိုင်ရေးနဲ့ နှစ်ဖက် အပစ်အခတ်ရပ်နိုင်အောင် သူအစွမ်းကုန်ကြိုးစားနေတယ်လို့ အိမ်ဖြူတော်မှာ ကြာသပတေးနေ့က သတင်းထောက်တွေကို  ဘိုင်ဒန်က ပြောခဲ့တာပါ။

 

ဂါဇာကမ်းမြောင်ဒေသမှာ တုံ့ပြန်တိုက်ခိုက်နေတာတွေက လွန်လွန်ကဲကဲတွေ ဖြစ်နေတယ်လို့ ပြောသလို ဂါဇာကို လူသားချင်းစာနာတဲ့ အကူအညီတွေပို့ပေးနိုင်အောင် နယ်စပ်တွေ ဖွင့်ပေးဖို့ အီဂျစ်သမ္မတကိုရော အစ္စရေး ဝန်ကြီးချုပ်ကိုပါ သူကိုယ်တိုင် တိုက်တွန်းခဲ့တယ်လို့လည်း သမ္မတ Biden က ပြောပါတယ်။ အဲဒီမှာ အီဂျစ်သမ္မတလို့ ပြောရမှာကို မက္ကဆီကိုသမ္မတလို့ အစပိုင်းမှာ သမ္မတက မှားပြောခဲ့ပါတယ်။

 

အစ္စရေးစစ်တပ်က ဂါဇာမှာ လိုတာထက်ပိုပြီး စစ်ဆင်နေတယ်လို့ အခုလို သမ္မတ Biden ကပြောနေချိန်မှာပဲ အစ္စရေးစစ်တပ်က တိုက်ခိုက်မှုတွေကို ဆက်လုပ်နေပါတယ်။ တောင်ပိုင်း Rafah မြို့ထဲက လူနေအဆောက်အဦးတစ်ခုအပေါ် ဖေဖော်ဝါရီ ၁၀ ရက် စနေနေ့ အစောပိုင်းက လေကြောင်းတိုက်ခိုက်မှုအတွင်း ၅ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဂါဇာကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။ ကြာသပတေးနေ့ညကလည်း ဂါဇာအလယ်ပိုင်းမှာ ညလုံးပေါက်တိုက်ခိုက်မှုအတွင်း တော်တော်များများ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

 

ဒါ့အပြင် Rafah မှာရှိတဲ့ ဟားမက်စ် တပ်ရင်း ၄ ခုကို ဖယ်ရှားမှ စစ်ပွဲအောင်မြင်မယ်ဆိုပြီး အဲဒီမြို့ကို ထိုးစစ်မဆင်ခင် ဒေသခံအရပ်သားတွေ ဘေးလွန်ရာပို့ပေးနိုင်အောင်ပြင်ဆင်ဖို့ အစ္စရေးစစ်တပ်ကို ဘင်ဂျမင် နေတန်ညာဟုက ဖေဖော်ဝါရီ ၉ ရက် သောကြာနေ့က ပြောကြားလိုက်ပါတယ်။

 

အစ္စရေး ၁၄၀ဝ ကျော်သေဆုံးခဲ့ပြီး ၂၄၀ ဦးလောက် ဖမ်းဆီးသွားတဲ့ ဟားမက်စ်တို့ရဲ့ တိုက်ခိုက်မှုအပေါ် အစ္စရေးစစ်တပ်ရဲ့ လက်တုန့်ပြန်တိုက်ခိုက်နေမှုကြောင့် လူဦးရေ ၂ သန်းခွဲလောက်ရှိတဲ့ ဂါဇာလူဦးရေထက်ဝက်လောက် အီဂျစ်နဲ့နယ်စပ်ဖြစ်တဲ့ Rafah မြို့မှာ ရောက်ရှိခိုလှုံနေကြရပါတယ်။ Rafah မြို့ထဲဝင်ရောက်တိုက်ဖို့ အစ္စရေးဝန်ကြီးချုပ်က စစ်တပ်ကို ပြင်ဆင်ခိုင်းထားတာမို စိုးရိမ်မှုတွေလည်း ကြီးထွားလာနေကြပါတယ်။

****************************************

 

“မပြိုင်ခင်က နိုင်နှင့်သူ”

 

ကမ္ဘာ့အင်အားကြီး အမေရိကန်ပြည်ထောင်စုမှာ ဒီနှစ်ထဲ ရွေးကောက်ပွဲ ပြုလုပ်ဖို့ ရှိနေပါတယ်။ အဲဒီရွေးကောက်ပွဲကို “Great America Again” ဆိုတဲ့ဆောင်ပုဒ်နဲ့ သမ္မတ ဖြစ်ခဲ့တဲ့ ဒေါ်နယ် ထရမ့်လည်း ပြန်ပြိုင်ဖို့ ကြိုးပမ်းနေတာပါ။

 

အဲဒီမှာ ကနဦးအနေနဲ့ သူဟာ ပြည်နယ်အလိုက် ပါတီတွင်း သမ္မတလောင်း ရွေးကောက်ခံပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။

 

အဲဒီထဲ အမေရိကန်ပြည်ထောင်စု နီဗားဒါးပြည်နယ်မှာ ဖေဖော်ဝါရီ ၈ ရက် ကြာသပတေးနေ့က ရီပတ်ဘလစ်ကန် ပါတီတွင်း ကျင်းပတဲ့ Caucus သမ္မတလောင်းရွေးပွဲမှာ သမ္မတဟောင်း Donald Trump တစ်ယောက်၊ တစ်ဦးတည်း ပြိုင်ဘက်ကင်း အနိုင်ရလိုက်ပါတယ်။

 

ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းဖြစ်လာဖို့အတွက် သူရဲ့ တစ်ဦးတည်းသော ပါတီတွင်း အဓိကပြိုင်ဘက်ဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း နစ်ကီ ဟာလေးက ပါတီတွင်းမှာ ထရန့်အပေါ် ဘက်လိုက်မှုတွေ ရှိနေတဲ့အတွက် နီဗားဒါးပြည်နယ် Caucus ဟာ မျှတမှုမရှိဘူးလို့ဆိုပြီး ဒီပွဲမှာ ဝင်မပြိုင်ခဲ့တာကြောင့် ထရန့်ပဲအနိုင်ရလိုက်တာပါ။ ဒါပေမဲ့ နစ်ကီဟာ ဖေဖော်ဝါရီ ၆ ရက် အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ပြည်နယ် သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲမှာတော့ ဝင်ပြိုင်ခဲ့ပြီး အဲဒီပွဲမှာလည်း မဲဆန္ဒရှင်တွေက ဘယ်သူ့ကိုမှ မရွေးတဲ့မဲကို ပေးခဲ့လို့ သူမနိုင်ခဲ့ပါဘူး။

 

နီဗားဒါးပြည်နယ်မှာ ပါတီကိုယ်စားပြု မဲပေးရတဲ့ ကိုယ်စားလှယ် ၂၆ ယောက်ရှိတာမှာ အများစုကို Trump ကပဲ အနိုင်ရနိုင်ချေ ရှိနေပါတယ်။ သူ့အနေနဲ့ ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်လာဖို့မှာတော့ ပါတီ ကိုယ်စားလှယ်ပေါင်း ၁,၂၁၅ ဦးရဲ့ ထောက်ခံမဲ လိုအပ်ပါတယ်။

 

လက်ရှိအချိန်ထိကတော့ ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်း ရွေးကောက်ပွဲတွေမှာ ထရန့်က ရှေ့ဆုံးက အသာစီးရနေတာဖြစ်ပါတယ်။ လူထုစစ်တမ်းတွေအရလည်း သမ္မတဟောင်း ဒေါ်နယ်ထရန့်အပေါ် ပါတီတွင်း ထောက်ခံမှုက ရှေ့မှာ အပြတ်အသတ်ရှိနေပြီး နစ်ကီ ကို ဆက်မပြိုင်တော့ဖို့ တောင်းဆိုတဲ့ ရီပတ်ဘလစ်ကန် ပါတီဝင်တွေလည်း ပိုများလာနိုင်ခြေရှိ နေပါတယ်။

 

Nikki Haley ကတော့ ပြည်နယ် ၁၆ ပြည်နယ်မှာ ရွေးကောက်ပွဲတွေ တရက်တည်း ကျင်းပမယ့် Super Tuesday လို့ခေါ်တဲ့ မတ်လ ၅ ရက် အင်္ဂါနေ့ ပါတီတွင်း ပဏာမ ရွေးကောက်ပွဲတွေ ကျင်းပတဲ့အထိ သူ ဆက်ပြိုင်ဦးမယ်လို့ ပြောဆိုနေပါတယ်။

 

လတ်တလော ထရန့်ဟာ ပြည်နယ်အလိုက် ပါတီတွင်း သမ္မတလောင်း ရွေးချယ်ပွဲတွေမှာ ပြည်နယ် သုံးခုမှာ ဆက်တိုက် အနိုင်ရထားပါတယ်။