“ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ” (ဇန်နဝါရီ ၂၈ မှ ဖေဖော်ဝါရီ ၃ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Feb 03, 2024

ဒီတစ်ပတ် (ဇန်နဝါရီ ၂၈ မှ ဖေဖော်ဝါရီ ၃ ရက်အထိ) အတွင်း ကမ္ဘာ့သတင်းတွေထဲ ဂါဇာထဲက အစ္စရေးစစ်ဆင်ရေး ရှေ့ဆက်နေတာကြောင့် ပါလက်စတိုင်းပြည်သူတွေ ထိခိုက်သေဆုံးဦးရေ ဆက်လက်မြင့်တက်နေဆဲဖြစ်တဲ့ သတင်းတွေနဲ့ အမေရိကန်ရဲ့ အီရန်အပေါ် တုံ့ပြန်တိုက်ခိုက်မှုသတင်း၊ အီးယူရဲ့ ယူရိုဘီလီယံ ၅၀ ရတော့မယ့် ယူကရိန်းသတင်းတွေက ထိပ်တန်းရောက်ခဲ့ပါတယ်။

****************************************

 

“ပြန်စလာတဲ့ အမေရိကန်-အီရန် ရန်ညှိုး ဘယ်အထိသွားမလဲ”

 

အီရန်ရဲ့ အရှေ့အလယ်ပိုင်း မူဝါဒဆိုင်ရာ ဗိသုကာ ဗိုလ်ချုပ်ကြီး ဆူလေမာနီဟာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလထဲမှာ အမေရိကန်ပြည်ထောင်စုက ဒရုန်းကနေ ဗုံးကြဲတိုက်ခိုက်မှုထဲ သေဆုံးခဲ့ပါတယ်။ ဒေါ်နယ် ထရမ့်သမ္မတအဖြစ် တာဝန်ယူထားချိန်မှာ သူက အီရတ်-အမေရိကန် စစ်ပွဲရပ်တန့်ရေး လုပ်ဆောင်ခဲ့တာလို့ ဆိုခဲ့ပေမဲ့ အီရန်ဘက်က ဒေါ်နယ် ထရမ့်အပါအဝင် အမေရိကန်စစ်ခေါင်းတွေကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

 

ဒါ့အပြင် တိုက်ခိုက်ခံရမှုအပြီး ရက်ပိုင်းအကြာမှာ အီရတ်မှာရှိတဲ့ အမေရိကန်စစ်စခန်းနှစ်ခုကို အီရန်ဘက်က တိုက်ခိုက်ခဲ့တဲ့အတွက် အမေရိကန်စစ်သားတွေ သေဆုံးဒဏ်ရာရခဲ့မှုတွေ ရှိခဲ့တာပါ။

 

အဲဒီလိုနဲ့ နှစ်ဖက် အစာမကြေမှုတွေက တအုံ့နွေးနွေးဖြစ်လာခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက် စနေနေ့မှာပဲ အီရန်တော်လှန်ရေးတပ်ဖွဲ့နဲ့ ဆက်နွယ်နေတဲ့ ဆီးရီးယားက ပစ်မှတ် လေးခုနဲ့ အီရတ်က ပစ်မှတ် သုံးခုတို့ထဲက ပစ်မှတ်ပေါင်း ၈၅ ခုကို ဗုံးကြဲလေယာဉ်တွေက ဒုံးကျည် ၁၂၅ စင်းနဲ့ နာရီဝက်ကြာ တိုက်ခိုက်ခဲ့တာလို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

 

အခုတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့တနင်္ဂနွေ ဇန်နဝါရီ ၂၈ ရက်တုန်းက မဟာမိတ် ဂျော်ဒန်မှာရှိတဲ့ အမေရိကန် စစ်စခန်းတစ်ခု ဒရုန်းနဲ့တိုက်ခိုက်ခံရတာမှာ အမေရိကန် တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၄၀ လောက် ဒဏ်ရာရသွားခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က ဒါဟာ အီရန်ကထောက်ပံ့ပေးနေတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်ချက်ဆိုပြီး လက်တုံ့ပြန်သွားမယ်လို့ သတိပေးထားခဲ့တဲ့အတိုင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

“ဒါဟာ အပြီးသတ်မဟုတ်သေးဘူး” လို့လည်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ကာဘီက ပြောသွားပါသေးတယ်။ အီရန်ကတော့ တနင်္ဂနွေတိုက်ခိုက်မှုတွေကို ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံလုံးကတော့ တိုက်ရိုက်ထိတွေ့တိုက်ခိုက်လိုတဲ့ ပုံမျိုးမရှိဘူးလို့ ကမ္ဘာ့သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

 

ဒါပေမဲ့ ကြားခံနေရာတွေမှာတော့ အမေရိကန်-အီရန် တို့ရဲ့ ရန်ညှိုးတွေကြောင့် မြေစာပင်ဖြစ်မယ့် အခြေအနေမှာ ရှိနေပါတယ်။ ဥပမာ အီရတ်၊ ဆီးရီးယားတို့လို နေရာတွေဟာ မြေစာပင်ဖြစ်သွားနိုင်ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

****************************************

 

“ဘီလီယံ ၂၀ လိုချင်လို့ ဘီလီယံ ၅၀ လက်လွှတ်ပေးလိုက်တဲ့ အော်ဘန်”

 

ယူကရိန်းရဲ့ ယူရို ဘီလီယံ ၅၀ ရရှိရေး မျှော်လင့်ချက်ဟာ တစ်ဦးတည်းသောသူရဲ့ ကန့်ကွက်မှုကြောင့် ပျက်စီးခဲ့ရပါတယ်။ အဲဒီလူကတော့ ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်ကြောင့်ဖြစ်ပါတယ်။

 

ရုရှားကျူးကျော်ခံ ယူကရိန်းအပေါ် စီးပွားရေးနဲ့ နိုင်ငံရေး အခြေအနေ မယိမ်းယိုင်စေဖို့ အမေရိကန်ဦးဆောင်ပြီး EU Commission(ဥရောပ ကော်မရှင်)ကို တင်ပြခဲ့တဲ့ ယူရို ဘီလီယံ ၅၀ အစီအစဉ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ နှောင်းပိုင်းမှာ EU အဖွဲ့ဝင် ၂၆ ခုက သဘောတူခဲ့ပေမဲ့ ဟန်ဂေရီနိုင်ငံက ဗီတိုအာဏာသုံး ပယ်ချခံခဲ့ရတာပါ။

 

အခုတော့ ဒီထောက်ပံ့ငွေခွင့်ပြုရေး ပြန်လည်ဦးမော့လာခဲ့ပါပြီ။ ဖေဖော်ဝါရီ ၁ ရက် ကြာသာပတေးနေ့က  ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ကျင်းပပြုလုပ်တဲ့ European Union(EU)အစည်းအဝေးကနေ ပေးမယ့်အကြောင်း အတည်ပြုချက်ရခဲ့ပါပြီ။

 

ဒါဟာ ဟန်ဂေရီမှာဖြစ်နေတဲ့ အကျပ်အတည်းကြောင့်သာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့နှစ်အစည်းအဝေးမှာ ဟန်ဂေရီ ဝန်ကြီးချုပ်က ယူကရိန်းထောက်ပံ့မယ့်အစီအစဉ်ကို မပါဝင်လိုသေးဘဲ ကျန်နိုင်ငံတွေအနေနဲ့လည်း ကိုယ်ပိုင်နည်းလမ်းနဲ့လုပ်ဆောင်ဖို့နဲ့ ယူကရိန်းကို စောင့်ကြည့်ရဦးမယ်လို့ ပြောဆိုခဲ့တာပါ။

 

ဒါပေမဲ့ အခုတော့ အဲဒီလိုမပြောနိုင်တော့ပါဘူး။ ဘရပ်ဆဲလ်ရဲ့ လမ်းမတွေထက် လယ်သမားထောင်ချီဟာ လယ်ယာသုံးထရပ်ကားတွေနဲ့အတူ ပိတ်ဆို့ဆန္ဒပြခဲ့တဲ့အပြင် EU ပါလီမန် အဆောက်အအုံကို ကြက်ဥတွေနဲ့ပစ်ပေါက်ပြီး ကုန်ဈေးနှုန်းတက်တာနဲ့ အခွန်အခတွေလျှော့ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီဆန္ဒပြမှုထဲ ဟန်ဂေရီနိုင်ငံထဲဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးနဲ့ အကျင့်ပျက်ခြစားမှုတွေအတွက်လည်း ပါဝင်ခဲ့ပါတယ်။

 

ဒါ့အပြင် EU ခေါင်းဆောင်တွေက ဟန်ဂေရီနိုင်ငံကို ထောက်ပံ့မယ့် ယူရို ၂၀ ဘီလီယံကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်မှုနဲ့အတူ ယူကရိန်းကို ထောက်ပံ့မယ့် အစီအစဉ်ကို ဟန်ဂေရီပါဝင်လာအောင် စည်းရုံးနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

အခုသဘောတူညီချက်ထဲ ယူရို ၅၀ ဘီလီယံကို လေးနှစ်အတွင်း အကြိမ်ခွဲပြီး ပေးမယ့်အကြောင်း၊ ပင်စင်လစာ၊ ဝန်ထမ်းလစာအပြင် တခြား ကုန်ကျစရိတ်တွေကို ပေးဆောင်နိုင်ဖို့ ရည်ရွယ်တဲ့အကြောင်း သိရပါတယ်။

 

အခုဆုံးဖြတ်ချက်အပေါ် ယူကရိန်းသမ္မတ ဇလန်စကီး(Zelensky)က “ထောက်ပံ့ငွေရရှိတဲ့အပေါ် ကြိုဆိုပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ ငွေကြေးနဲ့ စီးပွားရေးတည်ငြိမ်ရေးကို ရေရှည်ထိန်းသိမ်းတဲ့အပေါ် အကျိုးပြုပါလိမ့်မယ်” လို့ သူ့ရဲ့ X(ယခင် Twitter)အကောင့်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

 

ဟန်ဂေရီ ဝန်ကြီးချုပ် မစ္စတာ အော်ဘန်ကန့်ကွက်ခဲ့တုန်းက အပြစ်တင်ပြောဆိုခဲ့တဲ့ ပိုလန် ဝန်ကြီးချုပ်က “မစ္စတာ အော်ဘန်ကို ဆွဲဆောင်နိုင်ခဲ့ပြီ။ ရှေ့ဆက်ကြစို့” လို့ သူ့ရဲ့ X အကောင့်မှာ ရေးသားခဲ့ပါတယ်။

 

ရုရှား ကျူးကျော်စစ်ကို ၂ နှစ်နီးပါးကြာ ခုခံနေရတဲ့ ယူကရိန်းဟာ အခုလို EU ရဲ့ ထောက်ပံ့မှုအပြင် အမေရိကန်နိုင်ငံကလည်း “လိုအပ်တဲ့နိုင်ငံများကို ကူညီရန်” ခေါင်းစဉ်နဲ့ စစ်ရေးလိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ လုပ်ဆောင်နေတာပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ဘီလီယံ ၁၀ဝ ကျော် ထောက်ပံ့ရေးအစီအစဉ်ကတော့ အထက်လွှတ်တော်မှာ ရပ်ဆိုင်းခံထားရပါတယ်။