ဒီတစ်ပတ်ဘာတွေထူးလဲ? (၃.၉.၂၀၂၃ ၊ ၉.၉.၂၀၂၃)

Author ကိုထားဝယ်
Categories
Published on Sep 09, 2023

ဒီတစ်ပတ် (၂၀၂၃ ခုနှစ် စက်တင်ဘာ ၃ ရက်မှ ၉ ရက်နေ့အထိ) စစ်ကိုင်း၊ ကရင်နီ၊ ကရင်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွေမှာ တိုက်ပွဲတွေ အဖြစ်များခဲ့ပါတယ်။ ပြည်တွင်းမှာဆိုရင် ဒီရက်သတ္တပတ်ထဲ ပြည်သူတွေရဲ့ လက်နက်ကိုင်ခုခံတော်လှန်စစ် ၂ နှစ်ပြည့်မြောက်ခဲ့တဲ့သတင်းက ထိပ်တန်းရောက်ခဲ့သလို မြဝတီခရိုင်ရဲရုံး ဒရုန်းကြဲခံရမှုမှာ အရာရှိကြီးတွေ သေဆုံး၊ ဒဏ်ရာရမှုသတင်းလည်း လူစိတ်ဝင်စားခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ အမှုအယူခံဝင်မှု သတင်းတွေကလည်း စောင့်ကြည့်သတင်းတစ်ရပ်ဖြစ်ခဲ့သလို ရန်ကုန်တိုင်းအစိုးရရုံး လက်နက်ကြီးနဲ့ ပစ်ခံရတဲ့သတင်းကလည်း Hot ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာသတင်းတွေဘက်ကမှာဆိုရင် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပတဲ့ သတင်းတွေနဲ့ ယူကရိန်းကို အမေရိကန်ပြည်ထောင်စုက ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိတဲ့ စစ်လက်နက်တွေ ကူညီမယ့်သတင်း၊ မော်ရိုကိုမှာလှုပ်တဲ့ အင်အားပြင်းငလျင်သတင်းတွေအပြင် ဖျော်ဖြေရေးသတင်းအနေနဲ့ တေလာဆွစ်ဖ်ရုပ်ရှင်တင်မယ့်သတင်းက စိတ်ဝင်စားမှုမြင့်တက်ခဲ့သလို နိုင်ငံတကာအားကစားသတင်းမှာဆိုရင် တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု Ballon d’or ဆု ဇကာတင်စာရင်းမှာ စီရော်နယ်ဒိုမပါဘဲ မက်ဆီ၊ ဟာလန်းနဲ့ ဘာပီတို့ ရွေးချယ်ခံရတယ်ဆိုတဲ့သတင်းတွေ ရှေ့ရောက်ခဲ့ကြပါတယ်။

လက်နက်ကြီးနဲ့ပစ်ခံရတဲ့ ရန်ကုန်ရဲ့ အဓိကအစိုးရရုံးဖြစ်တဲ့ တိုင်းရုံး
****************************************

ရန်ကုန်စစ်ကောင်စီအစိုးရအဖွဲ့ရဲ့အဓိကရုံးတစ်ရုံးဖြစ်တဲ့ ရန်ကုန်အစိုးရအဖွဲ့ရုံးကို စက်တင်ဘာ ၉ ရက် မနက် ၄ နာရီခွဲခန့်က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီသတင်းကြောင့် အလုံ၊ လမ်းမတော်အပါအဝင် ပန်းဘဲတန်း၊ လသာ၊ ကျောက်တံတားတို့လို မြို့နယ်တွေထဲမှာလည်း စစ်ကောင်စီတပ်သားတွေ ခြေရှုပ်နေခဲ့ကြပါတယ်။

ဒီတိုက်ခိုက်မှုမှာ ပစ်မှတ်သို့ထိရောက် ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီဘက်မှ အထိခိုက်သေဆုံးများပြားနိုင်တယ်လို့ အခုစစ်ဆင်ရေးကိုပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားအပြီး လွှတ်တော်ရုံးဝင်းထဲကို DC နှစ်စီး၊ မီးတန်းကားတစ်စီး၊ Faw ကားတစ်စီး ဝင်သွားကြောင်း၊ ဒီလွှတ်တော်ရုံးဝင်းအတွင်း ယခင်တပ်တွေကို တပ်အပြောင်းအရွှေ့ပြုလုပ်‌နေတယ်လို့လည်း သိရပါတယ်။

အခုစစ်ဆင်ရေးကို ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်း၊ တပ်ခွဲ ၁ နှင့် စမ်းချောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့က ပူးပေါင်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

NUG ရဲ့ လက်နက်ကိုင်ခုခံစစ် ၂ နှစ်ပြည်ခဲ့တဲ့ရက်သတ္တပတ်
****************************************

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် လက်နက်နဲ့အနိုင်ကျင့်ခံရမှုတွေကို အံတုဖို့အတွက် ခုခံစစ်နဲ့တုန့်ပြန်မယ်လို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ ကြေညာခဲ့တာ ဒီရက်သတ္တထဲ ၂ နှစ်ပြည့်ခဲ့ပါပြီ။
ဒီ ၂ နှစ်ထဲ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေ၊ လုပ်ဆောင်မှုတွေကြောင့် နေပြည်တော်က ဗိုလ်ချုပ်တွေတောင် တုန်လှုပ်နေရပြီလို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ရဲ့ ယာယီသမ္မတ ဒူလဝါလရှီးလရဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနဘက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၃၀၀ နီးပါး ဖွဲ့စည်းတည်ထောင်ခဲ့သလို ၂ နှစ်အတွင်း တိုက်ပွဲ ၉၉၀၀ ကျော်ဆင်နွှဲခဲ့ရာမှာ စစ်ကောင်စီတပ်သား သုံးသောင်းလောက်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ဘယ်လောက် ကျဆုံးမှုရှိလဲဆိုတာကိုတော့ ထုတ်ပြန်လာတာမတွေ့ရပါဘူး။

စစ်ကောင်စီကြောင့် ကန့်ဘလူက ဒေသခံနှစ်သောင်းကျော်ထွက်ပြေးနေရ
****************************************

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲက ကျေးရွာ ၁၅ ရွာထက်မနည်းက ဒေသခံပြည်သူ နှစ်သောင်းကျော်လောက်ဟာ မိုးထဲရေထဲ စစ်ကောင်စီနဲ့လွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

စစ်ဘေးရှောင်တွေအတွက် မိုးတွင်းကာလဖြစ်တာကြောင့် အမိုးအကာတွေအပြင် စားနပ်ရိက္ခာ၊ ဆေးဝါး စတာတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေက ဆိုကြပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းထိုးတိုင်း ဒေသခံတွေရဲ့ စားနပ်ရိက္ခာတွေကို ယူသွားတာရှိသလို၊ နေအိမ်တွေကိုလည်း မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဘာခြေပခွင့်မျှမရဘဲ မတရားအကျဉ်းချခံရသူ
****************************************

မတရားမှုတွေကိုတစ်ဖက်သတ်ကျူးလွန်နေတဲ့စစ်ကောင်စီရဲ့တရားရေးဝန်ထမ်းတွေဟာ စက်တင်ဘာ ၆ ရက်နေ့ကလည်း မတရားမှုတစ်ခုကို ကျူးလွန်ခဲ့ပြန်ပါတယ်။

အဲဒါကတော့ Myanmar Now သတင်းဌာနက ဓါတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို လေးလနီးပါးဖမ်းဆီးထားပြီးနောက် စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ခြင်းပါပဲ။

ကိုစိုင်းဇော်သိုက်ဟာ သူ့အပေါ်တင်ထားတဲ့ စွဲချက်တွေကို ခုခံလျှောက်လဲခွင့်မရခဲ့ဘဲ အင်းစိန်အကျဉ်းထောင်အတွင်းက တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့တာပါ။

ဒါဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း သတင်းထောက်တဦးအနေနဲ့ အများဆုံး ထောင်ဒဏ် ချမှတ်ခံရတာလည်း ဖြစ်ပါတယ်။

သူဟာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုပုဒ်မနဲ့ ပုဒ်မ ၅၀၅(က)တို့အပါအဝင် ပုဒ်မ ၄ ခုနဲ့ စွဲချက်တင်ခံထားရတာကနေ အမြင့်ဆုံးပြစ်ဒဏ်တွေကို ချမှတ်ခဲ့တာဖြစ်ပါတယ်။

ကိုစိုင်းဇော်သိုက်ဟာ ဆိုင်ကလုန်း မိုခါအတွက် သတင်းယူဖို့သွားရင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးမှာ မေလ ၂၃ ရက်နေ့တုန်းက တခြားသူ ၄ ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရတာပါ။

မြန်မာကထုတ်တယ်ဆိုတဲ့ မဲပေးစက်ကို ပါတီတွေကိုရှင်းပြတဲ့ စစ်ကောင်စီရွေး/ကော်
****************************************

စစ်ကောင်စီရဲ့ ဝန်ကြီးဌာနအတော်များများမှာ စမ်းသပ်မဲပေးမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ မြန်မာနိုင်ငံက ပညာရှင်တွေထုတ်တယ်ဆိုတဲ့ မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVMs)တွေကို နိုင်ငံရေးပါတီ ၃၆ ခုကို စက်တင်ဘာ ၅ ရက်နေ့က ရန်ကုန်တိုင်း အစိုးရရုံးမှာ လက်တွေ့စမ်းသပ်ပြသခဲ့ကြပါတယ်။

ဒီစက်ကနေ ပါတီ ၁၆ ခုကို ရွေးချယ်မဲပေးနိုင်မှာဖြစ်သလို တစ်ခါနှိပ်ရုံနဲ့ မဲပေးပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ စက်နဲ့မရင်းနှီးတဲ့ ကျေးလက်ပိုင်းကလူထုအတွက်တော့ အခက်အခဲတွေအများကြီးရှိနိုင်သလို အရောင်တွေနဲ့ ခွဲခြားမဲပေးရာမှာလည်း အခက်အခဲတွေရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

MEVMs စက်တွေကို အိန္ဒိယနည်းပညာပိုင်းကို အခြေခံပြီးထုတ်လုပ်ထားတာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကဆိုပေမယ့် ကျွမ်းကျင်သူတွေကတော့ အိန္ဒိယက စက်အတိုင်းသာဖြစ်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။

ဈေးကြီးပြီး ဆန်ပြတ်လတ်နေလို့ အခက်ကြုံနေရတဲ့ စစ်ကိုင်းကစစ်ရှောင်တွေ
****************************************

စစ်ကိုင်းနဲ့ ချင်းပြည်နယ်အစပ်က ကလေးမြို့နဲ့ အခြားသောမြို့နယ်အချို့မှာ ဆန်တစ်အိတ် တစ်သိန်းကျော်အထိ‌ဈေးမြင့်တက်နေပြီး တချို့နေရာတွေမှာ ဆန်ပြတ်နေလို့ ငွေရှိရင်တောင် ဝယ်လို့မရတဲ့ အခြေအနေဖြစ်နေပါတယ်။

ကလေးမြို့တောင်ပိုင်းက စစ်ဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာ ပြတ်လပ်မှု အခက်အခဲ ပိုဆိုးလာနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ သြဂုတ်လဆန်းပိုင်းတုန်းက ဧရာမင်း ဆန်တစ်တင်းခွဲ တစ်အိတ်ကို ၅၅,ဝ၀ဝ ပေါက်ဈေး ရှိခဲ့တာကနေ သြဂုတ် လလယ်လောက်ကစလို့ တစ်တင်းခွဲ တစ်အိတ်ကို ၁ သိန်းကျော် ဖြစ်လာပါတယ်။

ကုန်ပစ္စည်း ရှားပါးပြီး ဈေးအဆမတန် တက်နေတာကြောင့် ဒေသခံတွေ အခက်အခဲ ကြုံကြရသလို၊ ဒီအထဲမှာ စစ်ဘေးဒုက္ခသည်တွေ ကတော့ အဆိုးဆုံးခံစားနေရပါတယ်။

ကလေးမြို့နယ်အတွင်း လက်နက်ကိုင်တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ လမ်းပန်းဆက်သွယ်ရေး အကန့်အသတ်တွေကြားမှာ ဆန်နဲ့ စားနပ်ရိက္ခာရဖို့ ပိုခက်ခဲလာပါတယ်။

အမှု ၆ မှုအတွက်အပြစ်မရှိကြောင်း အထူးအယူခံတင်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
****************************************

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုစွဲဆိုထားတဲ့အမှုပေါင်းများစွာထဲက အမှု ၆ မှုနဲ့ ပတ်သက်လို့ ကျူးလွန်ခဲ့ခြင်းမရှိတဲ့အတွက်အပြစ်မရှိကြောင်း စက်တင်ဘာလ ၅ ရက်နေ့က နိုင်ငံတော် အထူးတရားရုံးမှာ အထူးအယူခံလျှောက်လဲချက်တင်ခဲ့ပါတယ်။ ဒီလျှောက်လဲချက်ကို မကြာခင်ရက်ပိုင်းအတွင်း အမိန့်ချမှတ်ဖို့ရှိတဲ့အကြောင်း တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအမှု ၆ မှုကတော့ နေပြည်တော်နဲ့ ရန်ကုန်မှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် မြေနေရာ ဝယ်ယူမှု၊ အဆောက်အအုံဆောက်လုပ်မှုတွေမှာ အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီက စွပ်စွဲပြီး အမိန့်ချမှတ်ထားတဲ့ အဂတိအမှု ၄ မှုနဲ့ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ် ဆီကနေ ဒေါ်လာနဲ့ ငွေကြေး လာဘ်ယူတာတွေ ရှိခဲ့တယ်ဆိုပြီး စွပ်စွဲအမိန့်ချမှတ်ထားတဲ့ အဂတိအမှု ၂ မှု စုစုပေါင်း ၆ မှုအတွက် ချမှတ်ထားတဲ့အမိန့်တွေကို ပြင်ဆင်ပေးဖို့ လျှောက်လဲချက် တင်သွင်းခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်း ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) ၁ မှု၊ သဘာဝဘေး စီမံခန့်ခွဲမှု ၂ မှုနဲ့ စကားပြောစက် လက်ဝယ်ထားရှိလို့ ဆက်သွယ်ရေးနဲ့ ပို့ကုန်သွင်းကုန် အမှု ၂ ခု၊ စုစုပေါင်း ၅ မှုအတွက် ကျူးလွန်ခဲ့ခြင်း မရှိလို့ အပြစ်မရှိကြောင်း အထူးအယူခံကို နိုင်ငံတော် အထူး တရားရုံးဘက်က ပယ်ချခဲ့တာ ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆို အမိန့်ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေ အကုန်လုံးဟာ အပြစ်မရှိဘဲ အမိန့်ချခံထားရတာ ဖြစ်လို့ အပြစ်မရှိကြောင်း ပေါ်လွင်တဲ့အထိ အယူခံ အဆင်ဆင့် ဆက်တက်သွားဖို့ ပြင်နေကြပါတယ်။

တရုတ်နိုင်ငံထဲ ၇ ရက်နေထိုင်ခွင့်ကတ်ထုတ်ပေး
****************************************
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့မှာ တရုတ်နိုင်ငံ ရွှေလီမြို့ထဲကို ၇ ရက်လည်ပတ်ခွင့်ရမယ့် တစ်ခါသုံးကတ်တွေကို မြန်မာလူဝင်မှုကြီးကြပ်ရေးဌာနဘက်က စက်တင်ဘာလ ၄ ရက်မှာ စတင်ထုတ်ပေးပါတယ်။

ကျပ် ၂၀ဝ၀ လောက်သာကျသင့်မယ့် ကတ်တွေကို လာရောက်လျှောက်ထားသူ အများအပြားရှိနေခဲ့ပါတယ်။

တရုတ်နိုင်ငံက စက်ရုံတွေမှာ လုပ်သားလိုအပ်ချက် ပြန်များလာပြီး ဒါကို ဖြည့်တင်းဖို့ တရုတ်ဘက်က ပြန်ပြီးစဉ်းစားလာတဲ့သဘောဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့လို့ အခုအချိန်အထိတော့ တရုတ်ပြည်ထဲမှာ မြန်မာနိုင်ငံသားတွေကို တရားဝင်အလုပ်လုပ်ခွင့် မပေးထားပါဘူး။ မြန်မာနိုင်ငံသားတွေဟာ ယာယီနယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်တွေကိုကိုင်ပြီး တရုတ်ပြည်ထဲမှာ ခေတ္တနေထိုင်၊ အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။

ဉာဏ်ကစားပွဲမှာ အထိနာခဲ့ရတဲ့ မြဝတီကစစ်ကောင်စီအရာရှိတွေ
****************************************

ဒီတစ်ပတ်ထဲ ပြည်တွင်းက ထိပ်တန်းရောက်သတင်းကို ပြောပါဆိုရင် မြဝတီကခရိုင်ရဲတပ်ဖွဲ့ရုံးကို ဒရုန်းနဲ့ နှစ်ကြိမ်တိုက်ခိုက်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။

ရန်ကုန်နဲ့ မန္တလေးလိုနေရာမျိုးတွေမှာ UG တွေလုပ်လေ့ရှိတဲ့စစ်ဆေးရေးမျိုးပါပဲ။ ရှိုးပြတဲ့အနေနဲ့ လာကြတဲ့ စစ်ကောင်စီအရာရှိကြီးတွေကို ဟန်ပြဗုံးတစ်လုံးလောက် ဖောက်ပြပြီး လူစုံမှ အားပြင်းတဲ့ဗုံးနောက်တစ်လုံးနဲ့ တိုက်ခိုက်တဲ့ပုံစံမျိုးပါပဲ။

အဲဒီလိုပဲ စက်တင်ဘာ ၃ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီ ခရိုင်ရဲတပ်ဖွဲ့ရုံးကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ PDF ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ၂ ကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

ပထမတစ်ကြိမ်ဗုံးကျလို့ လာကြည့်နေကြတဲ့အချိန်မှာပဲ နောက်တစ်ကြိမ်ဒရုန်းနဲ့ထပ်ကြဲလို့ ခရိုင်ရဲမှူး၊ ယာယီတပ်ရင်းမှူးနဲ့ အရာရှိကြီးတွေအပါအဝင် ၆ ဦးထက်မနည်းသေးဆုံးခဲ့ကြပါတယ်။ ဒဏ်ရာပြင်းထန်တဲ့သူတွေကိုလည်း စစ်ဆေးရုံ၊ မဲဆောက် အပြည်ပြည်ဆိုင်ရာဆေးရုံနဲ့ မြဝတီဆေးရုံတွေကို ပို့ပြီး ဆေးဝါးကုသပေးခဲ့ရပါတယ်။

အဲဒီလိုတိုက်ခိုက်ခံရမှုအပြီးမှာတော့ ကရင်ပြည်နယ်တစ်ခွင်ကို စစ်ကောင်စီတပ်ဘက်က လေကြောင်းက တိုက်ခိုက်တာတွေ အကြိမ်ရေများစွာပြုလုပ်ခဲ့ကြပါတယ်။

ခုလို နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုတွေနဲ့ စစ်ရေးတင်းမာမှုတွေကြောင့် ဒေသတွင်းမှာ ဒီရက်ပိုင်း စစ်ရေးအရှိန် ပိုမြင့်လာမှာကို ဒေသခံတွေကို စိုးရိမ်နေကြပါတယ်။

ထောင်ထဲမှာ ကျန်းမာရေးမကောင်းဖြစ်နေတဲ့ အတိုင်ပင်ခံ
****************************************

မတရားဥပဒေတွေနဲ့ စစ်ကောင်စီရဲ့ ထောင်သွင်းအကျဉ်းချမှုကို ခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်‌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးချို့တဲ့လို့နေတယ်လို့ ဒီတစ်ပတ်ထဲ သတင်းတွေပြန့်နှံ့လာပါတယ်။

နေပြည်တော် အကျဉ်းထောင်မှာထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ယခုအပတ်ရက်ပိုင်းအတွင်း မူးဝေအော့အန်တာမျိုးဖြစ်ခဲ့တဲ့အတွက် နေပြည်တော်အကျဉ်းဦးစီးဌာန ဆေးမှူးချုပ်က သွားရောက်ကြည့်ရှုခဲ့ရတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

သို့သော် အတိုင်ပင်ခံပုဂ္ဂိုလ် သွားဖုံးယောင်ပြီး၊ သွားနာနေတဲ့ဝေဒနာကြောင့် အစားမစားနိုင်ဖြစ်နေတဲ့ အခြေအနေမှာ ပြင်ပသွားဆရာဝန်နဲ့ပြခွင့်တောင်းထားတာကို စစ်ကောင်စီက ပယ်ချခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီကချမှတ်ထားတဲ့ပြစ်ဒဏ်တွေကို ပြီးခဲ့တဲ့ သြဂုတ်လတုန်းက လွတ်ငြိမ်းပေးခဲ့စဉ်က လျှော့ပေါ့ပေးခဲ့ပေမယ့် နေပြည်တော်အကျဉ်းထောင်မှာ နှစ်ပေါင်း ၃၀ နီးပါး အကျဉ်းချထားဆဲဖြစ်ပါတယ်။

နိုင်ငံတကာ

လူသုံးရာလောက်သေဆုံးခဲ့ရတဲ့ မော်ရိုကိုငလျင်
****************************************

အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မော်ရိုကိုနိုင်ငံမှာ လူ ၃၀၀ လောက်သေဆုံးပြီး ၁၅၀ လောက်ထိခိုက်ဒဏ်ရာတွေရခဲ့တဲ့အပြင် အဆောက်အအုံတွေအောက်မှာ လူတွေပိမိနေတာတွေရှိသေးတယ်လို့ စနေနေ့ညနေပိုင်းအထိသတင်းတွေအရ သိရပါတယ်။

သောကြာနေ့ညပိုင်း ဒေသစံတော်ချိန် ည ၇ နာရီလောက်က အင်အား ရစ်ချ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိတဲ့ပြင်းအားမြင့်တဲ့ ငလျင်ကြောင့် မော်ရိုကိုအလယ်ပိုင်းက ရှေးဟောင်းမြို့တော် မာရက်ကက်ရှ်မြို့အပါအဝင် အခြားမြို့တွေမှာ လူတွေအားလုံးက ကြောက်အားလန့်အားနဲ့ ကစဥ့်ကလျားလမ်းပေါ်ပြေးထွက်ကြတဲ့အထိဖြစ်ခဲ့တာပါ။

အပျက်အစီးပုံတွေအောက်မှာလူတွေပိတ်မိနေသလို ဆေးရုံတွေမှာလည်း ဒဏ်ရာရသူတွေပြည့်နေတဲ့အတွက် ကယ်ဆယ်ရေးသမားတွေကလည်း အကူအညီပေးနိုင်ဖို့လုပ်ဆောင်နေကြပါတယ်။
သေဆုံးမှုအများစုဟာ သွားလာရခက်ခဲတဲ့ တောင်တန်းဒေသတွေမှာ နေထိုင်သူတွေဖြစ်ကြပါတယ်။

ဘော်လွန်းဒီအော်ဇကာတင်သုံးယောက်- မက်ဆီနဲ့ ဟာလန်းနဲ့ အန်ဘတ်ပီ
****************************************

ပြင်သစ်ဘောလုံးမဂ္ဂဇင်းကချီးမြှင့်တဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် ပဏာမ လူ ၃၀ စာရင်းကို စက်တင်ဘာ ၆ ရက်နေ့က ရွေးချယ်လိုက်ပါတယ်။

Ballon d’Or လို့ ခေါ်တဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆု ရွှေဘောလုံးဆုအတွက် ဒီနှစ်မှာတော့ မက်ဆီ၊ ဟာလန် နဲ့ Mbappe တို့ ပဏာမရွေးချယ်လိုက်တဲ့အထဲမှာ ပါဝင်လာခဲ့ပေမယ့် ရွှေဘောလုံးဆုကို ၅ ကြိမ် ရဖူးတဲ့ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနိုရိုနာလ်ဒိုတော့ မပါဝင်ခဲ့ပါဘူး။ ဒါဟာ ရိုနာလ်ဒိုအတွက်တော့ ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ်မပါတာဖြစ်ပါတယ်။

ဒီနှစ် ရွှေဘောလုံးဆုအတွက် မက်ဆီ နဲ့ ဟာလန်တို့က ရေပန်းအစားဆုံးဖြစ်နေပါတယ်။
အမျိုးသမီးတွေဘက်မှာတော့ ပြီးခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပွဲမှာ အကောင်းဆုံး ဘောလုံးသမားဆုရခဲ့တဲ့ စပိန်ကစားသမား Aitana Bonmatí, သြစတြေးလျနဲ့ ချယ်ဆီး ရှေ့တန်းလူ Sam Kerr, ပြင်သစ် နဲ့ PSG တိုက်စစ်မှူး Kadidiatou Diani တို့ ပါဝင်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂ နှစ်မှာ ရွှေဘောလုံးဆု ၂ ကြိမ် ဆက်တိုက်ရခဲ့တဲ့ စပိန်နဲ့ ဘာစီလိုနာကစားသမား Alexia Putellas တို့ မပါဝင်ခဲ့ပါဘူး။
Ballon d’Or ဆုကိုတော့ လာမယ့် အောက်တိုဘာလ ၃၀ ရက်နေ့ကျရင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ချီးမြှင့်သွားမှာဖြစ်ပါတယ်။

ယူကရိန်းကို ကန်ဒေါ်လာ သန်းတစ်ထောင်ကူညီဦးမယ့် အမေရိကန်
****************************************

ယူကရိန်းနိုင်ငံကို စစ်ဖြစ်အပြီးလေးကြိမ်မြောက်အဖြစ်ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ ၁ ဘီလျံ အကူအညီသစ်ကို ဒီတစ်ပတ်ထဲမှာ ကြေညာခဲ့ပါတယ်။
ယူကရိန်းကို တင့်ကားပစ် ယူရေနီယံဓာတ် အနည်းငယ်ပါတဲ့ ကျည်ဆန်တွေ ယူကရိန်းကို ပေးပို့မယ်လို့ ဆိုပါတယ်။ ဒီ ၁၂၀ မမကျည်တွေကို Abrams တင့်ကားတွေမှာ အသုံးပြုမှာဖြစ်ပြီး ဒီတင့်ကားတွေကိုတော့ ဆောင်းဦးရာသီမှာ ယူကရိန်းကိုပို့ဖို့ အမေရိကန်က စီစဉ်ထားတာပါ။ ရုရှားဘက်ကတော့ ဒီကျည်တွေမှာ နျူကလီးယားပါဝင်တယ်လို့ မှားယွင်းပြောဆိုထားပြီး ဒီကျည်တွေ ယူကရိန်းကိုပေးပို့တာမလုပ်ဖို့ ရုရှားက အရင်က သတိပေးထားပါတယ်။

တရုတ်-မြန်မာ အွန်လိုင်းလိမ်လည်စခန်းတွေကို ပူးပေါင်းနှိမ်နင်း
****************************************

တရားဥပဒေစိုးမိုးမှုမဲ့နေတဲ့ မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး အွန်လိုင်းလိမ်လည်မှုတွေကျူးလွန်နေကြသူတွေကို တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေကြား ပူးပေါင်းစစ်ဆင်ရေးတစ်ရပ်ဆင်နွှဲခဲ့ကြပါတယ်။
ဒါဟာ တရုတ်နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကြား အကြီးမားဆုံး ပူးတွဲဖြိုခွင်းမှုတခုလို့လည်းဆိုကြပါတယ်။
ဒီစစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)က အွန်လိုင်းလိမ်လည်မှု အခြေစိုက်စခန်း ၁၁ ခုကို ဖြိုခွင်းခဲ့ရာမှာ လိမ်လည်မှုနဲ့ သံသယရှိသူ ၂၆၉ ဦးကို ဖမ်းဆီးရမိခဲ့တဲ့အထဲ တရုတ်နိုင်ငံသား ၁၈၆ ဦး ပါဝင်တယ်လို့ တရုတ်ကလာတဲ့သတင်းတွေအရ သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲ ယွမ်သန်း ၁၂၀(အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅ သန်း)လိမ်လည်ခဲ့မှုမှာ အဓိကကျသူ ၂၁ ဦး ပါဝင်တယ်လို့လည်း ဆိုပါတယ်။

မြန်မာ့အရေးဖြေရှင်းဖို့ ထုတ်ပြောလာတဲ့ အမေရိကန်ဒုသမ္မတ
****************************************

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာကျင်းပတဲ့ အာဆီယံနဲ့ အာရှထိပ်သီးများအစည်းအဝေးကို အမေရိကန်ပြည်ထောင်စု ဒုတိယ သမ္မတ Mrs. Kamala Harris တက်ရောက်ခဲ့ပါတယ်။

အဲဒီမှာ မြန်မာနိုင်ငံအကြောင်းအရာနဲ့ပတ်သက်လို့ “မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး စစ်ကောင်စီကို ဆက်လက်ဖိအားပေးသွားမယ့်အကြောင်းနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်အောင်လုပ်ဆောင်ဖို့” အမေရိကန် ဒုသမ္မတ Kamala Harris က ဒေသတွင်းနိုင်ငံတွေကို တိုက်တွန်း ပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းရေးလို ဒေသတွင်း အရေးကိစ္စတွေနဲ့ နိုင်ငံတကာ အရေးတွေမှာ လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းနဲ့ ကျင့်ဝတ်တွေ ချမှတ်နိုင်ရေး အားလုံး တူညီတဲ့ သံန္နိဌာန်ချမှတ်ထားပါတယ်။ မြန်မာစစ်ကာင်စီအနေနဲ့ ဆိုးဝါးတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ မတရားဖမ်းဆီးထားသူတွေကို လွှတ်ပေးရေးနဲ့၊ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ထူထောင်နိုင်ရေး ကျမတို့ ဆက်လက် ဖိအားပေးတိုက်တွန်းသွားပါ့မယ်” လို့ သူမက ပြောဆိုသွားပါတယ်။

မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက် ထောက်ခံသွားမယ်လို့လည်း သူက ပြောဆိုပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုအကြား ပိုပြီးနီးနီးစပ်စပ် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဝါရှင်တန်မြို့တော်မှာ အမေရိကန်-အာဆီယံ စင်တာဖွင့်လှစ်မယ်လို့လည်းထည့်သွင်းပြောကြားသွားပါတယ်။

နာမည်ကျော်ဇာတ်ကားတွေနောက်ဆုတ်ပေးရတဲ့ တေလာဆွိဖ်ရုပ်ရှင်
****************************************

Taylor Swift တေလာဆွိဖ်ဆိုတာနဲ့ အရပ်ခပ်မြင့်မြင့်နဲ့ POP သီချင်းချိုချိုလေးတွေကိုဆိုတတ်တဲ့ ကမ္ဘာကျော် အမျိုးသမီးအဆိုတော်မှန်းလူတိုင်းလိုလို သိကြပါတယ်။

သူ့ရဲ့အောင်မြင်မှုဟာ ကျမသွားဘဲ တက်သထက်တက်လာခဲ့တာ အခုဆိုရင် ဒေါ်လာသန်းထောင်ချီရခဲ့တဲ့ သူ့ရဲ့ ဖျော်ဖြေရေးခရီးစဉ်မှတ်တမ်းရုပ်ရှင်ကို အောက်တိုဘာလထဲရုံတင်ပြသမှာဖြစ်တဲ့အတွက် နောက်လထဲ ရုံတင်ပြသဖို့စီစဉ်ထားတဲ့နာမည်ကျော်ရုပ်ရှင်ကာတွေအကုန်လုံးနောက်ဆုတ်ပေးရတဲ့အထိပါပဲ။

Taylor Swift: The Eras Tour” လို့ အမည်ပေးထားတဲ့ မှတ်တမ်းရုပ်ရှင်ကို မြောက်အမေရိကားမှာ အောက်တိုဘာ ၁၃ မှာ ရုံတင်မယ်လို့ တေလာဆွိဖ်က အရင်က တွီတ်တာ၊ အခု နာမည်ပြောင်းလိုက်တဲ့ X အက်စ် လူမှုကွန်ရက်စာမျက်နှာမှာ ဩဂုတ်လကုန်က ကြေညာသွားပါတယ်။

သူ့ကားရုံတင်မယ့်သတင်းကြောင့် Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးက လူအများကြည့်ချင်နေတဲ့ Dune အပိုင်း ၂ ရုပ်ရှင်ကားကို ရုံမတင်နိုင်ပဲ နောက်နှစ် နွေဦးပေါက်အထိ ရွှေ့ဆိုင်းထားရပါတယ်။

အဲဒီနောက် “The Exorcist: Believer” ရုပ်ရှင်ကားက တပတ်စောပြီး အောက်တိုဘာ ၆ ရက်နေ့ရုံတင်ပါမယ်။
နာမည်ကြီးမင်းသမီး Meg Ryan ရဲ့ အချစ်ဇာတ်မြူးကား “What Happens Later” ကတော့ တေလာဆွိပ်ဇာတ်ကားအတွက် နောက်ဆုံးသတင်းပတ် နိုဝင်ဘာ ၃ ရက်နေ့ကို ရွှေ့လိုက်ပါတယ်။ မင်းသမီး Hilary Swank ပါဝင်သရုပ်ဆောင်ထားတဲ “Ordinary Angels” ဇာတ်ကားကလည်း နဂိုက အောက်တိုဘာ ၁၃ ထွက်ဖို့ကို အခုတော့ ရက်ရွှေ့ထားပေမယ့် ဘယ်ရက်မှာ ရုံတင်ပြသမယ်ဆိုတာကို မကြေညာသေးပါဘူး။
တေလာဆွိဖ်ရဲ့ ဇာတ်ကားက ၃ နာရီ နီးပါးကြာပြီး အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေမှာ ရုံတင်မှာ ဖြစ်ပါတယ်။ လက်မှတ်ဈေးတွေကတော့ လူကြီးလက်မှတ်တစောင်ကို ၁၉.၈၉ ဒေါ်လာ၊ ဒါကတော့ တေလာဆွိဖ်ရဲ့ မွေးသက္ကရာဇ်၊ သူ့ရဲ့ တေးဓာတ်ပြားလည်း ဖြစ်တဲ့ “၁၉၈၉” နဲ့ ဂဏန်းတူဖြစ်ပါတယ်။ ကလေးလက်မှတ်ဖိုးကတော့ ၁၃.၁၃ ဒေါ်လာနဲ့ ရောင်းချပါမယ်။

လောင်လို့ကောင်းဆဲ ကမ္ဘာ့ချန်ပီယံ စပိန်အမျိုးသမီးအသင်း
****************************************

အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးချန်ပီယံဆုရ စပိန်အမျိုးသမီးလက်ရွေးစင်အသင်း ပြဿနာမီးစကတော့ အခုအပတ်အတွင်းထိ လောင်လို့ကောင်းနေဆဲဖြစ်ပါတယ်။

အခုဆို နည်းပြ Jorge Vilda ကိုလည်း ရာထူးကထုတ်ပယ်လိုက်ပြန်ပါပြီ။ Vilda ဟာ စပိန်အမျိုးသမီးအသင်းကို ပထမဆုံးအကြိမ်ကမ္ဘာ့ဖလားရအောင် စွမ်းဆောင်ပေးခဲ့အပြီး (၃)ပတ်အကြာမှာ အခုလို ရာထူးကထုတ်ခံခဲ့ရတာပါ။

အမျိုးသမီးကစားသမားတဦးကို အတင်းအကျပ်နမ်းခဲ့တဲ့စွပ်စွက်ချက်နဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ လူဝီ ရူဘီလက်စ်ကို ယာယီ တာဝန်ကရပ်စဲခဲ့ပြီးနောက်ပိုင်း အခုကိစ္စဖြစ်လာတာပါ။ အခုအလုပ်ထုတ်ခံခဲ့ရတဲ့ နည်းပြ Vilda နဲ့ အသင်းကြားမှာတော့ ကမ္ဘာ့ဖလားမတိုင်ခင်ကတည်း သဘောထားကွဲလွဲမှုတွေရှိခဲ့ပါတယ်။

မြန်မာ့အရေး အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသုံးနိုင်ငံ ပူးတွဲကိုင်တွယ်မယ်
****************************************

ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ လာအိုတို့က မြန်မာနိုင်ငံတွင်းဖြစ်ပေါ်နေတာတွေကို ကူညီဖြေရှင်းပေးဖို့ ကိုင်တွယ်လုပ်ဆောင်မယ့်အကြောင်း စက်တင်ဘာ ၆ ရက်နေ့ အာဆီယံအစည်းအဝေးပွဲမှာ သဘောတူလိုက်ကြပါတယ်။

လက်ရှိအာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား၊ ဒီမတိုင်ခင်က ကမ္ဘောဒီးယားနဲ့ လာမယ့် ၂၀၂၄ မှာဥက္ကဋ္ဌအဖြစ်တာဝန်ယူတော့မယ့် လာအိုနိုင်ငံတွေက မြန်မာ့အရေးကို ကိုင်တွယ်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

လက်ရှိအာဆီယံက မြန်မာ့အရေးဖြေရှင်းနိုင်ရေးချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို လုပ်ဆောင်ရာမှာလည်း ထိရောက်မှုမရှိသလို အကောင်အထည်ပေါ်တာမျိုးလည်းမရှိသေးပါဘူး။

မြန်မာ့အရေးအလုပ်မဖြစ်တဲ့ အာဆီယံဘုံသဘောတူညီချက်ကိုပဲ ဆက်ကျင့်သုံးမယ့် အလှည့်ကျဥက္ကဋ္ဌ
****************************************

အာဏာသိမ်းပြီးကတည်းက ချမှတ်ခဲ့တဲ့ မြန်မာ့အရေး အာဆီယံအဖွဲ့ဝင်တွေ သဘောတူချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်ဆုပ်ကိုင်ထားမှာဖြစ်တယ်လို့ လက်ရှိအလှည့်ကျ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားလိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် ဒေသတွင်းလုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်လာနေတာကြောင့် ဒီဘုံသဘောတူညီချက်တွေ အလုပ်မဖြစ်ကြောင်း လူထုအခြေပြုအဖွဲ့တွေက ထောက်ပြထားပေမယ့် စက်တင်ဘာ ၅ ရက်ကစလုပ်တဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲမှာ ဒီသဘောတူညီချက်ငါးရပ်ကို အသင်းကြီးရဲ့ လမ်းညွှန်ချက်အဖြစ် ဆက်လက်ထားရှိမှာဖြစ်တယ်လို့ ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာ့အရေးဆွေးနွေးခဲ့ကြတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ
****************************************

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ဆွေးနွေးပွဲမှာ မြန်မာ့အရေး အဓိကထားဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။

“နိုင်ငံခေါင်းဆောင်တွေ ညွှန်ကြားထားတဲ့အတိုင်း မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုတွေနဲ့ပတ်သက်လို့ အသေအချာ ပြန်လည်သုံးသပ်ပြီး ခေါင်းဆောင်တွေ ဆက်လက် ဆွေးနွေးနိုင်အောင် အကြံပြုချက်တွေ ပြင်ဆင်သွားမယ့်အကြောင်း”လက်ရှိအလှည့်ကျအာဆီယံဥက္ကဋ္ဌနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောသွားပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ မြန်မာ့အရေးအပြင် တောင်တရုတ်ပင်လယ်ပြင်အရေး၊ ဒေသတွင်း စီးပွားရေး၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာ ကိစ္စရပ် အတော်များများကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ကျူးကျော်စစ်ကျူးလွန်သူတွေအတွက် နေရာမရှိ
****************************************

ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ ဒီနှစ်အတွက်ကျင်းပမယ့် နိုဘယ်ဆုပေးပွဲကို ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ကျူးလွန်နေသူ ရုရှားနှင့် အားပေးသူ ဘယ်လာရုနိုင်ငံက သံအမတ်တွေရဲ့ ဖိတ်ကြားစာကို ပြန်လည်ရုတ်သိမ်းလိုက်ပါတယ်။

အဲဒီလို ဖိတ်ကြားတဲ့အပေါ် ကန့်ကွက်မှုတွေထွက်လာအပြီးမှာ သံအမတ် ၂ ဦးကို မဖိတ်တော့ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာကြောင့် ပြီးခဲ့တဲ့နှစ်တုန်းက ရုရှားနဲ့ ဘယ်လာရု နိုင်ငံတို့က သံအမတ်တွေကို နိုဘဲလ်ဆုပေးပွဲအခမ်းအနားနဲ့ ဧည့်ခံပွဲတွေကို မဖိတ်ဖို့ နိုဘဲလ်ကော်မီတီက ဆုံးဖြတ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ အရင်ကအတိုင်း အဲဒီ ၂ နိုင်ငံက သံအမတ်တွေအပါအဝင် ဆွီဒင်နိုင်ငံမှာ ရှိနေတဲ့ သံရုံးအားလုံးက သံအမတ်တွေကို ဖိတ်မယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ နိုဘဲလ်ကော်မီတီက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ကော်မီတီရဲ့ အဲဒီဆုံးဖြတ်ချက်အပေါ် ဒေါသနဲ့တုန့်ပြန်မှု အများအပြားဖြစ်ပေါ်ခဲ့ပါတယ်။

နိုဘဲလ်ဆုရဲ့ စံတန်ဖိုးနဲ့ သတင်းစကားကို အတတ်နိုင်ဆုံး၊ အကျယ်ပြန့်ဆုံး ဖြန့်ချိနိုင်ရေးဟာ အရေးကြီးကြောင်း ကော်မီတီရဲ့ ယုံကြည်ချက်နဲ့အညီ ဒီဆုံးဖြတ်ချက်ကို ချခဲ့တာဖြစ်တယ်လို့ စနေနေ့မှာ ပြောပါတယ်။ ဒါပေမယ့်လည်း ပြင်းထန်တဲ့ ကန့်ကွက်မှုတွေက အဲဒီ ရပ်တည်လုပ်ဆောင်ချက်ကို ကျော်လွန်သွားတယ်လို့ ဆိုပါတယ်။

အစိုးရအဖွဲ့သစ်ကို အတည်ပြုပေးလိုက်တဲ့ ထိုင်းဘုရင်
****************************************

အစိုးရဖွဲ့နိုင်ရေး ၃ လလောက်ကြန့်ကြာနေတဲ့ ထိုင်းနိုင်ငံမှာ ဒီတစ်ပတ်ထဲမှာတော့ အစိုးရသစ်ဖွဲ့နိုင်သွားပါပြီ။
လူငယ်ထုထောက်ခံအားများတဲ့ရွေးကောက်နိုင် Move Forward ပါတီကလူတွေမပါတဲ့ အစိုးရသစ်ကို ဖွဲ့စည်းလိုက်တာလည်းဖြစ်ပါတယ်။

ဒီအစိုးရအဖွဲ့သစ်ကို ထိုင်းဘုရင်က အတည်ပြုလိုက်တဲ့အတွက် အိမ်ခြံမြေသူဋ္ဌေးကြီးဖြစ်တဲ့ ဝန်ကြီးချုပ်သစ် Srettha Thavisin ဦးဆောင်တဲ့ အစိုးရအဖွဲ့ စတင်တာဝန်ထမ်းဆောင်နိုင်တော့မှာဖြစ်သလို ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်း သူဟာ တာဝန်ထမ်းဆောင်သွားမှာပါ။

သူ့ရဲ Pheu Thai ပါတီဝင် ၃ ယောက်ကလည်း ဒု-ဝန်ကြီးချုပ်အပြင် အဓိကကျတဲ့ဌာနတွေဖြစ်တဲ့ နိုင်ငံခြားရေး၊ စီးပွားကူးသန်းစတဲ့ ဝန်ကြီးတာဝန်တွေကို ပူးတွဲ ယူကြမှာဖြစ်ပါတယ်။