ဒိုက်ဦးက ပျောက်နေသည့် ၃ နှစ်ကလေး နှစ်ရက်ကြာသည်အထိ ပြန်မတွေ့သေး

Author ကိုထက်
Categories
Published on Feb 26, 2024

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာအနောက်ပိုင်းက ၃ နှစ်အရွယ်ကလေးငယ်တစ်ဦး ပျောက်ဆုံးနေသည်မှာ နှစ်ရက်ခန့်ကြာပြီဖြစ်သော်လည်း ပြန်လည်မတွေ့ရှိသေးကြောင်း မိသားစုဝင်များက ‌CJ Platform သို့ ပြောသည်။

 

အဆိုပါကလေးငယ်သည် ဖေဖော်ဝါရီလ ၂၄ ရက် ညနေ ၅ နာရီခန့်က နေအိမ်ခြံဝင်းအတွင်း ရှိနေစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ယနေ့အထိ သတင်းအစအနမရသေးကြောင်း ၎င်းတို့က ပြောသည်။

“ဆိုင်ကယ်နဲ့ ရှေ့က အမျိုးသားတစ်ယောက်၊ အနောက်က အမျိုးသမီးတစ်ယောက်၊ အလယ်မှာ ကလေးလေးတစ်ယောက်နဲ့ဆိုပြီး တွေ့လိုက်တဲ့သူတွေရှိတယ်လို့ ပြောနေကြတယ်။ အရပ်ထဲလည်း ဘာရန်ငြိုးရန်စမှ ကျွန်တော်တို့မှာမရှိပါဘူး။ ကလေးက‌ နှစ်ရက်ရှိပြီ။ ဘယ်လိုမှ ရှာလို့မတွေ့ဘူးဖြစ်နေတယ်” ဟု ဖခင်ဖြစ်သူက ပြောသည်။

 

မောင်ဇွဲမာန်သစ်ဟု အမည်ရသည့် ကလေးငယ်သည် စနေနေ့ ညနေ ၅ နာရီခန့်က မိခင်ဖြစ်သူ အိမ်ပေါ်သို့ ထမင်းခူးသွားနေစဉ် မိနစ်ပိုင်းအတွင်း နေအိမ်ခြံဝင်းအတွင်းမှတစ်ဆင့် ပျောက်ဆုံးသွားခြင်းဖြစ်သည်။

 

၎င်းပျောက်ဆုံးမှုနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာ အသုံးပြုသူများက ပြန်လည်ရှာတွေ့နိုင်ရန် မျှဝေ(Share)ခြင်း၊ ဆုတောင်းပေးခြင်းများ ပြုလုပ်ပေးနေကြသည်။

 

“ကျွန်မမှာလည်း သူ့အရွယ် သားလေးတစ်ယောက်တည်းရှိတယ်။ ကျွန်မဆို ရူးသွားမလားမသိဘူး။ ကောင်းကောင်းမွန်မွန်လေး မြန်မြန်ပြန်ရှာတွေ့ပါစေရှင်” ဟု သားသည်မိခင်တစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအတည်ပြုလိုက်ခြင်းနှင့်အတူ နိုင်ငံအနှံ့ လူငယ်၊ လူလတ်ပိုင်း ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး ထိုအထဲ အမျိုးသမီးများပင် ပါဝင်နေသည်ဟု သိရသည်။