ဒလမှာ လေပြင်းတိုက်ခတ်လို့ စက်လှေမှောက်ပြီး လူ ၃ ဦးပျောက်ဆုံး

ရန်ကုန်တိုင်း ဒလမြို့နယ်မှာ ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့ မနက် ၆ နာရီဝန်းကျင်က မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ဗိုလ်တထောင်ဆိပ်ကမ်းအနီးမှာ စက်လှေတစ်စီးတိမ်းမှောက်ကာ လူ ၃ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
တိမ်းမှောက်သွားတဲ့ စက်လှေဟာ ဒလမြို့နယ်ကနေ ဗိုလ်တထောင်ဆိပ်ကမ်းကို ပြေးဆွဲနေတဲ့ ကူးတို့စက်လှေတစ်စီးဖြစ်တယ်လို့ ကနဦးသိရပါတယ်။
လက်ရှိမှာ လေပြင်းတိုက်ခိုက်နေဆဲဖြစ်တာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အခက်အခဲရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒါ့အပြင် ဗိုလ်တစ်ထောင် စည်ပင်ဝန်းအတွင်းမှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် ရပ်နားထားတဲ့ ကွန်တိန်နာကားကြီးတွေ မှောက်လဲတာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက တဆင့် သိရပါတယ်။
ဒလမြို့ပေါ်ရှိ မြို့မ(၃) ရပ်ကွက်၊ ကမ်းနားပတ်လမ်း၊ ကနောင်လမ်းမကြီး၊ ၊ မေခလမ်းနဲ့ မလိခလမ်းက လမ်းသွယ်တွေရှိ သစ်ပင်တွေနဲ့ ဓတ်တိုင်တချို့ လဲပြိုခဲ့ကာ နေအိမ်အမိုးလန်တာတွေဖြစ်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
ဒလမြို့နယ်အပြင် ရန်ကုန်တိုင်းအတွင်းက မှော်ဘီ၊ ဒေါပုံ၊ သာကေတ၊ မင်္ဂလာဒုံ၊ သင်္ကန်းကျွန်း၊ ရန်ကင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)နဲ့ သန်လျင် စတဲ့မြို့နယ်တွေမှာလည်း သစ်ပင်တွေပြိုလဲတာ၊ နေအိမ်အမိုးလန်တာနဲ့ ဓာတ်တိုင်တွေ ပျက်စီးတာတွေ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – ရန်ကုန်ကမ်းနားတစ်နေရာကို မြင်ရပုံ (ပုံဟောင်း)