ဒလမြို့နယ်တွင် အသစ်ပြောင်းရွေ့လာသည့် ဗိုလ်မှူးက ပျူစောထီးအဖွဲ့ထံမှ သေနတ်များပြန်သိမ်းလို့ အတိုင်ခံရ

Author ကိုပေါက်
Categories
Published on Oct 19, 2022

ဒလမြို့နယ်တွင် အသစ်ပြောင်းရွေ့လာသည့် စစ် ကောင်စီတပ်မှ ဗိုလ်မှူးက ပျူစောထီးအဖွဲ့ထံမှ သေနတ်များပြန်သိမ်း၍ ခေါ်ယူအသုံးမပြုတော့ကြောင်း မြို့ခံများထံမှ သိရသည်။

ဒလမြို့နယ်တွင် ကြံ့ဖွံ့ ပျူစောထီး နဲ့စစ်ကောင်စီသတင်းပေးများ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီက ဗိုလ်မှူးတစ်ဦးကို ပြောင်းရွေ့တာဝန်ချထားခဲ့သည်ဟု မြို့ခံတစ်ဦးက CJ Platform ကို ပြောသည်။

“ပျူတွေဆိုတာ လူမိုက်တွေရော ကြံ့ဖွံ့တွေရော သတင်းပေးတွေရော သေနတ်တောင်ပေးထားတာ အခုပြောင်းလာတဲ့ ဗိုလ်မှူးက သေနတ်တွေပြန်သိမ်းပြီး သူတို့ဆီကို မလာခိုင်းတော့ဘူး”ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒလမြို့နယ်ရှိ လူမိုက်များကို စစ်ကောင်စီတပ်မှ ဖွဲ့စည်းသော ပျူစောထီးအဖွဲ့တွင် ထည့်သွင်းကာနေရာပေးခဲ့သည်ဟု ရပ်မိရပ်ဖတစ်ဦးက CJ Platform ကိုပြောသည်။

“အရင်က ဧည့်စစ်တာရော ဖမ်းတာဆီးတာရော အကုန်ပါတယ် လူမိုက်တွေက ကျူးတွေလည်း သူတို့ပဲရှင်းပေးတာစစ်တပ်နဲ့ တစ်ယောက် တစ်ဝက်စီယူပြီး၊ လူမိုက်တွေ ပျူတွေ ပစ်ခတ်ခံရတာများတော့ အရင် ဗိုလ်မှူးနယ်ပြောင်းသွားတယ်”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် ပျူစောထီးများက အဆိုပါဗိုလ်မှူးဖြစ်သူကို လာရောက်ပူးပေါင်းခွင့် မပေးသည့်အတွက်စစ်ကောင်စီကို တိုင်ကြားထားသည်ဟု မြို့ခံတွေဆီက သိရသည်။

ဒလမြို့နယ်တွင် ပြီးခဲံသည့်လများက စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့နှင့် ကြံ့ဖွံ့ပါတီဝင်များ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့သည့် ဖြစ်စဥ်များလည်းရှိသည်။