ဒရုန်းတွင် အသုံးပြုသည့် ဗုံးသီးများ ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း CTUအဖွဲ့ကြေညာ

Author ခေတ်နီ
Categories
Published on Sep 19, 2022

ဒရုန်းတွင် အသုံးပြုပြီး ကျဲချနိုင်သည့် LWAGG – M02 အမျိုးအစား ဗုံးသီးများကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း Civil Technical Unit (CTU) အဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါဗုံးသီးများအား ထုတ်လုပ်ရာတွင် သုတေသနပြုလုပ်ပြီး မြေပြင်မှာလက်တွေ့ စမ်းသပ်ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့ပြီးမှ အောင်မြင်စွာထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ထိုဗုံးသီးများထုတ်လုပ်ရာတွင် အဖက်ဖက်မှပံ့ပိုးကူညီပေးခဲ့ကြသော ပြည်တွင်းပြည်ပရှိအလှူရှင်များ၊ System designer များ၊ Electronics engineer များ၊ မြေပြင်တွင် စွမ်းစွမ်းတမံအားထုတ်ကြိုးပမ်းခဲ့ကြသော CTU အဖွဲ့သားများနှင့် မဟာမိတ်အဖွဲ့ဝင်များကိုလည်း ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ချိတ်ဆက်မှု အခက်အခဲများကြောင့် CTUနှင့်မဟာမိတ်အဖြစ် လက်မတွဲဖြစ်သေးသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ၊ PDF) များအနေဖြင့် LWAGG_M02 ဗုံးသီးကို အသုံးပြုလိုပါက ဆက်သွယ်နိုင်ပြီး လိုအပ်သော တပ်ဆင်ပြုလုပ်နည်း၊ ထုတ်လုပ်နည်း၊ စစ်ဆင်ရေးများတွင် အသုံးချနည်းများအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။