ထွက်ပြေးတိမ်းရှောင်သူများ အိမ်နီးချင်းနိုင်ငံများတွင် ဖမ်းဆီးခံရကာ ပြည်တွင်းသို့ ပြန်လည်ပို့ဆောင်ခံနေရသဖြင့် ကာကွယ်ပေးရန် ဦးကျော်မိုးထွန်း တောင်းဆို
မြန်မာနိုင်ငံမှ ထွက်ပြေး တိမ်းရှောင်သူများ အိမ်နီးချင်းနိုင်ငံများတွင် ဖမ်းဆီခံရကာ ပြည်တွင်းသို့ ပြန်လည်ပို့ဆောင်ခံနေရသဖြင့် ကာကွယ်ပေးရန် သံအမတ် ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေး၌ တောင်းဆိုခဲ့သည်။
နို၀င်ဘာ ၂ ရက်က နယူးယောက်မြို့တွင် ပြုလုပ်သည့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီ လာခံ၏ တတိယကော်မတီတွင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးဘာသာရပ်အောက်၌ ပြုလုပ်သည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာအပေါ် ဆွေးနွေးရာတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် လူဦးရေ ၁ဒဿမ၄သန်းသည် နေရပ်စွန့်ခွာခဲ့ရပြီး လူပေါင်း ၁၅ဒဿမ၂သန်းကျော်သည် လူသားချင်းစာနာမှု အကူအညီလိုအပ်လျက်ရှိကြောင်း၊ အမျိုးသမီးနှင့် ကလေးငယ်များအနေဖြင့် စားနပ်ရိက္ခာနှင့် အဟာရမပြည်၀မှု၊ မသန့်ရှင်းမှုနှင့် ခိုလှုံရန်နေရာအခက်အခဲများအပြင် လူကုန်ကူးမှု၏ အဓိက သားကောင်းများဖြစ်လာမည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ခြေရှိကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂအစည်းအဝေးတွင် တင်ပြခဲ့သည်။
ထို့ပြင် ဖက်ဆစ်စစ်တပ်သည် ပြည်သူများအပေါ် ဆက်လက်လုပ်ဆောင်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် ပြည်တွင်း နေရပ်စွန့်ခွာသူနှင့် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သူများ ပိုမိုတိုးပွားလာမည်ကို စိုးရိမ်ကြောင်း၊ ဒုက္ခသည်များနှင့် နိုင်ငံတကာအကာအကွယ် ရရှိရေးအတွက် ထွက်ပြေးလာသူများအစုသည် အိန္ဒိယ၊ ထိုင်းနှင့် မလေးရှားစသည့် အိမ်နီးချင်းနိုင်ငံများသို့ ရောက်ရှိနေပြီး လက်ခံပေးထားသည့် နိုင်ငံများအနေဖြင့် လိုအပ်သော အကူအညီများပေးပါရန် သံအမတ်ကြီးက တောင်းဆိုခဲ့သည်။
သို့သော် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ရသူများသည် အိမ်နီးချင်းနိုင်ငံများတွင် ဖမ်းဆီးခံရခြင်းနှင့် နေရပ်ပြန်လည်ပို့ဆောင်ခံရခြင်း ဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း၊ အများစုအနေဖြင့် စိတ်ဒဏ်ရာရရှိနေပြီး အချို့မှာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်နေပြီး၊ အချို့သည် ကျန်းမာရေးနှင့် လုံခြုံရေးတို့အတွက် အမြဲတစေပူပန်နေရသည့်အတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများပေးအပ်ပြီး ကာကွယ်ပေးရန် သံအမတ်ကြီးက ကုလသမဂ္ဂသို့တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံမှ အိမ်နီးချင်းနိုင်ငံသို့ စွန့်ခွာပြီး UNHCR ၏ အကာအကွယ်အားတောင်းခံနေသူများအနေဖြင့် အဆင်မပြေမှု၊ စိတ်ပင်ပန်းမှုများဖြင့်သာ အဆုံးသတ်ကြုံတွေ့နေရသဖြင့် နိုင်ငံတကာအကူအညီများတောင်း ဆိုနေသည့် မြန်မာပြည်သူများအတွက် နောက်ကျမသွားမိ နိုင်ငံတကာ၏ အကာအကွယ်ပေးမှုအား တောင်းခံနေသူများကို လျင်မြန်ထိရောက်သည့် အကူအညီများပေးပေးအပ်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလအစည်းအဝေး၌ ပြောကြားခဲ့သည်။