ထောင်မှ လွတ်ငြိမ်းဖြင့် အိမ်ပြန်လာသူ လမ်းတွင် ကားတိုက်ခံရ၍ ခြေထောက်ကျိုးသွား

Author မေ
Categories
Published on Nov 18, 2022

အင်းစိန်ထောင်မှ လွတ်ငြိမ်းဖြင့် အိမ်ပြန်လာသူ တစ်ဦးမှာ ဆိုင်ကယ်ကယ်ရီဌား၍ စီးနင်းလာစဉ် လမ်းတွင် ၎င်းစီးလာသော ဆိုင်ကယ်အား ကားတစ်စီးမှ ဝင်တိုက်မိကာ ခြေထောက်ကျိုးသွားပြီး ဆိုင်ကယ်မောင်းသူမှာလည်း နေရာတင် သေဆုံးမှု ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာ ၁၇ရက် ညပိုင်းက အင်းစိန်ထောင်မှ လွတ်လာသူ တစ်ဦးမှာ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာ ကားဝန်းအနီးမှ ဆိုင်ကယ် ကယ်ရီတစ်စီးအား ငှားစီးကာ အိမ်ပြန်လာခဲ့ကြောင်း သိရသည်။ ထိုသို့ လာစဉ် မင်္ဂလာဒုံမြို့နယ်၊ တညင်းကုန်းနှင့် ခရေပင်လမ်းကြား၊ အစာစပ်မှတ်တိုင်အနီး အရောက်၌ ကရိန်းကားတစ်စီးကာ ၎င်းစီးလာသော ဆိုင်ကယ်အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူမှာ နေရာတင် သေဆုံးခဲ့ကာ ထောင်မှ လွတ်ငြိမ်းဖြင့် လွတ်လာသူမှာ ခြေထောက်ကျိုး ခဲ့ကြောင်း သိရသည်။

” သူက ထောင်က ဒီနေ့မှ လွတ်ငြိမ်းနဲ့ လွတ်လာတယ် ပြောတယ်။ ဆေးရုံမှာ ထောင်ထွက် လက်မှတ်လည်း ပြတယ်။ ဘယ်ကို ပြန်မယ်ဆိုတာတော့ မသိဘူး။ သူက ခြေထောက်နှစ်ချောင်း ကျိုးသွားတာ။ ဆိုင်ကယ်ကယ်ရီမောင်းတဲ့သူကတော့ ပွဲချင်းပြီးဘဲ။ “ဟု ကူညီပေးခဲ့သူ တစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုကြောင့် ခြေကျိုးခဲ့သူအား ဆေးကုသမှု ခံယူရန် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ အမျိုးသားနေ့ဟုဆိုကာ စစ်ကောင်စီမှ အကျဉ်းသား ၅၀၀၀ကျော်အား နိုဝင်ဘာ ၁၇ ရက်နေ့က လွှတ်ပေးခဲ့သည်။ ထိုသို့ လွှတ်ပေးသော်လည်း ရန်ကုန် အင်းစိန်ထောင်၌မူ လွတ်ငြိမ်းခွင့် ရသူများအား ပြန်လွတ်ပေးရန် အချိန်ကြာမြင့်နေသဖြင့် ထိုနေ့ညပိုင်းအချိန် အထိ မိသားစုဝင်များ၊ မိတ်ဆွေအပေါင်းအသင်းများက နာရီနှင့် ချီကာ စောင့်ဆိုင်းရမှုများ ရှိခဲ့သည်။

ဓာတ်ပုံ-CJ

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #လွတ်ငြိမ်း #ယာဉ်တိုက်မှု

Related News

Depend on news