“ထောင်တွင်းလူသတ်မှုကိုကျူးလွန်ပြီး ကိုယ့်ကိုကိုယ်ကြိုးကွင်းစွပ်လိုက်သည့် စစ်ကောင်စီ”

Author CJ Platform
Categories
Published on Aug 24, 2022

🖋မောင်ဒဂုံ

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးကို မြန်မာစစ်တပ်က ကြိုးမိန့်ပေး သတ်ဖြတ်ခဲ့သည်။

ထိုသို့ သတ်ဖြတ်လိုက်ခြင်းက စစ်တပ်အပေါ် ရှိနှင့်ပြီးသား အမုန်းတရားများကို ပို၍ ပြင်းထန်သွားစေပြီး နာကျည်းမှုများအတွက်လည်း ဖြေသိမ့်စရာ ပျောက်ဆုံးသွားစေခဲ့သည်။

“သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်၊ တကယ်မှန်ခဲ့မယ်ဆိုရင်တော့ မိုက်မဲခြင်းလို့ပဲ ပြောရတော့မှာပါ၊ ရှာကြံပြီး ခွင့်လွှတ်ပေးချင်သူတွေတောင် နောက်ဆုတ်သွားကြတော့မှာပါ”ဟု KIA ဗိုလ်ချုပ် ဂွမ်မော်က ဆိုသည်။

ဗိုလ်ချုပ် ဂွမ်မော် ပြောခဲ့သလိုပင် ဖြစ်လာခဲ့သည်။ မြန်မာစစ်တပ်၏ မိုက်မဲမှုကို ကမ္ဘာကြီး တစ်ခုလုံးက အပြစ်တင်ရှုတ်ချလာခဲ့သည်။ တရုတ်နှင့် ရုရှားသည်ပင် လုံခြုံရေးကောင်စီ၏ရှုတ်ချပြစ်တင်ရာ၌ တညီတညွတ်တည်း ပါဝင်လာသည်။

ရုရှားနှင့် တရုတ်နိုင်ငံတို့သည် မြန်မာစစ်ခေါင်းဆောင်များ အပေါ်၌ ရှေးယခင်ဆယ်စုနှစ်များစွာကပင် ကုလသမဂ္ဂ၌ ဗီတို အာဏာသုံး အကာအကွယ် ပေးခဲ့ကြသည့် နိုင်ငံများ ဖြစ်သည်။

လက်ရှိ တကျော့ပြန် စစ်အာဏာသိမ်းကာလတွင်လည်း ရုရှားသည် အာဏာသိမ်းစစ်ခေါင်းဆောင်၏ အဓိက အားကိုးအားထားပြုရာ နိုင်ငံ တစ်ခု ဖြစ်ပြီး တရုတ်သည် စစ်အာဏာသိမ်းမှု၏ နောက်ကွယ်က ကြိုးကိုင်သူအဖြစ် မြန်မာလူထုအများစုက လက်ခံယုံကြည်သည့် နိုင်ငံ တစ်ခုဖြစ်သည်။

အထူးသဖြင့် အာဆီယံ အလှည့်ကျ ဥက္ကဌလည်းဖြစ် ကမ္ဘောဒီယား အာဏာရှင်လည်း ဖြစ်သည့် ဟွန်ဆန်အတွက် မြန်မာစစ်တပ်၏ ကမ္ဘာသိ လူသတ်မှုကြီးက သူ၏ အရှိုက်ကို ဖနောင့်ဖြင့် ခပ်ပြင်းပြင်း စောင့်ကန်လိုက်သလိုပင် ဖြစ်သွားစေသည်။

ဟွန်ဆန်သည် အာဏာသိမ်း စစ်ခေါင်းဆောင်အပေါ် အလွန်ပင် ကူညီပေးခဲ့သူ ဖြစ်သည်။ နိုင်ငံခေါင်းဆောင် တစ်ဦး အဖြစ် အာဏာသိမ်းစစ်ခေါင်းကို အသိအမှတ်ပြုထားသည့် ရှားရှားပါးပါး ဝန်ကြီးချုပ်တစ်ယောက်လည်း ဖြစ်သည်။

အာဆီယံမူ ငါးချက်ဖြင့် စစ်ခေါင်းဆောင် နိုင်ငံရေး ထွက်လမ်း ပြပေးထားသူလည်း ဖြစ်သည်။ သို့သော် စစ်ခေါင်းဆောင်သည် ဟွန်ဆန်အပေါ် ဖုတ်လေသည့် ငပိရှိသည်ဟု မထင်ပေ။

ရှောင်တာနယ်ကိစ္စ၊ အာဆီယူမူ ငါးချက်၊ တိုတွင်လည်း ဟွန်ဆန်သည် စစ်ခေါင်းဆောင် စကားယုံစားမိ၍ အကြိမ်ကြိမ် အရှက်ကွဲခဲ့ဖူးသည်။ ယခုတစ်ဖန် သေဒဏ် ကိစ္စတွင်လည်း ထပ်မံ၍ ဖြစ်လေပြန်ပြီ ဖြစ်သည်။

သေဒဏ်စီရင်မည်ဟု ဇွန်လက စစ်ကောင်စီ ထုတ်ပြောချိန်၌ ဟွန်ဆန်က ပြန်စဥ်းစားရန် တောင်းဆိုခဲ့သည်။ သိုသော် စစ်ကောင်စီက လုံးဝ ဂရုပြုခဲ့ခြင်း မရှိ၊ ကမ္ဘာသိ သတ်ဖြတ်မှုကို ကျူးလွန်ပြလိုက်သည်။

ဒီတစ်ကြိမ်တွင်တော့ ဟွန်ဆန်သည် စစ်ကောင်စီ အပေါ် အမြင်တစ်မျိုး ပြောင်းလဲသွားခဲ့တော့သည်။

စစ်ကောင်စီ၏ ကမ္ဘာကျော် အင်းစိန်ထောင်တွင်း လူသတ်မှုအပြီး ဟွန်ဆန်က “၅၅ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမစတင် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို သေဒဏ်စီရင်ခြင်းကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး သေဒဏ်စီရင် လိုက်မှုကြောင့် အာဆီယံ၏ကြိုးပမ်းမှုကို နောက်ပြန်ဆုတ်စေသည့်အပြင် အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရေး ဆက်လက်ဆောင်ရွက်လိုစိတ်ဆန္ဒ လုံးဝမရှိခြင်းကိုပြတယ်” ဟူ၍ သူ၏ စိတ်ပျက်မှုကို ပြတ်ပြတ်သားသားဖြင့် ဖော်ပြခဲ့သည်။

စစ်ကောင်စီအပေါ် သဘောထား ပျော့ပြောင်းသည့် ထိုင်းနိုင်ငံဘက်ကလည်း စစ်ကောင်စီ၏ လုပ်ရပ်သည် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ပဋိပက္ခများကို ပိုမိုဆိုးရွားသွားစေသည်ပြီး သတ်ဖြတ်ခံခဲ့ရသူ လေးဦးအတွက် အထူးဝမ်းနည်းမိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့ပြင် နိုင်ငံရေးသည် ရက်စက်ကြမ်းကြုတ် အကြမ်းဖက်ကာ အင်အားသုံး၍ မတူညီမှုများအတွက် အဖြေရနိုင်မည် မဟုတ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက စစ်ကောင်စီ၏ အကြမ်းဖက်မှုကို ရည်ညွှန်းပြောဆိုခဲ့သည်။

စစ်ကောင်စီသည် တော်လှန်ရေးရဲဘော် လေးဦးကို ကြိုးပေး သတ်ဖြတ်ခဲ့ချိန်သည် အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆွတ်ခွန် နေပြည်တော်သို ရောက်လာခဲ့အပြီး တစ်လပင် မပြည့်ခဲ့ချေ။

ထို့ပြင် လာမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြုလုပ်ရက် ရက်ပိုင်းမျှ လိုသည့် အချိန်တွင်လည်း ဖြစ်သည်။ ထိုကြောင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီ၏ လုပ်ရပ်သည် အာဆီယံမူ ငါးချက်ကို မထေ့မဲ့မြင် ပြုသည်ဟု ယူဆခဲ့ပြီး အစည်းအဝေး၌ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို မဖိတ်ရန် ပြောခဲ့သည်။

စစ်ကောင်စီသည် ဒေသတွင်း နိုင်ငံများ အပြင် ၄င်းတိုနှင့် နီးစပ်သည့် နိုင်ငံများ၏ ပြစ်တင်ရှုတ်ချမှုကိုပါ ကြုံတွေ့နေရသည်။ ကုလသမဂ္ဂ၊ အမေရိကန်နှင့် မဟာမိတ်နိုင်ငံများသည်လည်း ယခု သေဒဏ်ပေး သတ်ဖြတ်ခြင်းကို အစဥ်အလာ မပြတ်ပင် ဖိအားပေး ပြင်းပြင်းထန်ထန် ရှုချထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က“မိမိတို့၏အခြေခံကျသော လွတ်လပ်ခွင့်များကို ကျင့်သုံးသည့်အတွက် ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများနှင့် ရွေးကောက်ခံခေါင်းဆောင်များဖြစ်ကြသော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို စစ်အာဏာရှင်အဖွဲအစည်းက ကွပ်မျက်ခဲ့ခြင်းအပေါ် အမေရိကန်ပြည်ထောင်စုမှ အပြင်းထန်ဆုံးသောရှုတ်ချမှုဖြင့် ရှုတ်ချပါသည်” ဟု ပြောသည်။

အလားတူ UN အတွင်းရေးမှူးချုပ် အန်ထိုနီဂူတာရက်စ် ကလည်း” နိုင်ငံရေးအကျဉ်းသားလေးဦးဖြစ်သည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်အပေါ် သေဒဏ်ချမှတ်မှုအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချပြီး မိသားစုများနှင့်အတူ ဝမ်းနည်းကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံးကွပ်မျက်မှု ဖြစ်ပြီးအဆိုပါလုပ်ရပ်များက မြန်မာ့လူ့အခွင့်အရေးအခြေအနေများကို ပိုမိုပျက်ဆီးယိုယွင်းစေကြောင်းနှင့် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တိုအပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရန် ထပ်မံတောင်းဆိုလိုက်ကြောင်း” ဟု ပြောဆိုလိုက်သည်။

အာရှဆိုင်ရာ ဗြိတိန်ဝန်ကြီးကလည်း စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန်ပင် ပြစ်တင်ရှုတ်ချခဲ့သည်။

၄င်းက မြန်မာနိုင်ငံ၌ ဒီမိုကရေစီအရေးလှုပ်ရှားသူများအား ယုတ်မာရိုင်းစိုင်းရက်စက်စွာ ကွပ်မျက်မှုကို ထိတ်လန့်စက်ဆုပ်ရွံရှာမိပြီး စစ်ကောင်စီ၏ လုပ်ရပ်သည် သူရဲဘောကြောင်သည့်လုပ်ရပ်ဖြစ် ကာ လွတ်လပ်မှုများပိုမိုကောင်းမွန်သည့် အနာဂတ်များ ရရှိရန် မြန်မာလူထုက ရဲစွမ်းသတ္တိရှိစွာဖြင့် ဆုံးဖြတ်ချက်ခိုင်မာစွာချမှတ်၍ ကြိုးစားတွန်းလှန်နေမှုများ ရင်ဆိုင်နေရချိန်တွင် မြန်မာစစ်တပ်၏ သွေးပျက်နေမှုအခြေအနေကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ် သည်ဟု ပြစ်တင်ပြောဆိုခဲ့သည်။

G7၊ EU အပါအဝင် ဒီမိုကရေစီ နိုင်ငံများအားလုံးကလည်း စစ်ကောင်စီ၏ သတ်ဖြတ်မှုကို အပြင်းထန်ဆုံးသော စကားလုံးများကို သုံး၍ ပြစ်တင်ရှုချခဲ့သည်။

ဤသို့ ကမ္ဘာကြီး၏ တညီတညာတည်း ပြစ်တင်ရှုချမှုကို ကြုံတွေ့လိုက်ရသည်အခါ စစ်ကောင်စီသည် ဖိအားများအတွက် ဟန်ပင်မဆောင်နိုင်ခဲ့ပေ။

ဇူလိုင် ၂၆ရက် စစ်ကောင်စီ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ်ဇော်မင်းထွန်းသည် နာမည်ကြီး စစ်ကောင်စီ ဝါဒဖြန့်သမားကြီး ဦးမိုးဟိန်းနှင့် စည်းဝါးကိုက်ထားသည့် အမေးအဖြေများကို ပြုလုပ်ခဲ့သည်။

၄င်းတို့ သတ်ဖြတ်ရခြင်းသည် သတ်ဖြတ်သင့်သည့် ပြစ်မှုကို ကျူးလွန်ခဲ့သဖြင့် သတ်ဖြတ်ရခြင်း ဖြစ် သည့် ပုံစံမျိုးကို ဒေါသသံ ခပ်ပြင်းပြင်းဖြင့် ပြောဆိုခဲ့ပြီး နိုင်ငံတကာ၏ ပြစ်တင်မှုများကို ရှောင်လွှဲရန် ကြိုးစားတော့သည်။

အချိန်ကိုက်ပင် ဇူလိုင် ၂၇ရက်တွင် ကိုဂျင်မီ၏ မိဘများ ရှိရာ အင်းစိန်မြိုနယ်မှ နေအိမ်နှင့် ကိုဖြိုးဇေယျာသော်၏ ကျောက်တံတားမြိုနယ် ဗိုလ်အောင်ကျော်လမ်း နေအိမ်များ ရှေ့သို ဒေါသထွက်နေသော လူအုပ်ကြီး ရောက်ရှိလာခဲ့သည်။

စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်လိုက်သူလေးဦးသည် လူထုအမြင်နှင့် ကမ္ဘာကြီးအမြင်၌ သူရဲကောင်းများ ဖြစ်သွားခဲ့သည်။ ဒေါသထွက်နေသော လူအုပ်ကြီးက စစ်ကောင်စီ၏ ယုတ်မာမှုကို ဖုံးဖိရန် ကြိုးစားကြသည်။

၄င်းတို့က ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့သည် ၄င်းတို့၏ မိသားစုဝင်များကို သတ်ဖြတ်ခဲ့သူများ ဖြစ်သဖြင့် သေသင့်သောသူများဖြစ်သည်ဟူ၍ ကြွေးကြော် ဆဲဆိုခဲ့ကြသည်။

၄င်းတို့၏ လုပ်ရပ်သည် တရားမဲ့ ကြိုးပေးသတ်ဖြတ်ခံလိုက်ရသည့်အပြင် မိသားစုနှင့် ပွင်းလင်းစွာ နှုတ်ဆက်ခွင့် မရှိခဲ့သည့် ကြေကွဲဝမ်းနည်းနေရသူများအပေါ် မည်မျှ လူမဆန်စွာ ပြုမူခဲ့ခြင်းကိုမူ သတိပြုမိခဲ့ခြင်း ရှိဟန်မတူပေ။

ဒေါသထွက်နေသော လူအုပ်ကြီးတွင် ပါဝင်ခဲ့ကြသူများသည် စစ်တပ်လက်ဝေခံများ အဖြစ် ဒီဂျစ်တယ်ခေတ်ရေးစီးကြောင်း၌ ဖုံးဖိ၍ မရသည့် ဓါတ်ပုံသက်သေများ လူမှုကွန်ယက်ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။

မြင်တွေ့ရသူ လူထုအပေါင်းသည် စစ်တပ်နှင့် ၄င်းတို့ လက်ဝေခံများ၏ လုပ်ရပ်ကို ပို၍ ပင် အော့နှလုံးနာလျက် ရှိနေကြသည်။ ရွံရှာ၍ပင် မဆုံးသေးပေ။ စက်ဆုတ်စရာ လုပ်ရက်ကို စစ်တပ်လက်ဝေခံများက ထပ်မံပြုလုပ်လိုက်ပြန်သည်။

ဇူလိုင် ၂၉ရက်တွင် လူထုပင် လွတ်လပ်စွာ ဖြတ်သန်းခွင့် မရှိတော့သည့် ရန်ကုန်မြိုလယ် ဆူးလေစေတီတော်မြတ်ကြီးရှေ့၌ စစ်တပ်၏ ကမ္ဘာသိ လူသတ်မှုကို ထောက်ခံသည့် ပွဲအား စစ်ဗိုလ်ချုပ်ဟောင်း ဘူးလက် ဦးလှဆွေ ဦးဆောင်ပြီး ပြုလုပ်ခဲ့လေသည်။

ဗြမ္မာစိုရ် တရားလေးပါးကို လက်ကိုင်ထားသည့် ဗုဒ္ဓဘာသာဝင်များ အတွက် ၄င်းတို့ အထွတ်အမြတ်ထားရာ ဆူးလေစေတီတော်ကြီးရှေ့၌ လူသတ်မှုထောက်ခံပွဲပြုလုပ်ပြလိုက်သည့် စစ်တပ်နှင့် လက်ဝေခံများကို အလွန်ပင် စက်ဆုပ်မိကြလေတော့သည်။

” ဟာ တော်တော် ယုတ်မာတာပဲ။ ပြစ်ဒဏ် ရှိလို့ အပြစ်ပေးတယ် ဆိုရင်တောင် ဒါ လူသတ်တာကြီး ဒီလိုထောက်ခံတာ လုံးဝမဖြစ်သင့်ဘူး။ အခုဟာက ဘယ်လောက်တောင် ဆိုးရွားလိုက်သလဲ။ ဒီလူတွေ တော်တော် အောက်တန်းကျတယ်” ဟု ဗုဒ္ဓဘာသာ ဓမ္မကထိကဆရာမ တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ၄င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို အမြဲပင် လိမ်ညာလေ့ရှိခဲ့သည်။ မမြသွဲ့သွဲ့ခိုင် ဦးခေါင်းကျည်သင့်ခဲ့ရချိန်တွင်လည်း ကျည်အစစ်မဟုတ်ဟု လိမ်လည်ခဲ့သည်။

ယခုလည်း ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို လေးဦးကို သတ်ဖြတ်ခဲ့ခြင်းအားလည်း ၄င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် လက်နက်ကိုင်တော်လှန်ခဲ့ရသည်ကိုမူ မည်သည့်အခါမျှ ဝန်ခံခဲ့ခြင်း မရှိပေ။

ယခု လူထု တော်လှန်ရေးကြီး၏ အရင်းကို စစ်ကြည့်ပါက သိမြင်နိုင်မည် ဖြစ်သည်။ ၁၉၆၂ခုနှစ် မတ် ၂ရက်က စပြီး မြန်မာစစ်တပ်သည် တိုင်းပြည်၏ အာဏာကို ချုပ်ကိုင်ထားခဲ့သည်မှာ ယနေ့အချိန်ထိပင် ဖြစ်သည်။ ၂၀၀၈ ခြေဥ ဖြင့် ၂၀၁၀ခုနှစ်၌ စစ်တပ်သည် နိုင်ငံအတွက် ရွှေရည်စိမ် ဒီမိုကရေစီ စနစ်ကို ဖန်တီးခဲ့သည်။

အရပ်ဝတ်လဲ စစ်ခေါင်းဆောင်များသည် ၄င်းတို့၏ နိုင်ငံရေး တရားဝင်မှု ရရှိစေရေး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၈ ခြေဥ အောက်က လွှတ်တော်အတွင်းသို့ မရမက ဆွဲသွင်းနိုင်ခဲ့သည်။

သို့သော် NLD ၏ အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်ဆက် အောင်နိုင်ခဲ့ချိန်တွင် စစ်တပ်သည် ၄င်းတို့ စိတ်ကြိုက် ရေးဆွဲခဲ့သည့် ခြေဥ ကို ၄င်းတို့ကိုယ်တိုင်ပင် ချိုးဖောက်ခဲ့တော့သည်။

ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်တပ်သည် လူထု၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို ရက်ရက်စက်စက်ပင် ပစ်ခတ်သတ်ဖြတ်ကာ ဖြိုခွဲခဲ့သည်။ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများက ဒီဂျစ်တယ် ခေတ်ရေစီးကြောင်း၌ သက်သေများ ဖုံးဖိ၍ မရတော့ပေ။

ခေါင်းတည့်တည့် ပစ်ခတ်ခံရ၍ ကြွေလွင့်ခဲ့ရမှုများ၊ ဖမ်းဆီးပြီး ရက်ရက်စက်စက် သတ်ဖြတ်ကာ အလောင်းပြန်ပိုမှုများ၊ ကလေးသူငယ်များမှ အစ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် မိခင်များကို သတ်ဖြတ်မှုများက ဖိနှိပ်ရက်စက်ကြမ်းကြုတ်လွန်းသည့် ဖက်ဆစ်စစ်တပ်ကို လက်နက်ကိုင် တော်လှန်ရန် ဖြစ်လာခဲ့သည်။

လူငယ်အများအပြားသည် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲများရှိရာဆီ သွားရောက်၍ စစ်ပညာသင်ယူခဲ့ကြသည်။ ရွေးကောက်ခံ ကိုယ်စားလှယ်များက အမျိုးသားညီညွတ်ရေး အစိုးရ ကိုဖွဲ့စည်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(PDF) များ၊ ဒေသကာကွယ်ရေးတပ် (LPD) များ စသဖြင့် စစ်တပ်ကို လက်နက်ကိုင် တော်လှန်သည့် တပ်ဖွဲ့များစွာ ပေါ်ထွက်လာခဲ့သည်။

ပြီးခဲ့သည့်နှစ် ဧပြီတွင် စတင်၍ လက်နက်ကိုင် တော်လှန်မှုများကို နိုင်ငံအဝန်းတွင် မြင်တွေ့လာရသည်။ မြိုပြပျောက်ကျား တပ်ဖွဲ့များက စစ်ကောင်စီ တပ်ဖွဲ့များကို ဦးတည်၍ တိုက်ခိုက်ခဲ့ကြသည်။

လုံးဝအုပ်ချုပ်ခွင့်မရစေရ ဟူသည့် ကြွေးကြော်သံ အောက်၌ စစ်တပ်၏ အုပ်ချုပ်မှုကို ကူညီပေးနေသည့် အုပ်ချုပ်ရေးအဖွဲဝင်များ၊ တော်လှန်ရေးနှင့် ဆန္ဒပြမှုများကို သတင်းပေးသည့် စစ်တပ်သတင်းပေးများစွာတို့သည် တော်လှန်ရေးတပ်ဖွဲ့များ၏ ရှင်းလင်းခြင်းကို ခံခဲ့ရသည်။

တော်လှန်ရေးအင်အားစုများက စစ်သတင်းပေး ဒလန်များကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည့် လူငယ်များစွာ ဖမ်းဆီးခံခဲ့ရခြင်း၊ တော်လှန်ရေး တပ်သားများ ဖမ်းဆီး သတ်ဖြတ်ခံရမှုများ ဖြစ်နေရသည်ဟု ယုံကြည်ကြသည်။

ထို့ကြောင့်ပင် တော်လှန်ရေး ကာလအတွင်း ဒလန် ရှင်းလင်းမှုများစွာကို မြင်တွေ့လာရသည်။ မြိုပြပျောက်ကျားများသည် မြိုပေါ်၌ စစ်ကောင်စီတပ်သားများကို အလစ်အငိုက် ဝင်တိုက်ခြင်းများနှင့် စစ်သတင်းပေး ဒေါက်တိုင်များကို ရှင်းလင်းများအဓိက လုပ်ဆောင်ကြသည်။

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို နှစ်ဦးသည်လည်း စစ်တပ်၏ ကြမ်းကြုတ် ရက်စက်မှုများကိုလက်နက်ကိုင်တော်လှန်ရန် ဆုံးဖြတ်ခဲ့သူများတွင် ပါဝင်ခဲ့သည်။ ရန်ကုန်မြို၌ မြိုပြပျောက်ကျား တော်လှန်မှုများကို ဦးဆောင်ရင်း ပြီးခဲ့သည့်နှစ်တွင် ၄င်းတို့နှစ်ဦးသည် စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ထို့နောက်တွင်ကား အများသိကြသည့်အတိုင်းပင် စစ်ကောင်စီသည် ကမ္ဘာသိ လူသတ်မှုကို ကျူးလွန်ခဲ့လေတော့သည်။ ထိုအခါ တော်လှန်ရေး အင်အားစုများနှင့် ဖိနိပ်ခံလူထုသည် ဖက်ဆစ်စစ်တပ်ပြုတ်ကျရေး ပို၍ပင် စိတ်အားခိုင်မာလာကြသည်။

ဗိုလ်ချုပ် ဂွမ်မော်ပြောခဲ့သလိုပင် စစ်တပ်နှင့် ပူးပေါင်း၍ လုပ်ကိုင်နေကြသူများပင် စစ်တပ်၏ မိုက်မဲမှုကို စက်ဆုပ်သွားကြသည်။

စစ်ကောင်စီနှင့် ပူးပေါင်းပြီး ငြိမ်းချမ်းရေး လုပ်ငန်းများ လုပ်ကိုင်နေ၍ လူထု၏ ဝေဖန်မှုကို ခံနေရသည့် PPST ပင်လျှင် စစ်တပ်၏ လုပ်ရပ်ကို အပြစ်တင်လာခဲ့သည်။

စစ်တပ်၏ ယခု လုပ်ရပ်သည် ပါဝင်သင့်သူများ အားလုံး ပါဝင်သည့် နိုင်ငံရေး စားပွဲဝိုင်းများကို ပို၍ ဝေးကွာသွားစေပြီး ပဋိပက္ခ မီးတောက်များကို ပို၍ ကြီးထွားလာစေသည်ဟု PPST ဘက်က သဘောထားများ ပြောဆိုလာခဲ့သည်။

သတ်ဖြတ်ခံခဲ့ရသူ ကိုဂျင်မီ၏ နိုင်ငံရေး ရဲဘော်ရဲဖက်ဟောင်း ဦးကိုကိုကြီးကလည်း စစ်ကောင်စီသည် နိုင်ငံတော် လူသတ်မှုကို ကျူးလွန်ခဲ့ပြီဟူ၍ BBC သတင်းဌာနနှင့် တွေ့ဆုံရာတွင် ပြောခဲ့သည်။

ထိုသို့ စစ်တပ်နှင့် ပူးပေါင်း လုပ်ဆောင်နေသူများပင် စစ်တပ်လုပ်ရပ်ကို မနှစ်မြိုတော့သည့်အခါ တော်လှန်ရေးအင်အားစုများအတွက် ဆိုဖွယ်ရာ မရှိတော့ပေ။

ရက္ခိုင့်တပ်တော်၊ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ၊ ကော့သူးလေး တပ်မတော်၊ PDF ၊ NUG ရှိရှိသမျှ ဖက်ဆစ်စစ်တပ်ကို တော်လှန်နေကြသူများ အားလုံးက စစ်တပ်၏ လုပ်ရပ်အတွက် ပြန်ပေးဆပ်ရမည်ဟူသည့် သဘောထားများကို ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ခြင်းနှင့်အတူ တော်လှန်ရေး မီးတောက်ကိုလည်း အရှိန်မြှင့်လာခဲ့ကြပြီဖြစ်သည်။ တစ်ကျော့ပြန် စစ်အာဏာသိမ်းကာလနောက်ပိုင်းကတည်းက နိုင်ငံတစ်ဝှမ်း၌ စစ်တပ်ဖြုတ်ချနိုင်ရေး စစ်ပွဲများ ပေါ်ပေါက်လာခဲ့သည်။

စစ်ပွဲများ၏ ဘေးထွက်ဆိုးကျိုးကြောင့် လူဦးရေ တစ်သန်းသုံးသိန်းကျော်သည်လည်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသည်။ ထို့ကြောင့် အချို့သော စစ်တပ်ကို တော်လှန်နေကြသူများသည် သွေးထွက်သံယိုမှုများ ထပ်မဖြစ်စေရေး နိုင်ငံရေး စားပွဲဝိုင်းဆွေးနွေးပွဲများ ဖြစ်လာရန် မျှော်လင့်နေခဲ့ကြဖူးသည်။

သိုသော် မြန်မာစစ်တပ်သည် ၄င်းတို့သည် အကြမ်းဖက်များ ဖြစ်သည့်အတွက် မည်သူကမျှ ဆွေးနွေးချင်စိတ် မဖြစ်စေရန် အကြမ်းဖက်လုပ်ရပ်များကို ဆက်တိုက် ဆက်တိုက်ပင် ပြုလုပ်နေသည်။

တော်လှန်နေကြသူများ၏ ဆုံးဖြတ်ချက်သည် အကြမ်းဖက်စစ်တပ် အလုံးစုံပြုတ်ကျရေး ဖြစ်သည်။ ယခုအခါ ထို ဆုံးဖြတ်ချက်များ ပို၍ ပို၍ ခိုင်မာလာကြသည်။

တရားကို နတ်စောင့်သည်ဟူ၍ စကားပုံရှိခဲ့သည်။ ထိုစကားပုံသည်သာမှန်ပါက တရားသောစစ်သည် အောင်နိုင်မည်သာ ဖြစ်ပေမည်။