ထီးလင်းမှာ အရပ်သား လေးဦးကို စစ်ကောင်စီတပ်မှ လက်ပြန်ကြိုးတုပ်ပြီး အသက်ဆုံးပါးစေသည်အထိ နှိပ်စက်

Author ခေတ်နီ
Categories
Published on Oct 14, 2022

မကွေးတိုင်း ထီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် အနောက်ဘက် ကျေးရွာတွင် လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခြင်းခံခဲ့ရသည့် အရပ်သား ၄ ဦးကိုတွေ့ရှိခဲ့ကြောင်း ယောကာကွယ်ရေးတပ် YDFထီးလင်းက ယမန်နေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်လာလ၁၉ရက်နေ့မှစတင်ပြီး ထီးလင်းမြို့နယ်အတွင်းသို့ အညာတောရွာမှတဆင့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည့် စစ်ကောင်စီတပ်၏ ခလရ(၅၀) နှင့်ပျူစောထီးများပါဝင်သည့် စစ်ကြောင်းသည် လမ်းတလျှောက်ရှိကျေးရွာနေအိမ်များကို ဖျက်ဆီးခြင်း ပစ္စည်းများလုယက် ယူဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ မနက်ပိုင်းတွင် အနောက်ဘက်ရွာမှ ဆုတ်ခွာသွားတာကြောင့် YDF (ထီးလင်း)တပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေချိန် နေအိမ်ပေါ်တွင် လက်ပြန်ကြိုးတုပ်လျှက် မီးရှို့သတ်ဖြတ်ခံထားရသော ရုပ်လောင်း(၄)လောင်းကို တွေ့ရှိခဲ့တာပဲ ဖြစ်သည်။

ထို့အပြင် အနောက်ဘက်ကျေးရွာမှ ကျေးရွာသားများဖြစ်သည့် ဟိန်းထက်-အသက် ၁၈ နှစ်၊အောင်ဖြိုးကို-အသက် ၁၄ နှစ်၊ညိုမင်း -အသက် ၁၇ နှစ်၊ဇင်မင်း-အသက် ၂၈ နှစ်၊ဇင်ထွန်း-အသက် ၃၃ နှစ်(ဇင်မင်း၏အကို)၊မောင်အေး-အသက် ၅၇ နှစ်တို့ဟာလဲ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ YDFထီးလင်းကဆိုသည်။

စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးရာလမ်းတလျောက်က နေအိမ် ၄၂လုံးကိုလဲ မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ YDFထီးလင်း ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။