ထို့ကော်ကိုးလမ်းပိုင်းတွင် ယာဉ်တိမ်းမှောက်မှု နေ့စဉ် ဖြစ်ပေါ် လမ်းပိုင်းတလျှောက် ငွေတောင်းခံသည့် ဂိတ်များ များပြားသော်လည်း လမ်းပြုပြင်ပေးမည့်သူ မရှိဖြစ်နေ

Author သီရိ
Categories
Published on Mar 07, 2024

တိုက်ပွဲများကြောင့် မြဝတီ-ကော့ကရိတ်လမ်းပိုင်း အာရှလမ်းမကြီး ပိတ်ထားရပြီးနောက် ခရီးသွားလာရေးအတွက် ထို့ကော်ကိုးလမ်းပိုင်းကို ပြောင်းလဲ အသုံးနေရချိန်တွင် လမ်းပိုင်းတလျှောက် အဖွဲ့အစည်းမျိုးစုံမှ ငွေတောင်းခံသည့် ဂိတ်များဖွင့်လှစ်ကာ တောင်းခံနေသော်လည်း လမ်းပိုင်းပြင်ဆင်ပေးခြင်း မရှိခြင်းကြောင့် နေ့စဉ် ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပေါ်နေကြောင်း ခရီးသွားလာသည့် ပြည်သူများထံမှ သိရသည်။

 

တောင်တက်လမ်းပိုင်းနေရာများတွင် လမ်းပျက်စီးမှုများ ပိုမိုများပြားနေပြီး ပြန်လည်ပြုပြင်ပေးမည့် အဖွဲ့များ မရှိကြောင်း၊ လမ်းပျက်သည့် နေရာများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA (PC) မှ ထွန်စက်ကြီးများကို ထားရှိကာ လမ်းပိုင်းဆိုးဝါးမှုကြောင့် တောင်တက်လမ်း မမောင်းနိုင်သည့် မော်တော်ယာဉ်များကို ထွန်စက်ဖြင့် ဆွဲပေးကာ အိမ်စီးကားငယ်တစ်စီးလျှင် သုံးသောင်းကျပ်၊ ခြောက်ဘီးတပ် ကုန်ကားတစ်စီးလျှင် ငါးသောင်းကျပ် တောင်းခံနေကြောင်း သိရသည်။

 

“အခုတလော ကားအတက်အဆင်း နည်းသွားတယ်၊ လမ်းအခြေနေက ဆိုးသထက်ဆိုးပဲ ကားမှောက်တာလည်း နေ့တိုင်းပဲ ကားမှောက်တာတွေက၊ လမ်းဆိုးပြီးမှောက်ကြတာ အရှိန်များပြီး မှောက်တာမဟုတ်တော့ ဒဏ်ရာရတာလောက်ပဲ ရှိတယ်။ အတက်မြင့်တဲ့နေရာမှာ ထွန်စက်နဲ့ဆွဲပေးတယ် ထွန်စက်နဲ့လမ်းညှိပေးရင်ရတာကို မလုပ်ပေးဘူး။ လမ်းပျက်လည်း ဒီတိုင်းပဲ ကားဆွဲဖို့ပဲစောင့်နေတာ ထို့ကော်ကိုးလမ်းမှာက ဘာမှအလကားမရဘူး”ဟု ထို့ကော်ကိုးလမ်းအား နေ့စဉ်နီးပါး အသုံးပြုနေရသူ ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

 

ထို့အပြင် ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ကာ ၁၂ဘီးတပ် မော်တော်ယာဉ်များအား ဖြတ်သန်းသွားလာခွင့် ပြုထားပြီး တိုက်ပွဲများကြောင့် မြဝတီမြို့တွင် ရပ်တန့်ထားရသည့် ၂၂ဘီးတပ် တွဲကားများကို ပြန်လည်ယူဆောင်လိုပါက စစ်ဆေးရေးဂိတ် အဆင့်ဆင့်မှ ကျပ်သိန်း (၆၀)အထိ တောင်းခံကာ ကုန်တင်ခွင့် မပေးဘဲ ကားအလွတ်အတိုင်း ပြန်လည်သယ်ယူခွင့် ပေးနေကြောင်း သိရသည်။

 

“ထို့ကော်ကိုးက အခု၁၂ဘီးတွေ သွားနေတယ် လက်ရှိကားကြီးက အဲလမ်းကပဲရတာ တွဲကားကတော့ အရင်က ပိတ်မိထားတဲ့တွေခါလီတွေပဲ ပေးဖြတ်တယ်။ လမ်းကြေးတင် မနည်းပေးရတယ် ကုန်နဲ့ကတော့ အ  ဆင်မပြေနိုင်ဘူး လမ်းကဆိုးတာနဲ့ မြဝတီကနေ အောက်အရောက်ပို့တာ ၄၀ကျော်၅၀နီးပါး ကုန်တယ် အရင်က ၅၀၀တောင်းတဲ့ ဂိတ်တွေလည်းအခု တစ်သောင်းလောက် မပေးနိုင်ရင် မလာနဲ့တဲ့”ဟု ၁၂ဘီး ယာဉ်မောင်းတစ်ဦးက ဆိုသည်။

 

လမ်းပိုင်း ဆိုးဝါးစွာ ပျက်စီးနေခြင်း၊ လမ်းကြေးများ အဖွဲ့စုံမှ အဆမတန် တောင်းခံနေခြင်းကြောင့် ထို့ကော်ကိုးလမ်းပိုင်းတွင် ယာဉ်သွားလာမှု နည်းပါးနေပြီး မြဝတီမြို့တွင် ကုန်ပစ္စည်းများ ရှားပါးလာခြင်း၊ ကုန်စျေးနှုန်းများ မြင့်တက်ခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

 

ဓာတ်ပုံ − ပေးပို့

 

ပုံစာညွှန်း – ထို့ကော်ကိုးလမ်းပိုင်းတွင် တိမ်းမှောက်နေသည့် မော်တော်ယာဉ်တစ်စီးအား မြင်ရပုံ