ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားဂိတ်တွင် စအဖအရာရှိတစ်ဦး ရုံးလာထိုင်၊ ၅၀၅(က)မှတ်တမ်းရှိသူ နှစ်ဦး ဖမ်းဆီးခံရ

Author လင်းနွေဦး
Categories
Published on Apr 04, 2024

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားဖြတ်သန်းရေးဂိတ်တွင် စစ်ကောင်စီ လက်အောက်ခံ စုံစမ်းထောက်လှမ်းရေး(စအဖ)ဌာနမှ အရာရှိတစ်ဦး ယနေ့ ဧပြီလ ၄ ရက်နေ့မှစတင်၍ ရုံးထိုင်နေကြောင်း စုံစမ်းသိရှိရသည်။

 

ထိုင်းနိုင်ငံဘက်သို့ သွားရောက်မည့်သူများကို စစ်ဆေးမှုများတင်းကြပ်နေပြီး နိုင်ငံရေးပုဒ်မ ၅၀၅(က)မှတ်တမ်းရှိသူ နှစ်ဦးဖမ်းဆီးခံရကြောင်း ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားတွင် တံတားကူးလက်မှတ် သွားရောက်သက်တမ်းတိုးသူများထံမှ သိရသည်။

 

ယခုအခါ မြန်မာနိုင်ငံတွင်း နိုင်ငံရေးမတည်ငြိမ်မှု၊ မြဝတီမြို့အနီးတွင် စစ်ကောင်စီနှင့် တော်လှန်ရေး တပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်နေသဖြင့် ဒေသခံအများစုမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သွားရောက်တိမ်းရှောင်လိုသဖြင့် တံတားကူးလက်မှတ်များ ပြုလုပ်သူ နေ့စဉ်များပြားလျက်ရှိရာ စစ်ကောင်စီမှ ယခုကဲ့သို့ စစ်ဆေးမှုတင်းကြပ်နေခြင်းဖြစ်ကြောင်း ယင်းဒေသခံများက ဆိုသည်။

 

“ အရင်က အဲဒီလောက် မရစ်ဘူး။ ခုက ပိုရစ်လာတယ်။ ဘာလို့ဆို စအဖဘက်က အကောင်ကြီးကြီးတစ်ကောင် ဒီနေ့စပြီး ရုံးထိုင်တယ်။ မှတ်ပုံတင်တွေက သက်တမ်းကြာလို့ မျဉ်းစောင်း(/)တွေရှေ့က မြို့နယ်တွေ မှိန်ကုန်၊ ပျက်ကုန်တာဆို ပိုက်ဆံမပေးမချင်း မပြီးတော့ဘူး။ ပြီးတော့ စစ်ဆေးတာကြမ်းတာက မှတ်တမ်းတွေ သူတို့မှာရှိတယ်လေ။ ဒီနေ့ နေ့လယ်တင် လက်မှတ်သက်တမ်း လာတိုးတဲ့ ယောင်္ကျားလေးနှစ်ယောက် ၅၀၅ (က) ရှိထားလို့ဆိုပြီး တစ်ခါတည်းဆွဲထုတ် ကားပေါ်တင်သွားတယ်” ဟု လက်မှတ်သက်တမ်းလာတိုးသူတစ်ဦးက ၎င်းမျက်မြင်ကြုံတွေ့ရသည့်အကြောင်း CJ Platform သို့ပြောသည်။

 

စစ်ကောင်စီမှ ကားပေါ်တင် ခေါ်ဆောင်သွားသည့် အမျိုးသားနှစ်ဦး မည်သူမည်ဝါဖြစ်သည်ကို CJ Platform မှ လိုက်လံစုံစမ်းလျက်ရှိပြီး လက်ရှိအခြေအနေတွင် ၎င်းတို့၏ အခြေအနေနှင့် မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

 

မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ တရားဝင်သွားရောက်လိုသူများအနေဖြင့် (၇)ရက်သက်တမ်းရှိ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်(ခေါ်)တံတားကူးလက်မှတ်ကို ချစ်ကြည်ရေးတံတားအနီးရှိ မြန်မာလူဝင်မှုကြီးကြပ်ရေးဌာန(လဝက)ရုံးတွင် ထုတ်ယူရပြီး ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ခြမ်း တံတားထိပ်ရှိ ထိုင်းလဝက စစ်ဆေးရေးဂိတ်တွင် Immigration Control Card(ခေါ်) White Card ထပ်မံရယူရသည်ဟု တံတားကူးလတ်မှတ်ဖြင့် မဲဆောက်မြို့တွင်း နေထိုင်သူများက ရှင်းပြသည်။

 

စစ်ကောင်စီက ယခုသတင်းဖော်ပြချိန်ထိ တံတားကူးလက်မှတ်ပြုလုပ်ရန် တန်းစီစောင့်ဆိုင်းနေသူများထဲမှ စစ်မှုထမ်းရန် ၎င်းတို့ သတ်မှတ်ထားသည့် အရပ်အမောင်း၊ အသက်အရွယ်ရှိသည်ဟု ယူဆရသူများကို ဆွဲထုတ်ကာ ခေါ်ဆောင်နေသည်ဟု လူမှုကွန်ရက်တွင် ရေးသားဖော်ပြမှုများရှိနေသော်လည်း CJ Platform မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

 

ဓာတ်ပုံ-လူမှုကွန်ရက်