ထိုင်း-ကမ္ဘောဒီးယားအကြား အပြန်အလှန် ပစ်ခတ်မှုတွေ စတင်၊ စစ်အခြေစိုက်စခန်းတွေအပြင် အရပ်ဘက်နေရာတွေပါ ထိခိုက်

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာရှိတဲ့ ထိုင်းစစ်အခြေစိုက်စခန်းတွေကို ကမ္ဘောဒီးယားစစ်တပ်က ဒီနေ့ ဇူလိုင် ၂၄ ရက်မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် နှစ်ဖက်စစ်ရေးတင်းမာမှုနေတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ထိုင်းနယ်စပ် ဆူရင်ခရိုင်အတွင်းက စစ်အခြေစိုက်စခန်းတွေကို ကမ္ဘောဒီးယားစစ်တပ်က တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကမ္ဘောဒီးယားနယ်စပ် Chong Arn Ma မှာရှိတဲ့ စစ်အခြေစိုက်ကိုလည်း ထိုင်းလေတပ်က ဗုံးကြဲတိုက်ခိုက်မှု ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။
ကမ္ဘောဒီးယားစစ်တပ်က BM-21 ဒုံးလက်နက်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့် Sisaket ခရိုင် Ban Phue မြို့မှာရှိတဲ့ PTT ဓာတ်ဆီဆိုင်နဲ့ 7 Eleven ဆိုင် မီးလောင်ပျက်စီးခဲ့သလို ကျောင်းသားကျောင်းသူတွေနဲ့ ဒေသခံအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့လည်း အမှတ် ၂ တိုင်းစစ်ဌာနကလည်း ထုတ်ပြန်ထားပါတယ်။
ဒီနေ့မနက် ၇ နာရီခွဲဝန်းကျင်မှာလည်း Surin ခရိုင် Phanom Dong Rak မှာရှိတဲ့ Ta Muen Thom ဘုရားကျောင်းအနီးမှာ ကမ္ဘောဒီးယားစစ်တပ် မောင်းသူမဲ့လေယာဉ်တစ်စင်း လှည့်ပတ်ပျံသန်းနေတာကိုလည်း တွေ့ခဲ့ရတယ်လို့ ထိုင်းစစ်တပ်ကလည်း ပြောပါတယ်။
ထိုင်း-ကမ္ဘောဒီးယားနယ်စပ် နှစ်နိုင်ငံ စစ်ရေးတင်းမာမှုအရှိန် မြင့်တက်လာပြီး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကမ္ဘောဒီးယားနယ်စပ်မှာရှိတဲ့ ဒေသခံပြည်သူတွေလည်း မော်တော်ယာဉ်တွေနဲ့ နေရပ်စွန့်ခွာတိမ်းရှောင်နေကြပါတယ်။
ဓာတ်ပုံ – The Nation