ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီကို တရားဝင်မှုမပေးသင့်ဘူးလို့ အမေရိကန်ပြော

စစ်ကောင်စီကျင်းပဖို့ ပြင်ဆင်နေတဲ့ရွေးကောက်ပွဲကို ထိုင်းအစိုးရအနေနဲ့ အားမပေးသင့်သလို စစ်ကောင်စီကို တရားဝင်မှုမပေးသင့်ဘူးလို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်မယ့် Sean O’Neill က ပြောပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာသံအမတ်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အဆိုပြုထားတဲ့ Sean O’Neill က ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံ စစ်ရေးတင်းမာမှုအခြေအနေနဲ့ပတ်သက်ပြီး ပြောဆိုချိန် မြန်မာ့အရေးကိစ္စကိုလည်း ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“ထိုင်းအနေနဲ့ အိမ်နီးချင်းမြန်မာစစ်တပ် (စစ်ကောင်စီ) ကို တရားဝင်မှု အထောက်အပံ့အကူအညီတွေ မပေးသင့်ပါဘူး။ နိုင်ငံရဲ့ ၅၀ ရာခိုင်နှုန်းကျော်ပါဝင်မှုမရှိတဲ့အပြင် အတိုက်အခံခေါင်းဆောင်တွေကို ဖမ်းဆီးထားပြီးမှ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ရှက်စရာကောင်းတဲ့ ရွေးကောက်ပွဲသာဖြစ်တယ်” လို့ Sean O’Neill က ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိတဲ့ ထိုင်းနိုင်ငံက စစ်ကောင်စီရွေးကောက်ပွဲအတွက် လိုအပ်တဲ့အကူအညီတွေပေးသွားမယ်လို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၆ ရက် နေပြည်တော်မှာ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်နဲ့တွေ့ဆုံချိန် ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီအပေါ်ထားရှိတဲ့ အမေရိကန်မူဝါဒ ပြောင်းလဲခြင်းမရှိသလို စစ်ကောင်စီအနေနဲ့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး အကောင်အထည်ဖော်ဖို့အပါအဝင် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို အတားအဆီးမရှိ ခွင့်ပြုပေးဖို့လိုအပ်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဘီဘီစီသတင်းဌာနကို ဖြေကြားထားပါသေးတယ်။
အခုလ ဇူလိုင် ၂၂ ရက်ကလည်း အမေရိကန်အောက်လွှတ်တော် ဘဏ္ဍာရေးကော်မတီက စစ်ကောင်စီ မြန်မာ့စီးပွားရေးဘဏ်နဲ့ လေယာဉ်ဆီတင်သွင်းနေတဲ့ကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူမယ့်ကိစ္စရပ်တွေအပါအဝင် မြန်မာစစ်ကောင်စီကို အရေးယူမယ့်ဥပဒေကြမ်းသုံးခုကို ဆွေးနွေးအတည်ပြုခဲ့ပါသေးတယ်။
သက်ဆိုင်သူအားလုံးမပါဝင်တဲ့ ရွေးကောက်ပွဲကို စစ်ကောင်စီက ကျင်းပဖို့လုပ်ဆောင်နေတာဟာ လက်ရှိမြန်မာနိုင်ငံရေးအတွက် အဖြေမဟုတ်သလို ထူးခြားမှုရှိလာမှာမဟုတ်ဘူးလို့ ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးအပြီးမှာ အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံက ထုတ်ပြန်ထားပါတယ်။
ကိုးကား – CNA
ဓာတ်ပုံ – AFP