ထိုင်းနိုင်ငံအနောက်ပိုင်းတွင် ခရီးသည်များ တင်ဆောင်လာသော နှစ်ထပ်ကားတစ်စီး တိမ်းမှောက်၊ မြန်မာ တချို့ အပါအဝင် (၁၄)ဦး သေဆုံးကာ (၃၀)ကျော် ဒဏ်ရာရ

Author လင်းနွေဦး
Categories
Published on Dec 06, 2023

ထိုင်းနိုင်ငံအနောက်ပိုင်း Prachuap Khiri Khan(ပရာခအပ် ခရီခန်) ပြည်နယ်ရှိ Hat Wanakorn (ဟက်ထ် ဝါနာခွန် )အမျိုးသားပန်းခြံအနီး အဝေးပြေးလမ်းမ တစ်နေရာတွင် ခရီးသည်များ တင်ဆောင်လာသော နှစ်ထပ် ဘတ်စ်ကား တစ်စီး တိမ်းမှောက်ခဲ့ကြောင်း The Associated Press Media မှ ဖော်ပြသည်။

 

ခရီးသည် (၄၉)ဦးတင်ဆောင်လာသော ယင်းနှစ်ထပ် ဘတ်စ်ကားမှာ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက် မှ တောင်ပိုင်းရှိ Songkhla( ဆွန်ခလ)ပြည်နယ်သို့ ထွက်ခွာလာချိန် ဒီဇင်ဘာ (၅)ရက်နေ့ အင်္ဂါနေ့ အစောပိုင်း၌ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ထိုင်းနယ်မြေခံရဲများ၏ ပြောပြချက်အရ ဘစ်ကားသည် လမ်းပေါ်မှ ချော်ထွက်ကာ ဟက်ထ် ဝါနာခွန် အမျိုးသားပန်းခြံ အနီး ကားလမ်းဘေးရှိ သစ်ပင်အား ဝင်ဆောင့်မိပြီးနောက် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မောင်းနှင်သူ ယာဉ်မောင်းမှာ ဆိုးရွားစွာ ဒဏ်ရာရခဲ့သော်လည်း အသက်ရှင်ခဲ့ကြောင်း၊ စီးနင်းလိုက်ပါသူ ခရီးသည် (၄၉) ဦးအနက် (၁၄)ဦး သေဆုံးကာ ပါဝင်ပြီး ကျန် (၃၀)ကျော်မှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဟေးရ်ယန် ရဲစခန်း၏ စခန်းမှူးဖြစ်သူ Weerapat Ketesa( ဝီရပတ် ကီတက်ဆ) ကမူ “ ယာဉ်မောင်းက မောင်းနှင်းနေရင်း အိပ်ပျော်သွားပုံရတယ် လို့ ယူဆပါတယ်၊ ဒါပေမဲ့လည်း အရက်သောက်ထားခြင်း ရှိမရှိ ဆိုတာကိုတော့ သွေးအဖြေယူထားပြီး ရလဒ်ကို စောင့်ဆိုင်းနေပါတယ်” ဟု AP media သို့ ပြောကြားသည်။

 

ဝီရပတ်မှ ထပ်မံ၍ နယ်မြေရဲများမှလည်း ဘစ်ကားတိမ်းမှောက်သည့် အကြောင်းအား စုံစမ်းစစ်ဆေးနေကြပြီး သေဆုံးသူများထဲတွင် ထိုင်းအများစုနှင့် မြန်မာနိုင်ငံသား တချို့ပါဝင်ကြောင်း  ဒဏ်ရာရရှိသူ စုစုပေါင်း(၃၅) ဦးအား အနီးရှိ ဆေးရုံများသို့ ဆဝန်ရမ်ဂရီအန် လူမှုကူညီကယ်ဆယ်ရေးအသင်း၏ အကူအညီဖြင့် ကယ်ဆယ်ကာ ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

 

ထိုင်းနိုင်ငံ၏ လမ်းမများတွင် လုံခြုံရေးစံနှုန်းများ နည်းပါးနေပြီး ပြီးခဲ့သာ့် ၂၀၂၂ ခုနှစ် အတွင်းတွင် ထိုင်းအဝေးပြေး လမ်းမများပေါ်၌ အသက်ဆုံးရှုံးခဲ့ရသည့် ခရီးသည် အရေအတွက်မှာ (၁၅,၀၀၀)ထက် မနည်းရှိခဲ့ကြောင်း နိုင်ငံ၏မတော်တဆမှုများ အချက်အလက်စုဆောင်းရေးဌာန၏ စာရင်းအရ သိရသည်ဟု BBC media ၌ ဖော်ပြထားသည်။

 

ဓာတ်ပုံ- The Associated Press