ထိုင်းနိုင်ငံသို့တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသူများအား အရေးယူမည်ဟု ထိုင်းဝန်ကြီးချုပ်ပြောကြား ထိုင်းဗီဇာလျှောက်ထားမှုကိုလည်း အွန်လိုင်းက လက်ခံဆောင်ရွက်သွားမည်

Author လင်းနွေဦး/YZ
Categories
Published on Feb 20, 2024

စစ်မှုထမ်းဥပဒေ ထွက်ပေါ်လာပြီးနောက် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်မှုများ တိုးမြင့်လာသည့်အပေါ် တရားမဝင်လမ်းကြောင်းမှဝင်ရောက်လာမှုများအား အရေးယူမည်ဟု ထိုင်းဝန်ကြီးချုပ် ပြောကြားပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးတွင် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှု အရေအတွက်အား အွန်လိုင်းစနစ်ဖြင့်တိုးမြင့်လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနများနှင့် ပြည်တွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

 

စစ်မှုထမ်းဥပဒေအား စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် လာမည့် ဧပြီ သင်္ကြန်ရုံးပိတ်ရက်များအပြီးမှာ စတင်အကောင်အထည်ဖော်မည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၁၃ ရက်၌ BBC(မြန်မာပိုင်း)သတင်းဌာနသို့ ပြောဆိုခဲ့သည်။

 

ယင်းကဲ့သို့စစ်မှုထမ်းဥပဒေပြဌာန်းမှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသို့ လူငယ်အများအပြား ပုံစံမျိုးစုံဖြင့်ဝင်ရောက်လာမှုများရှိခဲ့ရာ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသူတစ်ချို့အား ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထိုင်းအာဏာပိုင်အဖွဲ့အစည်းများက ဖမ်းဆီးမှုများလည်းရှိခဲ့သည်။

 

“ထိုင်းနိုင်ငံတွင်းသို့ တရားဝင် လာရောက်တာမျိုးကို ကြိုဆိုပါတယ်။ တရားမဝင် ဝင်ရောက်နေထိုင်တာမျိုးတွေကိုတော့ လက်မခံဘဲ ဥပဒေအရ အရေးယူတာတွေ လုပ်ဆောင်ပါမယ်။ ဒီကိစ္စကို သက်ဆိုင်ရာ အဆင့်တွေအလိုက် ညွှန်ကြားထားပြီး လုံခြုံရေး အေဂျင်စီ တွေနဲ့လည်း ဆွေးနွေးတိုင်ပင်ထားတာတွေ ရှိပါတယ်”ဟု သတင်းစာရှင်းလင်းပွဲအတွင်း ဒေသမီဒီယာများသို့ ပြောကြားခဲ့ကြောင်း နိုင်ငံတကာမီဒီယာများတွင် ဖော်ပြသည်။

ထိုသို့အခြေအနေများကြောင့် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ကာ ဗီဇာရရှိရန် လျောက်ထားမှုများပြားသဖြင့် အွန်လိုင်းမှတဆင့် ဗီဇာ ရက်ချိန်း ရယူခြင်း(VABO)စနစ်နှင့် လူကိုယ်တိုင်လာရောက်တန်းစီကာ ဗီဇာရက်ချိန်းရယူခြင်း စသည့်နည်းလမ်းနှစ်မျိုးဖြင့် စီစဉ်ဆောင်ရွက်နိုင်ရန်စီစဉ်ထားရှိပြီး နည်းလမ်းတစ်မျိုးစီအတွက် တစ်ရက်လျှင် တုံကင်နံပါတ် ၂၀၀နှုန်းဖြင့် လျှောက်ထားခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

 

အွန်လိုင်းမှ လျှောက်ထားမှုအတွက် ထုတ်ပြန်ကြေညာပြီးနောက် ဖေဖော်ဝါရီ ၂၂ ရက်(ကြာသပတေး)နေ့မှ စတင်ကာ ရက် ၃၀ ကြိုတင်ရယူနိုင်မည်ဖြစ်ပြီး လူကိုယ်တိုင်လာရောက် တန်းစီရက်ချိန်းယူမှုအတွက် ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ ရက်များအတွက် တုံကင်နံပါတ်များပေးဝေမည်ဖြစ်ကာ လူကိုယ်တိုင်လာရောက် လျောက်ထားမှု ပမာဏအား စီစစ်၍ အွန်လိုင်းမှ ဗီဇာရယူခြင်း(VABO) စနစ်သို့ထပ်မံပြောင်းလဲသွားရန် ရှိမရှိကို အကြောင်းကြားပေးသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ ဆိုသည်။

 

ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ရန်စီစဉ်ထားရှိမှုအခြေအနေနှင့်ပတ်သက်၍ “ကျွန်​တော့် သမီးအငယ်ကို မဲဆောက်ဘက်အရင်ပို့ပြီး ကျွန်တော် သင်္ဘောကပြန်ရောက်တာနဲ့ မိသားစုလိုက် ထိုင်းကို ပြောင်းနေဖို့ စီစဉ်နေတယ်”ဟု လက်ရှိ နိုင်ငံခြား သင်္ဘောလိုင်းတစ်ခု၌ လုပ်ကိုင်နေသည့် အသက် ၄၅ နှစ်အရွယ် အမျိုးသား တစ်ဦးမှ CJ Platform သု့် ပြောသည်။

 

လက်တလောတွင် မြန်မာနိုင်ငံတွင်း၌ စစ်ကောင်စီက စစ်မှုထမ်းဥပဒေအား စနစ်တကျ အကောင်အထည်ဖော် အသက်သွင်းရန် စီစဉ်နေသည့်အတွက် အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံရပ်ခြားဒေသများသို့ ထွက်ခွာလိုသူများ များပြားလာမှုကြောင့် မြန်မာနိုင်ငံတွင်းရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရာ ပတ်စ်ပို့ရုံးများ၊ သံရုံးများရှေ့တွင် တန်းစီလျှောက်ထားမှုအရေအတွက် အဆမတန်များပြားလာမှုကြောင့် ယမန်နေ့ ဖေဖော်ဝါရီ ၁၉ ရက်တွင် မန္တလေးပတ်စ်ပို့ရုံး၌ လူအုပ်ပိမိ၍ အမျိုးသမီးနှစ်ဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။