ထိုင်းနိုင်ငံမှာ မြေပြိုမှုကြောင့် လမ်းမကြီးတွေ ပိတ်ဆို့နေ

Author CJ Platform
Categories
Published on Jul 14, 2025

ထိုင်းနိုင်ငံ နန်းခရိုင်၊ နာနွိုင်မြို့နယ်အတွင်းက အဓိကလမ်းမကြီးနှစ်ခုဖြစ်တဲ့ အဝေးပြေးလမ်းမအမှတ် ၁၀၈၃ နဲ့ ၁၂၄၃ တို့ဟာ မြေပြိုမှုနဲ့ မြေဆီလွှာ ပြင်းထန်စွာတိုက်စားခံရမှုတို့ကြောင့် သွားလာလို့ မရတော့ဘူးလို့ ထိုင်းအဝေးပြေးလမ်းဦးစီးဌာနက တနင်္ဂနွေနေ့မှာ အတည်ပြုခဲ့တာကို ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

အဝေးပြေးလမ်းမအမှတ် ၁၂၄၃ ရဲ့ ကီလိုမီတာတိုင် ၄၉ အနီးမှာ မြေပြိုမှု ဖြစ်ပွားခဲ့လို့ ဟွေဖိုင်-ဟတ်ရိုင်လမ်းမှာ လုံးဝ ပိတ်ဆို့သွားခဲ့ပါတယ်။

 

တစ်ချိန်တည်းမှာပဲ အဝေးပြေးလမ်းမအမှတ် ၁၀၈၃ ပေါ်က ဟွေခမ်းတံတားနဲ့ ကန်လောင်တံတားတွေရဲ့ ချဉ်းကပ်လမ်းတွေဟာလည်း မိုးသည်းထန်မှုကြောင့် တံတားအောက်ခြေ မြေတွေ တိုက်စားခံရကာ ပြိုကျခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီဖြစ်စဉ်တွေကြောင့် တာဝန်ရှိသူတွေက မော်တော်ယာဉ်မောင်းတွေကို အခြားလမ်းကနေ သွားလာဖို့ တိုက်တွန်းထားပါတယ်။

 

လက်ရှိမှာ ပြုပြင်ရေးအဖွဲ့တွေက အပျက်အစီးတွေကို ရှင်းလင်းပြီး လမ်းမကြီးတွေကို အမြန်ဆုံးနဲ့ ဘေးကင်းစွာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

 

Source – The Nation Thailand

 

ဓာတ်ပုံ – The Nation Thailand