ထိုင်းနိုင်ငံက ဆိုက်ဘာရာဇဝတ်မှုအတွက် ကမ္ဘောဒီးယားကို အပြစ်ပုံချနေတယ်လို့ ဆို

ထိုင်းနိုင်ငံဟာ ကိုယ့်နိုင်ငံအတွင်းမှာ ဆိုက်ဘာလိမ်လည်မှု၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုတွေ အတွက် အဓိကနေရာတစ်ခု ဖြစ်နေတာကို လျစ်လျူရှုပြီး၊ အရှေ့တောင်အာရှရဲ့ ဆိုက်ဘာရာဇဝတ်မှု ပြဿနာအတွက် ကမ္ဘောဒီးယားနိုင်ငံကို လက်ညှိုးထိုး အပြစ်ပုံချနေတဲ့ ပုံစံ ဖြစ်နေတယ်လို့ ကမ္ဘောဒီးယားသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ ကမ္ဘောဒီးယားကို ‘အပြစ်တင်ခံ’ အဖြစ် အသုံးချပြီး၊ နိုင်ငံတွင်းမှာ အမြစ်တွယ်နေတဲ့ ရာဇဝတ်ကွန်ရက်တွေ အထူးသဖြင့် နယ်စပ်ဒေသတွေဖြစ်တဲ့ ဆာကဲ၊ ချင်းရိုင်၊ တက်ခရိုင်နဲ့ မဲဆောက်လိုမျိုး အိမ်နီးချင်းနိုင်ငံတွေက လိမ်လည်မှုလုပ်ငန်းတွေအတွက် လူစုဆောင်းရာနဲ့ ပို့ဆောင်ရာ လမ်းကြောင်းအဖြစ် အသုံးချခံနေရတဲ့ ပြဿနာတွေကနေ အာရုံလွှဲဖို့ ကြိုးစားနေတယ်လို့ ထောက်ပြထားပါတယ်။
ဖမ်းဆီးမှုအချို့ရှိပေမယ့်လည်း ထိုင်းအစိုးရဟာ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ ရှိလာမှသာ အရေးယူဆောင်ရွက်လေ့ရှိပြီး၊ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ရာဇဝတ်မှုတွေ ဆက်လက်ကြီးထွားနေတာကို တားဆီးဖို့အတွက် တစိုက်မတ်မတ် အရေးယူဆောင်ရွက်မှု အားနည်းနေတယ်လို့လည်း ဆိုပါတယ်။
ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးမှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ကြိုးပမ်းမှုတွေ ဖြစ်တဲ့ ဝင်ရောက်စီးနင်းမှုတွေ၊ တရားမဝင်နေထိုင်သူတွေကို နေရပ်ပြန်ပို့မှုတွေ၊ ဥပဒေပြုပြင်ပြောင်းလဲမှုတွေနဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေကို နှိုင်းယှဉ်ဖော်ပြထားပါတယ်။
အဲဒီအတွက် နိုင်ငံရေးအရ အပြစ်လွှဲချပြီး သံတမန်ရေး တင်းမာမှုတွေ ဖြစ်အောင်လုပ်နေမယ့်အစား၊ သူတို့လိုမျိုး ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိတဲ့ ချဉ်းကပ်မှုကို ကျင့်သုံးဖို့ ထိုင်းနိုင်ငံကို တိုက်တွန်းထားပါတယ်။
ကမ္ဘောဒီးယားကို အပြစ်တင်နေပြီး ကိုယ့်နိုင်ငံအတွင်းက အားနည်းချက်တွေကို မဖြေရှင်းဘဲနေတာဟာ ဒေသတွင်း ယုံကြည်မှုကို ထိခိုက်စေနိုင်သလို၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို ပူးပေါင်းတိုက်ဖျက်နေတဲ့ ကြိုးပမ်းမှုတွေကိုလည်း အားနည်းသွားစေနိုင်တယ်လို့လည်း ပြောကြားထားပါတယ်။
Source – The Star, The Phnom Penh Post
ဓာတ်ပုံ – The Star