ထားဝယ်အကျဥ်းထောင်မှ နိုင်ငံရေးကျဥ်းသား(၇)ဦး ပြန်လည်လွတ်မြောက်

Author အောင်နိူင်သူ
Categories
Published on Sep 22, 2022

တနင်္သာရီတိုင်း ထားဝယ်အကျဥ်းထောင်မှ နိုင်ငံရေးကျဥ်းသား ခုနှစ်ဦး ပြစ်ဒဏ်လွတ်ရက်စေ့သဖြင့် ယနေ့နံနက်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

ထားဝယ်အကျဥ်းထောင်တွင် ယနေ့ နံနက်ပိုင်းက ပြစ်ဒဏ်လျှော့ချလွတ်ရက်စေ့ဖြင့် နိူင်ငံရေးအကျဥ်းသားလေးဦးနှင့် အကျဥ်းသူသုံးဦး ပြန်လည်လွတ်မြောက်လာသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“အခုပြန်လွတ်လာတဲ့သူတွေက ပြီးခဲ့တဲ့နှစ်က သပိတ်စစ်ကြောင်းမှာ အကြမ်းဖက်ဖြိုခွဲခံရပြီး အဖမ်းခံရတယ် ပုဒ်မ ၅၀၅ (က) တရားစွဲပြီး ထောင်၂ နှစ်ချခံထားရတဲ့သူတွေ “ဟု ရှင်းပြသည်။

ပြန်လည်လွတ်မြောက်လာသူများမှာ ဦးဝင်းဇော်ထိုက်၊ ကိုသန်းထိုက်စိုး ၊ကိုမြတ်မောင်ကျော်၊ ကိုလင်းထက်ကျော်၊ မအိအိမိုး၊ မရတနာမိုး၊ မမိုးမိုးစန်းတို့ဖြစ်သည်ဟု နိူင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက ပြောသည်။

“ကျန်ခဲ့တဲ့ သူတွေလည်း သနားတယ် ကျန်းမာရေးအရဆေးကုသခွင့်မရဘူး နှိပ်စက်တာတွေလည်းရှိတယ်အကုန်လုံးလွှတ်စေချင်တယ်”ဟုပြောသည်။

လက်ရှိအခြေအနေတွင် ထားဝယ်အကျဥ်းထောင်တွင် စစ်ကောင်စီက မတရားဖမ်းဆီးအမိန့်ချထားရသည့် နိုင်ငံရေးကျဥ်းသား ၂၄၀ နီးပါးရှိသည်ဟု နိူင်ငံရေးတက်ကြွ လှုပ်ရှားသူများထံမှ သိရသည်။

Related News

Depend on news