ထားဝယ်အကျဉ်းထောင်က နိုင်/ကျဉ်းတစ်ဦး ထွက်ပြေးရန်ကြံစည်သည်ဟုဆိုကာ စစ်ကောင်စီပစ်ခတ်၍ သေဆုံး

Author လင်းနွေဦး
Categories
Published on Mar 28, 2024

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ ထားဝယ်အကျဉ်းထောင်အတွင်း မတရားအကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟကို စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာန(ထားဝယ်)တပ်ဖွဲ့ဝင်များက ထွက်ပြေးရန်ကြံစည်သည်ဟုဆိုကာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက CJ Platform သို့ပြောသည်။

 

ကိုဝင်းသီဟသည် ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခံခဲ့ရပြီးနောက် မည်သည့်ပုဒ်မများဖြင့် တရားစွဲဆိုထောင်ချခဲ့သည်ကိုရှင်းရှင်းလင်းလင်းမသိရသော်လည်း နိုင်ငံရေးနှင့်ဆက်နွယ်သည့် အကြမ်းဖက်ပုဒ်မများဟု ယူဆရသည့် ပုဒ်မများဖြင့် ထောင်ဒဏ်(၇)နှစ်အထိ ချမှတ်ခံခဲ့ရခြင်းဖြစ်သည်ဟု PPNM က ဆိုသည်။

 

ဘွဲ့ရတစ်ဦးဖြစ်သူ ၎င်းကို အကျဉ်းဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက သက်သေခံပစ္စည်းများ လိုက်ပြရန်ဟု အကြောင်းပြကာ မတ်လ ၁၆ ရက်နေ့တွင် ထောင်တွင်းမှ ခေါ်ထုတ်သွားခဲ့ပြီးနောက် ပြန်လည်ရောက်ရှိခဲ့ခြင်း မရှိတော့ကြောင်း ထောင်တွင်းသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသဖြင့် ထောင်အာဏာပိုင်များသို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ထွက်ပြေးရန်ကြံစည်သဖြင့် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးစဉ် သေဆုံးသွားကြောင်း ထားဝယ်အကျဉ်းဦးစီးဌာနမှ ပြောကြားသည်ဟု ကိုသိုက်ထွန်းဦးက ဆိုသည်။

 

“ကိုဝင်းသီဟ သတ်ဖြတ်ခံရတဲ့အပေါ် ထောင်တွင်းမှာလည်း သတင်းအမှောင်ချခံထားရတယ်။ မိသားစုထံ စာပို့အကြောင်းကြားတာ၊ ဖုန်းဆက်တာမျိုးလည်း မရှိဘူး။ ထွက်ပြေးလို့ ပစ်ခတ်ရင်းသေဆုံးတယ်ဆိုတာက သူတို့(စစ်ကောင်စီ)ဘက်က တမင် ဒီလိုမျိုး နိုင်/ကျဉ်းတွေကို သတ်ဖြတ်ချင်တဲ့အခါ ပေးတဲ့အကြောင်းပြချက်မျိုး အဖြစ်တောင် ဖန်တီးထားတဲ့အခြေအနေဖြစ်နေပါပြီ။ ယုတ္တိလည်း မရှိပါဘူး” ဟု ကိုသိုက်ထွန်းဦးက CJ Platform သို့ပြောသည်။

 

၎င်းအသတ်မခံရမီ မတ်လ ၁၅ ရက်နေ့တွင် ထားဝယ်အကျဉ်းထောင်အတွင်း လက်ကိုင်ဖုန်းတွေ့ရှိသည်ဟုဆိုကာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့(စအဖ)မှတပ်ဖွဲ့ဝင်များ ထောင်တွင်းဝင်ရောက်စီးနင်းရှာဖွေမှုများလည်းရှိခဲ့ပြီး စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ အကျဉ်းသား နှစ်ဦးကို အချုပ်ခန်းအတွင်းမှ ခေါ်ထုတ်သွားကြောင်း ကိုသိုက်ထွန်းဦးက ဆိုသည်။

 

စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသားများအပေါ် ယခုကဲ့သို့ ထွက်ပြေးရန် ကြံစည်သည်ဟုအကြောင်းပြ၍ ပစ်ခတ်သတ်ဖြတ်မှုများကို အစဉ်တစိုက်ပြုလုပ်နေသည်။

 

၂၀၂၃ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က စစ်တပ်ထောက်ခံအားပေးသူ ဒေါ်လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်သူများဟု စွပ်စွဲခံရသူ ကိုကောင်းဇာနဟိန်း(ခ)လပြည့်နှင့် ကိုကျော်သူရ(ခ)အီးတီတို့ကို မြောက်ဒဂုံမြို့နယ် မောင်းမကန်လမ်းတွင် သက်သေခံပစ္စည်းများကို လိုက်ပြခိုင်းရာတွင် ထွက်ပြေးရန်ကြံစည်သည်ဟုအကြောင်းပြ၍ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း စစ်ကောင်စီနှင့် လက်အောက်ခံ သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။

 

အလားတူ ယခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့တွင်လည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မနိုဘယ်အေးနှင့် ကိုအောင်ကိုဟိန်း(ခ)ကိုလေးခွင်းတို့ကို ပဲခူးတိုင်း၊ ဝေါမြို့နယ်တရားရုံးမှ ရုံးထုတ်ပြီးအပြန်လမ်းတွင် ထွက်ပြေးရန် ကြံစည်သည်ဟုဆိုကာ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်ခဲ့သည်။